သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် ဆန္ဒပြသူ သုံးဦးအထိ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အထွေထွေသပိတ်စတင်ရန် လူစုနေချိန် အာဏာသိမ်းစစ်တပ်က ယနေ့ (မေ ၂) နံနက်အစောပိုင်း၌ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသားသုံးဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သပိတ်တွင်ပါဝင်သည့် ဒေသခံများထံမှ သိရသည်။

အသက် ၂၂ နှစ် အရွယ် မှတ်ထိရွာသား ကိုမင်းဇင်ဦး ကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ကာ ၎င်း၏ရုပ်အလောင်းကို  စစ်သားနှင့် ရဲများက ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်က အလောင်းမရဘူး။ သူတို့ ဆွဲသွားတယ်။ နောက်တစ်ယောက်က ဆေးရုံပို့မယ့်ဆဲဆဲ လက်ပေါ်မှာပဲ ဆုံးသွားတာ” ဟု ၎င်းဒေသခံက ပြောသည်။

ကိုမင်းဇင်ဦး၏ ဦးလေးဖြစ်သူကမူ တူဖြစ်သူ၏ ရုပ်အလောင်း ပြန်ရခဲ့သည်ဟု ပြောသည်။

ဦးခေါင်းနောက်စေ့တွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး နဖူးနှင့် လက်တို့တွင်လည်း ရိုက်နှက်ခံထားရမှုကြောင့် ရရှိသည်ဟု ယူဆရသော ဒဏ်ရာများကို တွေ့ရကြောင်း ဦးလေးဖြစ်သူက ပြောသည်။

“အပစ်ခံရပြီးကတည်းက သေသွားတာထင်တယ်၊ ကျွန်တော်တို့ ဆေးရုံကို (နေ့လယ် တစ်နာရီခန့်) ရောက်တော့ အလောင်းက တော်တော်တောင့်နေပြီ” ဟု ၎င်းကဆိုသည်။

မွန်းလွဲပိုင်းတွင် ကိုမင်းဇင်ဦး၏ ရုပ်အလောင်းကို ဝက်လက်ပြည်သူ့ဆေးရုံမှ မှတ်ထိရွာသို့ ပြန်သယ်သွားပြီး နေ့တွင်းချင်း မြေမြှုပ်ရန် စီစဉ်ထားသည်ဟု ဦးလေးဖြစ်သူက ပြောသည်။

နောက်ထပ်တစ်ဦးမှာ အောင်ချမ်းသာရွာမှ အသက် ၂၄ နှစ်အရွယ် ကိုသီဟအောင်ဖြစ်ပြီး ဗိုက်မှ ကျည်ထိဒဏ်ရာကို ကုသရန် မန္တလေးမြို့သို့ ပို့ဆောင်ရာတွင် ဆေးခန်းတစ်ခု၌ သေဆုံးခဲ့ကြောင်း မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုကပြောသည်။

ဝက်လက်မြို့ပေါ်တွင် နေထိုင်သူ ၄၂ နှစ်အရွယ် ဦးဇော်ဦးမှာ နောက်ကျောမှ ရင်ဘတ်သို့ ထုတ်ချင်းပေါက် ကျည်ထိခဲ့ပြီး ၎င်းကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာရှင်အား ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် မေ ၂ တွင် ပြည်တွင်းပြည်ပ မြန်မာပြည်သားများ ဆန္ဒပြနေကြရာ ဝက်လက်မြို့တွင်လည်း ဒေသခံတို့က လမ်းပေါ်တွင် စုဝေးလာကြခြင်း ဖြစ်သည်။ 

“၈ နာရီခွဲလောက်မှာ စပစ်တာ။ အထွေထွေသပိတ် ဆန္ဒပြဖို့ လူစုတာ၊ မထွက်ခင်မှာ ရာဘာကျည် အချက်ပေါင်းမနည်းဘူး။ အဲဒါကို လူတွေက ပြိုမသွားတော့ ကျည်အစစ်နဲ့ပစ်တာ။ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားရတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ ၈ ဦးကို ဆေးကုသရန် လုံခြုံသည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက် “၂ ငါးလုံး” ဆန္ဒပြပွဲတွင် လူဦးရေသောင်းချီ စုဝေးနိုင်ခဲ့သော ဝက်လက်မြို့တွင် ယင်းနေ့နောက်ပိုင်း ပြောက်ကျားဆန္ဒပြနိုင်ခဲ့ပြီး ကျေးရွာလူထု လူအင်အားထောင်ချီဖြင့် ပြန်လည်စုဝေးသည့် ယနေ့တွင် ပစ်ခတ်ဖြိုခွင်းခံရခြင်း ဖြစ်သည်။

ကနဦးသတင်းများတွင် သေဆုံးသူ နှစ်ဦးရှိသည်ဟု Myanmar Now က ဖော်ပြခဲ့သော်လည်း ညနေပိုင်းတွင် သေဆုံးသူအရေအတွက် သုံးဦးအထိ ရှိလာသည်ဟု သိရသည်။

၀က်လက်မြို့နယ်အတွင်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၁) အထိ စစ်ကောင်စီလက်နက်ကိုင်များက ၇၅၉ ဦးကို ပစ်သတ်ခဲ့ပြီး လူ ၄၆၀၀ ခန့်ကို ထိန်းသိမ်းထားသည်။

AAPP ၏ စာရင်း မှားယွင်းနေကြောင်း၊ စာရင်းထဲရှိ ၇ ဦးမှာ ၎င်းတို့လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ သတင်းစာများတွင် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုသည်။

ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင်မူ စစ်ကောင်စီပြောခွင့်ရအရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦးအပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

Show More

Related Articles

Back to top button