သတင်း

မော်လမြိုင်တွင် ဘဏ်ငွေထုတ်ရန် တန်းစီနေသူများကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်

ယနေ့ (ဧပြီ ၂၉) မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ Ocean ဈေးဝယ်စင်တာရှိ ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ရန် တန်းစီနေသူများကို စစ်ကောင်စီလက်နက်ကိုင်တစ်ဦးက သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

“လူအုပ်က အရမ်းများနေလို့ လူကတိုးနေလို့ မပြောနိုင်လို့ သေနတ်ဖောက်လိုက်တယ်။ တစ်ချက်ဖောက်လိုက်တယ်လို့ ပြောကြပါတယ်” ဟု မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ရုပ်သံဖိုင်တစ်ခုတွင် ဘဏ်ရှေ့တွင် လူရာနှင့်ချီ စောင့်ဆိုင်းနေပြီး ရဲတစ်ဦးအနီးတွင် အရပ်ဝတ်နှင့်လူက တန်းစီသူများကို လက်ညှိုးထိုးကာ “အဲ့နားက ဘာတွေလဲ နောက်ဆုတ်ဆို၊ ပစ်မှာနော် ဆုတ်” ဟု အော်ဟစ်ပြောဆိုနေသည်ကို တွေ့ရသည်။ 

မော်လမြိုင်မြို့ရှိ ဘဏ်များတွင် ငွေထုတ်ယူရန် နေ့စဉ် နံနက် ၄ နာရီခန့်မှစ၍ တိုကင်ရယူရန်ပင် တန်းစီစောင့်ဆိုင်းနေရကြောင်း မြို့ခံများက ပြောသည်။

တိုကင်မှာ မေလ ၃ ရက်နေ့အထိသာ ရှိတော့သည်ဟု ဘဏ်များရှေ့တွင် စာကပ်ထားပြီး တိုကင်ရပြီးမှသာ မိမိငွေထုတ်မည့်ရက်ကို သိရပြီး ငွေထုတ်ရန် နောက်ထပ်တစ်ခါ တန်းစီရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ATM စက်တွေမှာ ပိုက်ဆံမရှိပါ။ ကျွန်တော်ကိုယ်တိုင် မြို့ပတ်ပြီး လိုက်ထုတ်သေးတယ် မရပါ။ ATM မှာ ပိုက်ဆံမရှိတော့ တော်တော်များများ ဒုက္ခရောက်တယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

မော်လမြိုင်မြို့တွင်သာမက ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များရှိ ဘဏ်များတွင် ငွေအပ်နှံသူမရှိဘဲ ငွေထုတ်သူသာ တစ်နေ့တခြား ပိုမိုများပြားလျက်ရှိသည်။ 

ဘဏ်များက ငွေထုတ်ယူသည့်ပမာဏကို မတ်လ ၁ ရက်မှစ၍ ကန့်သတ်ခဲ့ပြီး တဖြည်းဖြည်းလျှော့ချလာကာ လက်ရှိတွင် လူတစ်ဦးချင်းအနေဖြင့် တစ်ပတ်လျှင် အများဆုံး ကျပ် ၁၀ သိန်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ ထုတ်ယူခွင့်ရတော့သည်။ 

မေလ ၃ ရက်မှစ၍ ဘဏ်စာရင်းအသစ်ဖွင့်ပြီး ငွေသားအပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ ဘဏ်စာရင်းအသစ်မှ ငွေပြန်ထုတ်လိုပါက အပ်နှံထားသောငွေများကို အကန့်အသတ်မရှိထုတ်ယူခွင့်ပြုမည်ဟု ဗဟိုဘဏ်က ဧပြီ ၂၈ တွင် ထုတ်ပြန်ကြေညာထားသည်။

Show More

Related Articles

Back to top button