အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးမြို့ပစ်ခတ်မှုတွင် CDM စစ်သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့၊ ကွန်းတောင်းတံတားအနီး ယမန်နေ့ ဧပြီ ၂၇ ရက်ညက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။ 

ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်က ကွန်းတောင်းတံတားအနီးတွင် လုံခြုံရေးစောင့်နေသည့် ပြည်သူများနှင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်များတွေ့ကာ အပြန်အလှန်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုကြောင့် CDM တွင် ပါဝင်နေသည့် အသက် ၃၀ ကျော်အရွယ် စစ်သားမှာ ရင်ဘတ်ပေါက်ထွက် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များက ရုပ်အလောင်းကောက်ယူသွားသည်ဟု တမူးမြို့လုံခြုံရေးအဖွဲ့ (Tamu Security Group) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

တမူးမြို့လုံခြုံရေးအဖွဲ့သည် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို တုံ့ပြန်ရန် မြို့ခံလူငယ်များက ပြီးခဲ့သည့် မတ်လအတွင်းက ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။ 

ကွန်းတောင်းတံတားအနီး အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီက ပစ်ခတ်နေချိန် ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်စွဲထားရာ နေရာတစ်ခုဖြစ်သည့် တမူးမြို့ အာရှလမ်းမပေါ်မှ အိန္ဒိယ – မြန်မာ ချစ်ကြည်ရေး ဆောက်လုပ်ရေးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် လက်နက်ကိုင် ၃ ဦးသေဆုံးသည်ဟု တမူးမြို့ ဒေသခံများက ပြောသည်။ 

“ကွန်းတောင်းမှာဖြစ်တော့ အဲ့ဒီက တပ်က သွားကူတာ။ ဟိုဘက်မှာ အင်အားအလုံးအရင်းနဲ့ ရောက်နေတဲ့အချိန်မှာ ဒီဘက်က အင်အားမျှအောင်လို့ နှစ်ဖက်ခွဲလိုက်တဲ့သဘောပေါ့။ အစောင့်ကျန်ခဲ့တဲ့ ငါးယောက်ကို ပြည်သူဘက်က ပြန်တိုက်တာ။ ၅ ယောက်မှာ ၃ ယောက်ကျတယ်။ ၂ ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။ 

တမူးမြို့ သပိတ်စခန်းများကို ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွဲပြီးနောက် ဆေးရုံ၊ ကျောင်း၊ ရဲစခန်းတို့တွင် လက်နက်ကိုင်များက တပ်စွဲထားသည်။ 

ဧပြီလဆန်းပိုင်းကလည်း CDM ဝင်နေသည့် ရဲတပ်သား ကိုထန်ဟောက်ဂင် ဦးဆောင်ကာ နန်းဖာလုံရဲကင်းကို လက်ပစ်ဗုံးသုံးလုံးဖြင့် ဝင်ရောက်ပစ်ခတ်သည့်အတွက် ရဲ ၅ ဦး သေဆုံးခဲ့သည်။

တမူးမြို့နယ်တွင် လက်နက်ကိုင်များတပ်စွဲပြီး တစ်အိမ်တက်ဆင်း ရှာဖွေဖမ်းဆီးနေသည့်အတွက် တမူးမြို့ခံအများစု အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button