
စစ်အာဏာသိမ်းမှု သုံးလခန့်ကြာမြင့်လာချိန်တွင် စီးပွားရေးလုပ်ကိုင်ရန် ဗွေဆော်ဦးဆောင်ရွက်ရသည့် ကုမ္ပဏီအသစ်မှတ်ပုံတင်မှု ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါထိန်းချုပ်သည့် ကာလဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်အာဏာမသိမ်းမီ ၃ လက လစဉ် ကုမ္ပဏီအသစ် ၆၀၀ မှ ၁,၅၀၀ ကြား မှတ်ပုံတင်ခဲ့သော်လည်း စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှစ၍ လစဉ် ကုမ္ပဏီအသစ်မှတ်ပုံတင်မှု ၁၀၀ မှ ၂၀၀ သာရှိကြောင်း DICA စာရင်းများတွင် တွေ့ရသည်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီက ကုမ္ပဏီအသစ် ၁၅၆၄၊ ဒီဇင်ဘာက ၁၅၂၀ နှင့် နိုဝင်ဘာက ၆၂၇ ခုမှတ်ပုံတင်ခဲ့ပြီး စစ်အာဏာစသိမ်းမှုဖြစ်ပွားသည့် ဖေဖော်ဝါရီတွင် ကုမ္ပဏီသစ်မှတ်ပုံတင်မှု ၁၈၄ ၊ မတ် ၁၅၉ နှင့် ဧပြီ ၁၇၂ သာရှိကြောင်း DICA ကုမ္ပဏီမှတ်ပုံတင်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
“မယုံတော့တာပေါ့။ ဒီ Business Circle ကြီးကို ကမ္ဘာက မယုံတော့ဘူးဆိုတဲ့အပိုင်း ဖြစ်သွားတယ်။ အရင် စစ်အစိုးရတွေလက်ထက်ကလေ။ စီးပွားရေးမှာရှိတဲ့ ကျင့်ဝတ်တွေနဲ့လုပ်ခဲ့ရတာ မဟုတ်ဘူး။ လက်သင့်ရာစားတော်ခေါ်ကောက်စားဟောက်စားတွေနဲ့ Under Table တွေနဲ့ လုပ်ခဲ့ရတာ။ ဒါမျိုးကို နိုင်ငံတကာကုမ္ပဏီကြီးတွေက လုံးဝလက်သင့်မခံတော့ဘူး” ဟု အမည်မဖော်လိုသည့် စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
အာဏာမသိမ်းမီကာလက မြန်မာ့စီးပွားရေးအလားအလာကို ကြည့်ကာ ထိုင်း၊ ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အိန္ဒိယကုမ္ပဏီများ စသည့်နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များက စီးပွားရေးလုပ်ကိုင်ရန် ကုမ္ပဏီထူထောင်မှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လုံးဝရပ်ဆိုင်းသွားကြောင်း အဆိုပါလုပ်ငန်းရှင်က ဆိုသည်။
“အကုန်လုံးက လူတွေက စိတ်ဓာတ်တွေကျကုန်တာ။ အဓိကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာက Investment တွေက လုံးဝကို ရပ်သွားသလောက်ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။
အာဏာမသိမ်းမီက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၁ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုသည် ၁၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံးဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က မတ် ၂၆ တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၆၀,၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ကိုဗစ်နိုင်တင်းကာလအတွင်း စီးပွားရေးအဆင်မပြေမှုကြောင့် စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကုမ္ပဏီများရှိကြောင်း၊ ယခုအခါ စစ်အာဏာသိမ်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ပြန်လည်ထွက်ခွာဖွယ်ရှိသောကြောင့် အလုပ်သမားများအပေါ် ရိုက်ခတ်နိုင်ကြောင်း လုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
“အလုပ်အကိုင်တွေ ပါးသွားနိုင်တယ်။ အထည်ချုပ်တွေက ၆ လပိုင်းလောက်ဆိုရင် ပိတ်ရမယ့်အနေအထားတောင်ရှိတယ်။ EU တို့ဘာတို့ Sanctions တွေရှိတော့ အထည်ချုပ်တွေက သိပ်မလာကြဘူး။ မလာတာပေါ့။ အော်ဒါမရှိတာပေါ့။ CMP ဆိုတော့ မြန်မာပြည်ကို မအပ်တော့ အလုပ်က သိပ်မရှိဘူး”ဟု ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်သား နှစ်သိန်းနီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ယခုလဆန်းပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။
ရန်ကုန်တွင် အထည်ချုပ်စက်ရုံ အများဆုံးတည်ရှိရာ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာကာ စစ်အာဏာရှင်ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ကုမ္ပဏီနှင့် အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၂၀၁၇နှင့် ၁၉၅၀ အထူးမှတ်ပုံတင်အက်ဥပဒေတို့နှင့်အညီ အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့နှင့် ပြည်ပကော်ပိုရေးရှင်းစသည်ဖြင့် အမျိုးအစားခွဲခြားကာ DICA တွင် MYCO မှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်း DICA ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။