အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု ဖွဲ့စည်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် NCA စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖွဲ့နိုင်ရေး NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့တွင် အရေးပါသူ ပုဂ္ဂိုလ် ၇ ဦးခန့်ပါဝင်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက Myanmar Now ကို ပြောသည်။
NCA စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် ကချင် (KIA)၊ ဝ (UWSA)၊ ရှမ်း (SSPP)၊ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)၊ ရခိုင်(AA)၊ ကရင်နီ (KNPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးနှင့် ဆွေးနွေးနိုင်ရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။
“နောက်နောင် တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းမှာ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) တွေအနေနဲ့ အားကောင်းကောင်းနဲ့ ဆွေးနွေးတဲ့နေရာမှာ တစ်ဖက်က ဆွေးနွေးဖက်တွေနဲ့ ပခုံးချင်းယှဉ်နိုင် တဲ့ အနေအထား၊ အင်အားကောင်းကောင်းနဲ့ စကားပြောနိုင်အောင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းတဲ့ အချိန်ကျရင် အားပြည့်အင်ပြည့်နဲ့ လုပ်နိုင်အောင်ဆိုတဲ့ အနေအထားပါ”ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) မှ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ PPST အစည်းအဝေးကို ဧပြီ ၂၆ နှင့် ၂၇ ရက်တွင် ကျင်းပကာ တပ်ပေါင်းစုဖွဲ့စည်းရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“အခုလုပ်မယ့် အစုအဖွဲ့သစ်က အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင်ဆိုတဲ့ အနေအထားပါ။ ဘယ်အတိုင်းအတာအထိ လုပ်နိုင်မလဲဆိုတာက ဆွေးနွေးညှိနှိုင်းမှုအပေါ်မှာပဲ မူတည်တယ်လို့ နားလည်တယ်လေ။ လောလောဆယ် အစပျိုးလုပ်ဆောင်နေတဲ့ အနေအထားပဲ ရှိပါသေးတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
PPST အစည်းအဝေးအပြီးတွင် ဘုံသဘောထားရပ်တည်ချက် ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမှုသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုးတက်မှုတစ်ရပ်အဖြစ် ကြိုဆိုကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် NUG ကို တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်းကောင်း ပံ့ပိုးဝန်းရံသွားမည်ဖြစ်ကြောင်းလည်း ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေခြင်း ချက်ချင်းရပ်တန့်ရန်၊ တိုင်းရင်းသားပြည်သူများနေထိုင်သော ကျေးရွာများတွင် ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန်လည်း PPST က တောင်းဆိုထားသည်။
လတ်တလောတွင် စစ်ရေးအခြေအနေတင်းမာပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာဒေသများတွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အာဆီယံအပါအဝင် နိုင်ငံတကာ၏ ကြားဝင်ဖျန်ဖြေစေ့စပ်သည့်ကိစ္စကို ကြိုဆိုကြောင်းနှင့် တတ်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း PPST အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် စစ်ကောင်စီဘက်က လက်ရှိအနေအထားတွင် အလျှော့အတင်းလုပ်မည့် အနေအထားမရှိဘဲ ၎င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံအတွင်း ဆက်လုပ်မည်ဟု နားလည်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက သုံးသပ်သည်။
တပ်ပေါင်းစုဖွဲ့နိုင်ရေး အပစ်ရပ်အဖွဲ့များကြိုးပမ်းမည့်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရပေ။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အာဏာသိမ်းစစ်ကောင်စီကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိကာ ဒေသအချို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။