အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး တစ်ဦး ဒဏ်ရာရ၊ ၅ ဦး အဖမ်းခံရ

မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတစ်ခုကို ယနေ့ (ဧပြီ ၂၄) နံနက် ၉ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်များက ဖြိုခွင်းခဲ့ရာ ရပ်ကွက်နေပြည်သူတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ 

မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်တွင် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး သပိတ်စစ်ကြောင်းမှ လူငယ်များ ထွက်ပြေးတိမ်းရှောင်ရာ စိန်ပန်း၊ ရွှေကူ၊ သာသနာပိုင်နှင့် တို့ဟူးကျော်တန်း ရပ်ကွက်များအထိ စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်နေသူများက ပြောသည်။ 

“ကောင်လေးတစ်ယောက်ကို သေနတ်လုတယ်ဆိုပြီး သေနတ်ဒင်တွေနဲ့ ဝိုင်းရိုက်ပြီး ဒဏ်ရာတွေနဲ့ ဖမ်းခေါ်သွားကြတယ်။ နောက်ထပ်လည်း ရှာနေကြတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

သေနတ်ထိမှန်ဒဏ်ရာရခဲ့သူမှာ တို့ဟူးကျော်တန်းရပ်ကွက်မှ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။ ရပ်ကွက်လမ်းကြားအတွင်း၌ ရှိနေစဉ် ကျောနှင့် ရင်ဘတ်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျည်အစစ်လား၊ ရာဘာကျည်လားတော့ မသိဘူး။ ကျွန်တော်တို့ သွားကယ်ထုတ်တဲ့အချိန်မှာ ဆေးအဖွဲ့က ပတ်တီးတွေ စည်းထားပေးပြီးပြီ။ ဒဏ်ရာတွေ မမြင်ရဘူး။ သတိတော့ရနေသေးတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ “သူက စစ်ကြောင်းကတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲကပဲ။ စစ်ကြောင်းက ကလေးတွေလည်း ရိုက်နှက်ဖမ်းခေါ်သွားခံရတယ် ကြားတယ်။ ၅ ဦးကျော်လို့ ပြောတယ်” ဟု အဆိုပါ ကယ်ဆယ်ရေးသမားက ပြောသည်။

ထိုသို့ စစ်ကောင်စီလက်နက်ကိုင်တပ်များက အကြမ်းဖက်ဖြိုခွင်းကာ ဖမ်းဆီးနေသော်လည်း အင်ဂျင်နီယာသပိတ်စစ်ကြောင်းသည် ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်များဖြင့် ဆန္ဒပြခဲ့ကြသည်။

အာဏာသိမ်းစစ်တပ်သည် မန္တလေးရှိ ဆန္ဒပြသပိတ်စစ်ကြောင်းများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဧပြီ ၁၅ ကလည်း မန္တလေးမြို့ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းပြီး ၁၆ ဦးထက်မနည်း ဖမ်းဆီးခဲ့သည်။ 

ဧပြီ ၁၉ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသော မန္တလေးအထွေထွေတပ်ပေါင်းစုသပိတ် ဖြိုခွဲခံရပြီး ၁၁ ဦး အဖမ်းခံခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles