အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့လယ်လူထုသပိတ် ပြန်ထွက်လာ 

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုများကြောင့် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်ရန် ခက်ခဲနေသည့် ရန်ကုန်မြို့တော်၌ ယနေ့ (ဧပြီ ၂၃) တွင် လူငယ်များဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ် ထွက်ခဲ့သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ်များနှင့် ရန်ကုန်မြို့နယ်အသီးသီးမှ လူငယ်များပူးပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လူထုလှုပ်ရှားမှုများ အရှိန်အဟုန်ရပ်တန့်သွားခြင်းသာဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ရန်ကုန်က မြို့ပြလူထုသပိတ် ပြန်လည်ပြီးတော့ အားကောင်းလာဖို့အတွက် မြို့လယ်ကောင်ကို တက်လာတာဆိုတဲ့ အနေအထားမျိုးပါ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖေဖော်ဝါရီ ၁ ရက်မှ ယမန်နေ့ (ဧပြီ ၂၂) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၇၃၉ ဦးကျဆုံးခဲ့ပြီး ၃၃၇၀ ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ၈၂ ရက်မြောက်နေ့တွင် ရန်ကုန်မြို့၌ လူထုသပိတ်များ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရာနှင့်ချီသည့် ဆန္ဒပြလူငယ်များက ရန်ကုန်မြို့လယ် အနော်ရထာလမ်းမအတိုင်း ချီတက်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” “ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး” ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

“သူတို့က ပစ်ခတ်တဲ့ ပုံစံတွေက သူတို့ရဲ့အာဏာ ဆုံးရှုံးမှာ စိုးရိမ်လို့ နောက်ဆုတ်မှာတော့ မဟုတ်ဘူး။ အကြမ်းတမ်းဆုံးပုံစံနဲ့ ဆက်လာနိုင်တယ်။ ကျွန်တော်တို့ လူငယ်တွေအတွက်တော့ သူတို့သတ်မှ သေတာမဟုတ်ဘူး။ စစ်အာဏာသိမ်းလိုက်ကတည်းက ကျွန်တော်တို့ အနာဂတ်တွေ သေဆုံးနေပြီးသား” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်လူငယ်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် ဧပြီ ၂၄ တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်မည့် သတင်းများထွက်ပေါ်နေပြီး ထိုနေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများပြုလုပ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အာဆီယံအစည်းအဝေးသို့ သွားရောက်မည့် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ ဧပြီ ၂၂ တွင် တောင်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles