အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မင်းတပ်မြို့ပေါ်ကို လေကြောင်းမှတိုက်ခိုက် 

ချင်းပြည်နယ် နယ်မြေအများစုကို လက်လွှတ်ထားရသော စစ်တပ်က ယမန်နေ့နံနက်တွင် မင်းတပ်မြို့ ပေါ်ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့စဉ် လူသေဆုံးထိခိုက်မှုမရှိသော်လည်း ဒေသခံနေအိမ်များနှင့် အစိုးရရုံးတချို့ ထိခိုက်ပျက်စီးသွားသည်။

စစ်တပ်က နယ်မြေလက်လွှတ်ထားရသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ ကို ယမန်နေ့ (ဩဂုတ် ၃) နံနက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ အထိအခိုက်မရှိသော်လည်း နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

ချင်းပြည်နယ်အတွင်း မင်းတပ်အပါအဝင် စစ်တပ်က လက်လွှတ်ထားရသည့် မြို့နယ် ခုနစ်ခု ပါဝင်သော ၆၃ မြို့နယ်ကို စစ်ကော်မရှင်က ဇူလိုင် ၃၁ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက် သုံးရက် အကြာ မင်းတပ်မြို့ပေါ်ကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ နံနက် ၈း၅၀ ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ခဲ့ရာ အစိုးရအဆောက်အဦ နှစ်လုံး၊ အရပ်သားနေအိမ် ရှစ်လုံး ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့၏ ယနေ့ ဩဂုတ် ၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

“ သူတို့တိုက်ခိုက်တာတော့ ပြည်သူတွေကို ဦးတည်တာလို့ပြောလို့ရတယ်။ အရပ်သားနေအိမ်တွေပေါ်ပဲ ကျတာဆိုတော့” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန် က ပြောသည်။ 

မြို့အခြေစိုက် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို ချင်းညီနောင်ပူးပေါင်းအဖွဲ့များက ၂၀၂၄ နိုဝင်ဘာ လဆန်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင် ခဲ့သည်။ 

ထို့နောက် မိုင်းရှင်းလင်းရေးလုပ်အပြီး နှစ်လအကြာတွင် နေရပ်စွန့်ခွာခဲ့ရသည် အရပ်သားပြည်သူများ မြို့တွင်းပြန်လည်အခြေချနေထိုင်နိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ထုတ်ပြန် ကြေညာခဲ့သော်လည်း လေကြောင်းရန်ကြောင့် အနည်းငယ်သာ ပြန်လည်ဝင်ရောက်နေထိုင်ကြသည်။ 

“ အခု လေကြောင်းတိုက်ခိုက်မှုကလည်း ပြည်သူတွေကလည်း မြို့ပေါ်မှာ သိပ်မနေကျတဲ့အတွက်လည်း ပြည်သူတွေထိခိုက်တာသိပ်မရှိတာလို့ ပြောလို့ရတယ်။ ပြည်သူတွေ မြို့ပေါ်မှာရှိတယ်ဆိုတာလည်း အစွန် အဖျားမှာ ခဏလေးသွားလာနေတယ်။ ပြီးတော့ မြို့နဲ့မလှမ်းမကမ်းက နာရီတစ်ချက်နှစ်ချက်လောက် သွားရတဲ့နေရာမှာ သွားပြီးတော့ တောင်ယာလုပ်နေတာ မြို့ထဲမှာ မနေဘူး။ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် လောက်ပဲ မြို့ထဲမှာခဏဝင်နေတယ်။ တော်တော်များများက တောင်ယာတွေ ၊ တောထဲမှာ သွားနေတာ များတဲ့အတွက်ကြောင့် အဲ့လိုမျိုး မြို့ကတော့ တအားကြီးလည်ပတ်မှု စည်ကားမှုမရှိဘူး။ မြို့ပေါ်မှာ လူနေတာ နည်းတယ်။ အဲ့ဒါကြောင့်လည်း ပြည်သူတွေ ထိခိုက်မှု မရှိတာပါ”ဟု ကိုယောမန်က ပြောသည်။ 

မင်းတပ်မြို့ကို ဧပြီနှင့်မေလအတွင်း လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ အစိုးရအဆောက်အဦနှင့် နေအိမ် ၁၅ လုံး ထက်မနည်းပျက်စီးခဲ့ပြီး အရပ်သားထိခိုက်ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ 

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုမှ အပျက်အစီးတချို့။ ( ဓာတ်ပုံ – Hkl) 

ဇူလိုင်လအတွင်းမင်းတပ်မြို့ ပေါ် ကို လေကြောင်းတိုက်ခိုက်မှုများ မရှိသလောက်နည်းသွားရာမှ စစ်အုပ် ချုပ်ရေးကြေညာပြီးနောက် ဩဂုတ်လဆန်းတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာခြင်းဖြစ်သည်။ 

“တခြားမြို့နယ်တွေလည်း တောက်လျှောက်လုပ်နေတော့ မင်းတပ်ကတော့ ထပ်လုပ်ဦးမှာပဲ။ လူစု လူဝေး ရှောင်ကြဖို့နဲ့ ပုန်းခိုကျင်းတူးထားကြဖို့ပါပဲ”ဟု မင်းတပ်ဒေသခံတစ်ဦးကလည်း ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့် မြို့နယ်များနှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန် ရေးအင်အားစုများ အားကောင်းရာမြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာထားရာ ထိုမြို့နယ်များကို ပြန်လည်စိုးမိုးနိုင်ရေး စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်လာဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူ များက သုံးသပ်ထားသည်။ 

“ မင်းတပ်အနေနဲ့လက်ရှိအချိန်မှာ စစ်ရေးအခြေအနေက နည်းနည်းလှမ်းနေသေးတယ် စစ်ကောင်စီက တခြားဘက်ကို အာရုံစိုက်နေသေးတယ် အဲ့လိုမျိုးတော့ ပြောလို့ရတယ်။ စစ်ရေးအနေနဲ့က စစ်ကောင်စီ အနေနဲ့ ဒီဘက်ကို အချိန်မရွေးစစ်မျက်နှာဖွင့် လာနိုင်တဲ့အတွက် ကျွန်တော်တို့ကတော့ တော်လှန်ရေး ကာလပဲ ဆိုတော့ တော်လှန်ရေးအလုပ်တွေ ဆက်လုပ်နေရမှာပဲ” ဟု ကိုယောမန်က ပြောသည်။ 

ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုအနက် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့နယ်တွင် စစ်တပ်က ခြေကုပ်ယူတပ်စွဲထားနိုင်သည်။ 

သက်တမ်းရင့် လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တွန်းဇံမြို့ကို သိမ်းပိုက်ထားပြီး နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းတော်လှန်ရေး တပ်ဖွဲ့ များ စုပေါင်းထားသည့် ချင်းညီနောင်အဖွဲ့က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသောမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ချင်းညီနောင်၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။ 

ချင်းပြည်နယ်အပါအဝင် မန္တလေးတိုင်းနှင့်ရှမ်းမြောက်တို့မှ တော်လှန်ရေးထိန်းချုပ်နယ်မြေများကို လေ တပ်က ယခုရက်ပိုင်း ဗုံးကြဲနေရာ ဩဂုတ် ၂ နံနက်မှာပင် မန္တလေးတိုင်း နှစ်မြို့နယ်အတွင်း သေဆုံးသူ ၁၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ စာရင်းများအရ စစ်တပ်လက်ချက်ကြောင့် နိုင်ငံအနှံ့တွင် ၁၀၄ ဦး သေဆုံးခဲ့ပြီးထိုအထဲမှ ၇၁ ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်သည်။ 

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဩဂုတ် ၃ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများအား တွေ့ရစဉ်။  (ဓာတ်ပုံ – Hkl)

Related Articles

Back to top button