
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှ စစ်ကောင်စီတပ်များကို တိုက်ထုတ်ခဲ့ပြီး နှစ်လကျော်အကြာတွင် အရပ်သားများ မြို့တွင်းသို့ ပြန်လည်အခြေချနိုင်ပြီဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
မြို့ပေါ်လူဦးရေ တစ်သောင်းကျော်ရှိသည့် မင်းတပ်မြို့သည် မကွေးတိုင်းနှင့် ချင်းတောင်တန်းများ အကြားတွင်ရှိပြီး မြို့၏အရှေ့ဘက်တွင် မကွေးတိုင်းအတွင်းမှ ထီးလင်းနှင့်ဆော၊ အနောက်ဘက်တွင် ချင်းပြည်နယ်ထဲမှ မတူပီနှင့်ပလက်ဝ၊ တောင်ဘက်တွင် ကန်ပက်လက် စသည့်မြို့များ ရှိသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပွဲကို ဆန့်ကျင်ခဲ့ကြသည့် ဆန္ဒပြအရပ်သားများကို စစ်တပ်က ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံများသည် လက်နက်ကိုင်ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ပြင်းထန်သည့်မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မြို့ခံအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။




အမှတ် ၂၇၄ ခြေလျင်တပ်ရင်းအပါအဝင် မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်း လက်နက်ကိုင်တပ်များ စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က နိုဝင်ဘာလဆန်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ ရက်တွင် မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ချင်းညီနောင်အဖွဲ့သည် ရခိုင်တပ် AA နှင့်မဟာမိတ်ဖြစ်ပြီး ထိုတပ်ပေါင်းစုတွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
အရပ်သားများ နေရပ်ပြန်နိုင်ပြီဟု မင်းတပ်မြို့နယ် ပအဖ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။
“အခုပဲ ပြန်ဝင်နေလို့ရပါပြီ။ မိုင်းတွေကိုလည်း ၉၅ ရာခိုင်နှုန်းလောက်တော့ ရှင်းပြီးပြီလို့ ပြောလို့ရပါတယ်” ဟု သူက ပြောသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးရန်ပုံငွေအဖြစ် ထည့်ဝင်ထားကြောင်း ဖြတ်ပိုင်းပြပြီးမှ မြို့ကိုပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး၊ မြို့ဝင်ဂိတ်များတွင် ရန်ပုံငွေ ထည့်ဝင်ပြီး ဖြတ်ပိုင်းရယူနိုင်သည်ဟု ချင်းဒေသကာကွယ် ရေးအဖွဲ့ (မင်းတပ်)က ထုတ်ပြန်သည်။
ထည့်သွင်းရမည့် ရန်ပုံငွေပမာဏကို မသိရသေးပေ။
“မြို့သိမ်းအတွက်လည်းမင်းတပ်မြို့နယ်မှာရှိတဲ့ပြည်သူတွေ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက်ကတော့ ပါဝင်ခဲ့ကြ တာပါ။ မပါဝင်နိုင်တဲ့သူ၊ အခက်အခဲရှိတဲ့ သူကို အခွန်ကင်းလွတ်ခွင့်ပေးထားတာ အများကြီးရှိပါတယ်။ တချို့ကျတော့ ပါဝင်နိုင်လျက်သားနဲ့ ကို မပါဝင်ဘဲနဲ့ တကူးတက မပါဝင်တာပေါ့လေ၊ မင်းတို့က တရားမဝင်ဘူး၊ အသိအမှတ်မပြုဘူး၊ ငါနဲ့ မဆိုင်ဘူးဆိုတဲ့ ပုံစံတွေပေါ့”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန် က ပြောသည်။
“ကိုယ့် မြို့လွတ်လပ် ရေးအတွက် အားလုံးရုန်းကန်ပါဝင်ခဲ့တဲ့အချိန်မှာ ရုန်းကန်တုန်းကလည်း အတူတူ ၊ ခံစားခွင့်ရှိတော့လည်း အတူတူပေါ့။ …ကျန်တဲ့ ၉၀၊ ၉၅ ရာခိုင်နှုန်း ပါဝင်တဲ့ နည်းတူ သူလည်း ပါဝင်ပြီးမှပဲ မြို့ပေါ်ပြန်လာရမယ့် သဘောမျိုးပါ”ဟု ၎င်းက ဆက်ပြောသည်။
ကန့်သတ်ချက်နှင့် ပတ်သက် ပြီး မြို့ခံများကြား ဝေဖန်မှုများ ရှိနေသည်။
“စစ်ရှောင်တွေဟူသမျှ နေရပ်ပြန်ခွင့်ရှိရပါမယ်။ ဟိုအလှူမပေးလို့ ဒီအလှူမထည့်လို့ဆိုပြီး ကန့်သတ်လို့၊ ခွဲခြားလို့ လုံးဝမသင့်တော်ပါဘူး”ဟု မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးကမှတ်ချက်ပြုသည်။
မြို့တွင်းသို့ပြန်လည်နေထိုင်ရာတွင် လူ ၁၀ ဦးထက် ပိုမိုစုဝေးခြင်း မပြုရန်၊ ခွင့်ပြုချက်မရဘဲ ပွဲလမ်း သဘင် မကျင်းပရန်၊ ည (၇) နာရီမှ မနက် (၆) နာရီအတွင်း မြို့တွင်း သွားလာခြင်းမပြုရန် အပါအဝင် စည်းကမ်းချက် ၁၂ ခုထုတ်ပြန်ထားပြီး မလိုက်နာပါက အပြစ်ပေးအရေးယူမည်ဟု မင်းတပ်မြို့နယ် ပအဖက ထုတ်ပြန်ထား သည်။
လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် လူစုလူဝေး မလုပ်ရန် စည်းမျဉ်းများ ချမှတ်ထားသည်၊ မြို့ပိုမိုစည်ကားလာချိန်တွင် ပုန်းခိုကျင်းတူးဖော်ရေး စသည့်အသိပညာပေးမှုများ ဆက်လက် လုပ် ဆောင်သွားရန် စီစဉ်ထားသည်ဟု ကိုယောမန်က ဆိုသည်။
“မြို့ကလည်း သူ့အတိုင်းအတာနဲ့သူတော့ ရှည်လျားကျယ်ဝန်းတယ်ဆိုတော့ လုံးဝပြန့်ကြဲပြီးနေမှာပေါ့။ ပြီးတော့မှ လူစုလူဝေးမလုပ်ဘူး” ဟု ကိုယောမန်က ပြောသည်။
“စည်ပင်ဈေးတို့ ဘာတို့ဆိုလည်း ကျွန်တော်တို့က ဈေးရောင်း ဈေးဝယ်ပြုဖို့ အရင်တုန်းကလို တစ်နေရာတည်းမဟုတ်ဘဲနဲ့ သုံး၊ လေး၊ ငါး နေရာလောက် ခွဲပြီးမှ အခြေအနေတွေ မျိုး၊ ဈေးရောင်း ဈေးဝယ်ရမယ့်အချိန်ကို သတ်မှတ်ထားတာမျိုး ပေါ့ အဲ့လိုမျိုး တော့လုပ်ဖို့ရှိပါတယ်”
ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ ခုရှိသည့်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ် တို့ကို ချင်းညီနောင် က သိမ်းပိုက်ထားပြီး ၎င်း၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (အေအေ) က ပလက်ဝကို ထိန်း ချုပ် ထားသည်။
ချင်းအမျိုးသားတပ်ဦး ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်က တွန်းဇံမြို့နယ်ကို ထိန်းချုပ်ထားသည်။ စစ်ကောင်စီက ပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်၊ တီးတိန်နှင့် ဖလမ်းမြို့နယ်တို့တွင် ခြေကုပ်ယူထားဆဲဖြစ်သည်။