အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမော်မြို့လက်မလွှတ်ရရေး ရေကြောင်းမှ စစ်ကူပို့ရန် စစ်ကောင်စီကြိုးပမ်း

မန္တလေးမြို့မှ ထွက်လာသော စစ်ရေယာဉ်အုပ်စုသည် မြို့တချို့တွင် ရပ်နားကျန်ခဲ့ကာ ၁၂ စီးသည် ဗန်းမော်နှင့် အနီးဆုံးဖြစ်သော ရွှေကူသို့ ရောက်လာပြီး စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ယခုရက်ပိုင်း တိုက်ပွဲများအပြင်းအထန်ဖြစ်နေရာ စစ်ကူနှင့်ခဲယမ်းများ ကို ရေကြောင်းမှပို့ဆောင်ရန် စစ်ကောင်စီတပ်က ကြိုးစားနေသည်ဟု ရွှေကူမြို့အခြေစိုက် တော်လှန်ရေး တပ်များထံက သိရသည်။

KIA သည် ဗန်းမော်မြို့ကိုသိမ်းပိုက်ရန် ကြိုးပမ်းနေသဖြင့် လနှင့်ချီတိုက်ပွဲများဖြစ်ပွားနေရာ မြို့အနောက် ဘက် မိုင် ၆၀ ကျော်အကွာ ဧရာဝတီမြစ်ကမ်းဘေး ရွှေကူမြို့မှ စစ်သင်္ဘောများဖြင့် ဇူလိုင် ၂၇ ရက်နေ့မှ စတင်၍ စစ်ကူပို့နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

ဇူလိုင် ၂၉ ရက်နေ့ နံနက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော  စစ်သင်္ဘော ငါးစီးကို  မြို့ အရှေ့ဘက် မိုင်အနည်းငယ်အကွာ ဧရာဝတီဒုတိယမြစ်ကျဉ်းအနီး တော်လှန်ရေးတပ်များက စောင့်ကြို တိုက်ခိုက်ခဲ့ကြသည်ဟု ရွှေကူ PDF တာဝန်ခံတစ်ဦးက ပြောသည်။

ထိုတိုက်ခိုက်မှုကို စစ်ကောင်စီတပ်က မြစ်ကမ်းဘေးနေရာများကို လက်နက်ကြီး၊ လေကြောင်းပစ်ကူများ သုံး၍ တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ 

“မနက် ၅ နာရီခွဲတည်းက စစ်တိုက်သင်္ဘော ငါးစီးတက်လာပြီး မြစ်ကမ်းဘေးဝဲယာ မြေပြင်စစ်ကြောင်းကို  လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာ။ လေကြောင်းကလည်း ဂျက်ဖိုက်တာရော Y 12 ရော နှစ်ခေါက် သုံးခေါက်လောက် လာချတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ကချင်လွတ်လပ်ရေးတပ် ( KIA) ၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် ဒေသကာကွယ် ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


အလားတူ ဇူလိုင် ၂၈ ရက်နေ့က မြို့အရှေ့ဘက် မိုင်အနည်းငယ်အကွာတွင် ရောက်နေသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီ မြေပြင်စစ်ကြောင်းကလည်း အင်အား ၅၀ ခန့် ထပ်ဖြည့်ကာ မြစ်ကမ်းဘေး ဝဲ၊ ယာနှစ်ဘက်တွင် စစ်ကြောင်းထိုးနေသည်ဟု ရွှေကူ PDF ထံက သိရသည်။

“မြေပြင်အနေအထားက မြစ်ကမ်းဘေးနှစ်ဖက်ကို အင်အား ၂၀၀ ဝန်းကျင်မက ထိုးနေလို့ မြေပြင်က လည်း ချေမှုန်းနေတယ်။ မြေပြင်ရော ဝေဟင်ရော သုံးမျိုးလုံးထိုးနေတာ” ဟု ရွှေကူ PDF တာဝန်ခံက ပြောသည်။

ထိုနေ့ နံနက်တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီမြေပြင်စစ်ကြောင်းတချို့ရှေ့ဆက်မတက်နိုင်အောင် ဟန့်တားနိုင်ခဲ့ကာ ရေစီးသန်ပြီး မြစ်ကြောင်းကျဉ်းသည့်နေရာတွင် စောင့်ဆိုင်းတိုက်ခိုက်သဖြင့် သင်္ဘော တစ်စီး ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

“နံနက် ၁၀ နာရီ ၂၀ မှာတော့ ကျွန်တော်တို့ စစ်သင်္ဘောတစ်စီးကို လက်နက်ကြီးနဲ့ ပစ်ထည့်လိုက်နိုင်တယ်။ သင်္ဘောတစ်စီးထိမှန်ပြီး မီးခိုးတွေအူနေပြီ၊ တစ်စီးက ရွှေကူကိုပြန်လှည့်သွားတယ်” 

ကျန်လေးစီးမှာ ရွှေကူမြို့နှင့် ၁၀ မိုင်ခန့်အကွာ ဝဲမရွာအနီး ဆန်တက်လာပြီးနောက် ခေတ္တ ကျောက်ချပြီး ရှေ့ဆက်မတက်တော့ဘဲ ညနေ ၅ နာရီခွဲခန့်တွင် ရွှေကူမြို့သို့ ပြန်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

ဗန်းမော်မြို့အနောက်ဘက် မြစ်ကမ်းဘေးလူနေအိမ်များ ပျက်စီးနေသည်ကို Google Earth မှ တွေ့ရစဉ်။

စစ်ကောင်စီသည် ဗန်းမော်ကို  ရေကြောင်းမှ စစ်ကူပို့ကြိုးပမ်းနေသော်လည်း တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ယနေ့အထိ ရေကြောင်းမှ စစ်ကူမပို့နိုင်သေးပေ။ 

မန္တလေးမြို့ဂေါဝိန်ဆိပ်မှ တက်လာသော ၂၀ စီးထက်မနည်း စစ်ရေယာဉ်များသည်လည်း ဗန်းမော်မြို့သို့ စစ်ကူတက်လာသည်ဟု ယူဆရပြီး သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့တို့တွင် တချို့ကျန်နေရစ်ကာ ဇူလိုင် ၂၆ ရက်နေ့ တွင် ရွှေကူမြို့သို့ ၁၂ စီး ရောက်လာသည်။ 

နောက်တစ်နေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ရွှေကူမြို့တွင် ဆိုက်ထားသည့် စစ်သင်္ဘောများအနက် သုံးစီးသည် အထက်သို့ တက်သွားရာ တိုက်ခိုက်ခံရသည်၊  မြေပြင်စစ်ကြောင်းတစ်ခုမှာ KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် မြေပြင်၊ ရေကြောင်းစစ်ကူများ ရှေ့ဆက်မတက်နိုင်ဘဲ ပြန်ဆုတ်သွားရသည်။ 

ရွှေကူမြို့အနီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ် သက်ပြီး အသေးစိတ်အခြေအနေများကို သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကူနှင့် ရိက္ခာ၊ လက်နက်၊ ခဲယမ်းများ ပို့ဆောင်ရန် ကြိုးစားနေသည့် ဗန်းမော်မြို့ကို ၂၀၂၄ ခု ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ KIA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ရန် ကြိုးစားနေခြင်းဖြစ် သည်။

ရှစ်လနီးပါး ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA က မြို့ပေါ်ရပ်ကွက်များ၊ လေယာဉ်ကွင်း နှင့် တပ်ရင်းဌာနချုပ်အချို့ကို သိမ်းပိုက်ထားပြီး မြို့အဝင်အထွက်လမ်းများအားလုံး ပိတ်ဆို့ထားသည်။

စစ်ကောင်စီတပ်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)နှင့် တိုက်ခိုက်ရေး၊ လက်ရုံး တပ်ရင်းတချို့ကို ဆက်ထိန်းချုပ်ထားဆဲဖြစ်ပြီး လေကြောင်းမှသာ စစ်ကူ၊​ ရိက္ခာနှင့် လက်နက်ခဲယမ်း များ ပို့ပေးနေရသည်။ 

ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် ဗန်းမော်မြို့သို့ ရိက္ခာပို့ရန်လာသည့် စစ်ရဟတ်ယာဉ်သုံးစီးအနက် နှစ်စီး ကို KIA တပ်ပေါင်းစုက ပစ်ချနိုင်ခဲ့ပြီးနောက် စစ်ကူ၊​ ရိက္ခာပို့ရန် လမ်းကြောင်းကို ရေကြောင်းမှပို့ရန် စစ်ကောင်စီက ကြိုးစားလာခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ဗန်းမော်ကို မရ၊ ရအောင် ထိန်းချုပ်မယ့်သဘောရှိတယ်။ မြစ်ကမ်းနားမှာ ရှိတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက မရ၊ ရအောင် အသေခံပြီး သိမ်းပိုက်ထားတာ။ အခုတက်လာတဲ့ စစ်သင်္ဘောတွေကို မြစ် ကမ်းနားကနေပြီးတော့ ကြိုနေတဲ့သဘောပေါ့” 

ဗန်းမော်မြို့၏ အရှေ့ဘက် မိုးမောက်မြို့ ၊ တောင်ဘက် မံစီမြို့နှင့် အနောက်ဘက် ရွှေကူမြို့သို့ သွားနိုင် သည့် မြေပြင်လမ်းကြောင်းများအားလုံး KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အတွက် စစ်ကောင်စီ၏ အဓိက ဝင်ပေါက်မှာ မြစ်ကြောင်းတစ်ခုသာရှိတော့သည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ဗန်းမော်မြို့တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည်ဟုသာသိရပြီး စစ်ရေးအခြေအနေ အသေးစိတ် မသိရသေးပေ။ 

မိုးမောက်၊ မံစီနှင့် စင်းခန်းတိုက်နယ်ရွာကြီးတို့ကို ပြီးခဲ့သည့်နှစ်အတွင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

၂၀၂၄ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

ဗန်းမော်မြို့၊ တရုတ်တန်းရပ်ကွက်ကို ယခုရက်ပိုင်းက လူမှုကွန်ရက်တွင် မျှဝေထားကြစဉ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button