စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ဆေးရုံတစ်ခု ယမန်နေ့ (ဇူလိုင် ၂၉) ညက လေကြောင်းမှ တိုက်ခိုက်ခံရပြီး ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသခံများထံက သိရသည်။
ည ၁၀ နာရီခွဲ ဝန်းကျင်တွင် လေကြောင်းမှ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ ဆေးရုံပင်မလူနာဆောင်ကို တိုက်ရိုက် ထိမှန်သဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
“ည ၁၀ နာရီ ၂၀ မိနစ်တစ်ကြိမ်၊ ၁၀ နာရီ ၃၀ မိနစ်တစ်ကြိမ် ၂ကြိမ်လေကြောင်းတိုက်ခိုက်ခံရပြီး လူနာ ဆောင်ကို တိုက်ရိုက်ထိပါတယ်။ မြေပြင်သတင်းအရ အထိခိုက်များပြီး ၁၅ ဦး သေဆုံးရှိဟု ကြားသိရ ပါတယ်”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ နံနက်တွင် Myanmar Now ကို ပြောသည်။
သေဆုံးသူများအနက် လေးဦးမှာ နေရာမှာပင်သေဆုံးခဲ့ပြီး ကျန်သူများမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး နောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဗုံးကြဲခံရသည့် ဆေးရုံမှာ ၂၀၂၁ နောက်ပိုင်း အရပ်သားကျန်းမာရေးဝန်ဆောင်မှုအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်ရှောင်အများစု အားထားရသည့် ဆေးရုံဖြစ် သည်။
ဆေးရုံ ပင်မ လူနာဆောင်သည် ထရံကာသွပ်မိုးကြွေပြားခင်းအဆောက်အဦ ဖြစ်ပြီး ခွဲစိတ်ဆောင်မှာ အုတ်တိုက်ဆောင်ဖြစ်ကြောင်းသိရသည်။
“ဆေးရုံကတော့ ကြေသွားတာပေါ့။ တည်နေရာတည့်တည့်ကိုထိသွားတာ” ဟု ကန့်ဘလူ ဒေသခံအ မျိုးသားတစ်ဦးကလည်း ပြောသည်။
ဒေသခံများထံက ရရှိသော ဓာတ်ပုံများအရ ဆေးရုံအဆောက်အဦမှာ အမိုးအကာများပွင့်ထွက်နေပြီး သစ်သားတိုင်များသာ ကျန်ရှိကာ အပျက်အစီးပုံများအကြား ရုပ်အလောင်းများကို တွေ့ရသည်။ လတ်တလောတွင် ထိခိုက်မှုများပြားသည့်အတွက် သေဆုံးသူများ၏ နာမည်၊ အသက်အရွယ်နှင့် အသေး စိတ်အချက်အလက်ကို စီစစ်နေဆဲဖြစ်ကြောင်း ဆိုသည်။
“ တချို့လည်း အလောင်းပီပြင်တာတွေကလည်းသိတာပေါ့။ အစအနတွေကြတော့ ပြန်ပြီး စီစစ်ရတာ ပေါ့။ ပင်မ အဆောက်အဦကြီးပေါ်ကျတော့ အကုန်ပါသလိုဖြစ်သွားမှာပေါ့”ဟု ၎င်းက ပြောသည်။
ဆေးရုံဖွင့်ထားသည့်နေရာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ဒေသခံများက ပြောကြသည်။
“ (တိုက်ပွဲ) ဘာမှမရှိဘူးဗျ။ သက်သက်ကိုသူတို့လာကြဲတာ။ သူတို့က သတင်းအချက်အလက်ရနေတာ ကြာပြီနေမှာ။ ကြဲချင်တဲ့အချိန်ကြမှ လာကြဲတာ။ ကြဲလည်း ရာသီဥတု ဆိုးတဲ့အချိန်မှာ အလစ်အငိုက် အချိန်မှာ လာကြဲတယ်ဆိုတော့ အထိခိုက်အများဆုံးဖြစ်အောင် လာကြဲတာဖြစ်ပါလိမ့်မယ်။ မနေ့က မိုးအုံ့ ပြီးတော့ ဖျောက်တောက်ဖျောက်တောက် (မိုး) တစ်နေကုန်ကျနေတာ” ဟု အထက်ပါ ကန့်ဘလူဒေသခံ အမျိုးသားက ဆက်ပြောသည်။

အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းအခြေချထားသည့် ကန့်ဘလူမြို့ပေါ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များ က နယ်မြေစိုးမိုးထားရာ ကျေးလက်ဒေသရှိ ပြည်သူများမှာ ကျန်းမာရေးအတွက် မြို့ပေါ်ဆေးရုံ ဆေးခန်း သွားရောက်ကုသနိုင်သည့် အခြေအနေ မရှိကြောင်း ဒေသခံများထံက သိရသည်။
“ ကျွန်တော်တို့နယ်ဘက်ကလူတွေ မြို့ဆေးရုံကိုသွားဖို့လည်း မရဲကြဘူးလေ။ အခု ပစ်ခံရတဲ့ဆေးရုံက ကျွန်းလှ ၊ကန့်ဘလူနယ်ဘက်က အိုးပစ်အိမ်ပစ်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ အာကိုးရတဲ့ဆေးရုံ ပါဗျ ။ ဆေးရုံကတော့ တော်လှန်ရေးကာလမှ ဖွင့်တဲ့ဆေးရုံပါ။ စစ်ကြောင်းအန္တရာယ်ကင်းမယ် ထင်တဲ့ Safe zone မှာ ဖွင့်ထားတယ်လို့ ပြောလို့ရမယ်”ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေးအင်အားစုများလှုပ်ရှားမှု အားကောင်းသည့် ဒေသဖြစ်ပြီး တစ်ဘက် တွင်လည်း စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အားအကောင်းဆုံးဒေသများထဲတစ်ခုဖြစ်ပြီး ထိုပြည်သူ့စစ်များ ကို စစ်တပ်အမာခံ သင်္ကန်းဝတ် ဦးဝါသဝက ဦးဆောင်သည်။
ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်များ ပူးပေါင်းပြီး စစ်ကြောင်းထိုး စီးနင်းမှုများ၊ မီးရှို့ဖျက် ဆီးမှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။
အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံ၊ စာသင်ကျောင်းများ စသည့် အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းမှာ ကြီးမားသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများဖြစ်ပြီး အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“ ဒါတွေက ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်သလို နိုင်ငံတကာ စံချိန်စံနှုန်း တွေနဲ့လည်း မကိုက်ညီဘူး။ ဒီကိစ္စကို ကျွန်တော်တို့အပြင်းထန်ရှုတ်ချတယ်။ နိုင်ငံတကာအနေနဲ့လည်း ဒီလိုကိစ္စမျိုး တွေ၊ အကြမ်းဖက်စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ထိထိရောက်ရောက် တားဆီးနိုင်တဲ့ နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေသင့်တယ်”
ယခုနှစ် မတ်လ ၂၂ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာ ဆေးခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဆေးကုသပေးနေသည့် ဒေါက်တာမြစိုးအောင်၊ လေးလသားအရွယ် ကိုယ်ဝန် လွယ်ထားသည့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ၊ အသက် ၅ နှစ်အရွယ် သားဖြစ်သူ အပါအဝင် လူနာစောင့်နှင့်ပြည်သူ ၈ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် လေးနှစ်တာအတွင်း စစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှု ၁၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဆေးရုံဆေးခန်း ၃၆၅ ခု ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်း ၁၃၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့တစ်ညအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့တွင် လူသေဆုံးထိခိုက်မှုများ ရှိကာ စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နယ် မုဋ္ဌောရွာအနီး နှင့် ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းနှင့် နွယ်အင်းရွာတို့တွင် လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။



