ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် စစ်ကောင်စီက ရွေးကောက်ပွဲများကို ဆန့်ကျင်လျှင် အမြင့်ဆုံးသေဒဏ်ထိ ချမှတ်မည့် ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ တွင် အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ပြီး အမြင့်ဆုံးမှာ ‘သေဒဏ်’ ဖြစ်သည်ဟု ဖော်ပြထားသည်။
ခေတ်အဆက်ဆက်တွင် လုံးဝမရှိခဲ့ဖူးသည့် အထက်ပါ ဥပဒေတွင် ပုဒ်မပေါင်း ၃၂ ခု ပါဝင်ပြီး ပုဒ်မ ၂၇ တွင် ရွေးကောက်ပွဲနှင့်ဆက်စပ်၍ “တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်” ဟု ပါရှိသည်။
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ရသည့်နည်းဖြင့် ဆန့်ကျင်မည်ဟု တော်လှန်ရေးအင်အားစုအသီးသီးက ထုတ်ဖော်ပြောဆိုနေချိန်တွင် ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို ချွေးသိပ်ရန် ထိုဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်နိုင်သလို၊ ရွေးကောက်ပွဲ သေချာပေါက် ကျင်းပမည်ဟု အချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲတွင် ပါဝင်သူများကို အကာအကွယ်ပေးရေးဖြစ်သည်ဟု ဖော်ပြထားသည်။
အမတ်လောင်းများ မဲဆွယ်စည်းရုံးစဉ် ခြိမ်းခြောက်၊ ဟန့်တား၊ နှောက်ယှက်လျှင် ၃နှစ်မှ ထောင်ဒဏ် တစ်သက်အထိ ချမှတ်မည်ဟု ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်ရုံး၊ မဲရုံ၊ မဲပုံးနှင့် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို လူစုလူဝေးဖြင့် ဖျက်ဆီးပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက် ချနိုင်သည်၊ မဲဆန္ဒရှင်များ၊ မဲရုံဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ အပြင်းအထန် နာကျင်စေခြင်းတို့ ကျူးလွန်ပါက ထောင်ဒဏ် ၃နှစ်မှ ထောင်ဒဏ်တစ်သက် ချနိုင်သည်ဟု ဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြော၊ စည်းရုံး၊ လှုံ့ဆော်၊ ဆန္ဒပြ၊ ရေးသားခြင်းတို့ မပြုရန်လည်း တားမြစ်ထားပြီး ဖောက်ဖျက်ပါက အနည်းဆုံး ထောင်ဒဏ် ၃နှစ်မှ အများဆုံး ၇နှစ်ထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ရေးထားသည်။
ရွေးကောက်ပွဲကာလတွင် အဖွဲ့ဝင် ၁၄ဦး ပါဝင်သည့် ‘လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ’ တစ်ရပ်ကို ဖွဲ့စည်းထားမည်ဖြစ်ပြီး၊ ထိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဒုဝန်ကြီးက ဒုဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဒုဝန်ကြီးက ဒုဥက္ကဋ္ဌ(၂)၊ ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဟု ဆိုသည်။
ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် “ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းရယူခြင်းနှင့် အရေးယူဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်း” ဟူသည့် အချက်တစ်ချက် ပါဝင်သည်။
ဗဟိုကော်မတီ၏အောက်တွင် အဖွဲ့ဝင် ၁၀ဦး ပါဝင်သည့် တိုင်းနှင့်ပြည်နယ်အဆင့် ကော်မတီများ ရှိမည်၊ ထိုကော်မတီများတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ဥက္ကဋ္ဌ၊ တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူးကို အတွင်းရေးမှူးအဖြစ် ခန့်ထားမည် ဖြစ်သည်။ ထို့နောက် မြို့နယ်၊ ရပ်ကျေးအဆင့်အထိ ကော်မတီများ ဆက်လက် ဖွဲ့စည်းသွားဖွယ်ရှိသည်။
စစ်ခေါင်းဆောင်သည် ၎င်းကို စစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင်အဖြစ် နေရာပေးရွေးချယ်ခဲ့သည့် ဆရာဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နည်းလမ်းများအတိုင်း လုပ်ကိုင်နေသည်ကို တွေ့ရသည်။
ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သူ နည်းပါးသည့်၊ ဗိုလ်ချုပ်သန်းရွှေအုပ်ချုပ်သည့် လက်ထက်ကလည်း စစ်တပ် ကြီးကြပ်သည့် အမျိုးသားညီလာခံကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ဖူးသည်။
သို့သော်လည်း ရွေးကောက်ပွဲဆန့်ကျင်သူများကို သေဒဏ်အထိ ချမှတ်မည့် ဥပဒေကိုမူ မြန်မာပြည်ရွေးကောက်ပွဲသမိုင်းတစ်လျှောက်တွင် ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိပေ။
“မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ကြွေးကြော်ကာ၊ မဲစာရင်း အကြောင်းပြ အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ် မင်းအောင်လှိုင်သည် အသက် ၆၉နှစ်ပြည့်ပြီးသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်နိုင်ခြင်း မရှိသေးပေ။
စစ်ခေါင်းဆောင်၏ အိပ်မက်မှာ အနာဂတ်တွင် နိုင်ငံ၏အမြင့်ဆုံး သမ္မတရာထူး ရယူရေး ဖြစ်သောကြောင့် အထက်ပါ ဥပဒေကို လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
“တရားမျှတတဲ့ဥပဒေ မဟုတ်ဘဲ သူ့ရဲ့ သမ္မတအိပ်မက်ကို နှောင့်ယှက်သူမှန်သမျှ လုပ်ရဲလုပ်ကြည့်ဆိုတာမျိုး ခြိမ်းခြောက်မှု တစ်ခုပါပဲ” ဟု သူက မှတ်ချက်ပြုသည်။
ယခုနှစ်ကုန်ကျင်းပမည့် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင်က သမ္မတနေရာ၊ စစ်တပ်တည်ထောင်ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင် ဦးခင်ရီကလည်း အရေးကြီးနေရာတစ်ခု ယူကြမည်ဟု သတင်းများထွက်ပေါ်နေသည်။
ဝင်ပြိုင်သည့်ပါတီတိုင်း လွှတ်တော်တွင် နေရာရနိုင်ကြောင်း မက်လုံးပေးထားရာ ပါတီအများအပြား ဝင်ပြိုင်ရန် အသင့်ဖြစ်နေကြသည်။
စစ်ဗိုလ်ချုပ်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်ကာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။
NLD အစိုးရခေါင်းဆောင်များဖြစ်ကြသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်အများအပြားကိုလည်း ဖမ်းဆီးအကျဉ်းချထားသည်။
အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြကြသည့် လက်နက်မဲ့ ပြည်သူအများအပြားကို ပစ်သတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုများ ပေါ်ပေါက်လာသည်။
အာဏာသိမ်းပြီး ၄နှစ်ကျော်ကြာလာချိန်တွင် စစ်တပ်က နယ်မြေအများအပြားကို လက်လွတ်ခဲ့ရပြီး ခုခံတော်လှန်မှုများ ဆက်လက်အားကောင်းနေသည်။
တော်လှန်ရေးအင်အားစုက ပြည်တွင်း၊ ပြည်ပ မြန်မာပြည်သူများ၏ ထောက်ပံ့မှုရယူပြီး ဆက်လက်တိုက်ပွဲဝင်နေကြသည်။
စစ်တပ်က ၎င်း၏ အားသာချက်ဖြစ်သော လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေပြီး၊ ဆုံးရှုံးနယ်မြေများကို ပြန်လည်ထိန်းချုပ်ကာ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် စိုင်းပြင်းနေချိန်တွင် တရုတ် အပါအဝင် နိုင်ငံတချို့က ထောက်ခံသည့် အရိပ်အယောင် ပြနေသည်။



