သတင်း

လွတ်ရက်စေ့တော့မည့် တက်ကြွလှုပ်ရှားသူ ၉ ဦး ပြန်လွတ်လာ 

ယနေ့ ဧပြီ ၁၇၊ မြန်မာနှစ်သစ်ကူးနေ့ အာဏာသိမ်းစစ်တပ်က အကျဉ်းသားဦးရေနှစ်သောင်း လွတ်ငြိမ်းခွင့်ပေးရာတွင် မကြာခင် လွတ်ရက်စေ့တော့မည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။   

ပြန်လွတ်လာသူများထဲတွင် ၂၀၁၉ မဟာသင်္ကြန်ကာလအတွင်း စစ်တပ်က နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေခြင်းကို သရော်ခဲ့သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းတို့ ဖြစ်သည်။

၎င်းတို့မှာ တပ်မတော်အပေါ်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူများဖြစ်ကြသည်။ 

အဆိုပါ ပုဒ်မများဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ်တရားရုံး ၅ ရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကိုဇေယျာလွင်မှာ စုစုပေါင်း ထောင် ၆ နှစ်နှင့် ၆ လ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေမှာ ၆ နှစ်၊ ကိုပိုင်ရဲသူမှာ ၅ နှစ် ၆ လ ချမှတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့မှာ သမ္မတဦးဝင်းမြင့်လက်ထက်ကပင် နှစ်သစ်ကူးနှင့် အခါကြီးရက်များတွင် လျှော့ရက်ရရှိခြင်း၊ ‌ထောင်တွင်းလျှော့ရက်ရရှိခြင်း၊ ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ရရှိခြင်းတို့ကြောင့် မကြာမီ လပိုင်းအတွင်း ချုပ်ရက်စေ့ဖြင့် ပြန်လည် လွတ်မြောက်ရမည့်သူများဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တကူးတက သူတို့မို့လို့ဆိုပြီး take care (ဂရုစိုက်လို့)လုပ်ပြီး လွှတ်ပေးတာ မဟုတ်ဘူးလေ။ အားလုံး တစ်သားတည်းတစ်ပြေးတည်းရတဲ့ လျှော့ရက်မှာ သူတို့ လွတ်ရက်ကလည်း အနားနီးနေပြီဖြစ်တဲ့အတွက် ပါလာတဲ့သဘောပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၆ ဦး ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး သုံးဦးမှာ စစ်အာဏာမသိမ်းမီကတည်းက နှစ်စေ့သဖြင့် လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနှစ်သစ်ကူးနေ့တွင် ထိုသို့လွှတ်ပေးလိုက်သော်လည်း အပြင်၌ ရှိနေသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးကို ဖမ်းဆီးလိုက်သည်။ ကိုကျော်မင်းထွန်း၊ ရွှေရူပါလင်း၊ စိုးထက်ဦး၊ မင်းထက်လင်း တို့ လေးဦး ယနေ့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မန္တလေးမှ ၆ ဦး ပါဝင်

NLD အစိုးရလက်ထက် မန္တလေးတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်ဆန့်ကျင်ရေး ဆန္ဒပြသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တပ်မတော်အပေါ်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)(ခ)တို့ဖြင့် ထောင် ၁ နှစ်ကျော် ချမှတ်ခံရသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ၆ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သဖြင့် ယနေ့ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်သည်ဟု သိရသည်။ ၎င်းတို့မှာလည်း လွတ်မြောက်ရန် နီးကပ်နေသည့် “လွတ်နီး”များ ဖြစ်ကြသည်။

ကိုညီညီမင်းထက်ဝေ၊ ကိုသက်မောင်မောင်၊ ကိုမျိုးချစ်ဇော် (ခ)ဘချစ်၊ ကိုသုတညီညီ၊ ကိုအောင်ခိုင်မင်း၊ ကိုလှထွန်းအောင်တို့ ပြန်လည်လွတ်မြောက်ခြင်းဖြစ်ပြီး ၎င်းတို့မှာ ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကဲ့သို့ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်သဖြင့် ဖမ်းဆီးထောင်ချခံရသူများ ဖြစ်သည်။

၎င်းတို့အမှုတွဲ၌ပင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် ၄ ဦးမှာ လွတ်ငြိမ်းတွင် မပါဝင်ပေ။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်များကို လွတ်ငြိမ်းခွင့်ပေးခြင်းမှာ “အပြကောင်းအောင် လွှတ်တာ” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်းသတင်းကို ဖုံးလွှမ်းနိုင်ရန်နှင့် နိုင်ငံတကာတွင် မျက်နှာပြ၍ ကောင်းအောင် လွှတ်ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုလိုကြောင်း ဆက်လက်ပြောသည်။

ထို့အပြင် လွတ်မြောက်လာသူများမှာ ချုပ်ရက်စေ့၍ လွတ်မြောက်ရန် နီးကပ်နေသည့် “လွတ်နီး” များ ဖြစ်ကြကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးနှင့် AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့ နိုင်ငံ့အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ပြည်သူ ၇၀၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်အပြင် လူ ၃၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။

Show More

Related Articles

Back to top button