အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် အာသံလွတ်မြောက်ရေးတပ်ဦး United Liberation Front of Asom
(Independent) (ULFA-I) လက်နက်ကိုင်အဖွဲ့ကို အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ နာဂဒေသထဲအထိ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယစစ်တပ် ထောက်လှမ်းရေးအကြီးအကဲနှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့ ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
အိန္ဒိယစစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး Shrinjay Pratap Singh, AVSM, YSM နှင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ စစ်တပ်ချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၁၇ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဆွေးနွေးမှု အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က မြန်မာနှင့် အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ နာဂဒေသ၊ နန်းယွန်းနှင့် လဟယ်မြို့နယ်ရှိ ULFA-I အခြေစိုက်စခန်း ၄ ခုကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိပ်တန်းတပ်မှူး ၃ ဦး သေဆုံးကြောင်း India Today သတင်းဌာနက ဇူလိုင် ၁၄ တွင် ဖော်ပြခဲ့သည်။
တိုက်ခိုက်ခံရသည့် တပ်စခန်းသည် ULFA-I အဖွဲ့ တတိယကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Nayan ဦးဆောင်နေသော စခန်းနေရာများဖြစ်ပြီး အိန္ဒိယစစ်တပ်က ဒရုန်းများ၊ လက်နက်ကြီးများသုံး၍ တိုက်ခဲ့ကြောင်း ဒေသအခြေစိုက် Naga News သတင်းဌာနက ရေးသားဖော်ပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယအစိုးရသည် စစ်ကောင်စီနှင့် မကြာခဏထိတွေ့ဆက်ဆံမှုရှိခဲ့ပြီး ယခုခရီးစဉ်တွင် ဆွေးနွေးမည့်ခေါင်းစဉ်အများအပြား ရှိနေနိုင်ကြောင်း အိန္ဒိယရောက် မြန်မာများအရေး လှုပ်ရှားသည့် India For Myanmar တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အိန္ဒိယ ထောက်လှမ်းရေးအကြီးအကဲက နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း ပြန်လည်စတင်မည့်အခြေအနေ၊ အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီက အကူညီမပေးရေး စသည့် ကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ဖွယ် ရှိကြောင်း ၎င်းက ပြောသည်။
“အိန္ဒိယဘက်က (ULFA-I ကို) ပြင်းပြင်းထန်ထန် အရေးယူလိုက်တဲ့ ဟာမျိုးဆိုရင် စစ်ကောင်စီနဲ့ နောက်နောင်မှာ အိန္ဒိယလက်နက်ကိုင်တွေကို မပံ့ပိုးဖို့ဆိုတာမျိုးတွေ တစ်စုံတစ်ရာ ဖိအားပါနိုင်တယ်” ဟု ၎င်းက ပြောသည်။
“အိန္ဒိယနယ်စပ်မှာ စစ်ကောင်စီနဲ့ ပကဖ (ပြည်သူ့ကွယ်ရေးအဖွဲ့)တွေကြား ထိတွေ့မှုဟာမျိုးလည်း အရှိန်တက်လာနိုင်သလို အိန္ဒိယလက်နက်ကိုင်တွေကို အကြောင်းပြုပြီးတော့မှ အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်နှိမ်နင်းတဲ့ ဟာမျိုးလည်း ဒီထက်မက အရှိန်မြင့်လာနိုင်တယ်လို့မြင်တယ်”
မြန်မာစစ်တပ်၏ ခွင့်ပြုချက်ကြောင့် အိန္ဒိယသူပုန်အဖွဲ့တချို့ကို မြန်မာဘက်ခြမ်းတွင် အခြေချနေသည်၊ ထိုသူပုန်အဖွဲ့များ၏ လှုပ်ရှားနယ်မြေအတွင်း မြန်မာတော်လှန်ရေးတပ်များ အခြေချခွင့်မပေးရန် အပေးယူလုပ်ထားသည်၊ စစ်ရေးပူးပေါင်းသည့် လက္ခဏာများလည်း တွေ့ရသည်ဟု ၎င်းက ပြောသည်။
“သက်သေအထောက်အထား တချို့အနေနဲ့ဆိုရင် တမူးမြို့အနီးနားတွေဆိုရင်တော့ မကြာခဏ တော်လှန်ရေး အင်းအားစုတွေနဲ့ အိန္ဒိယလက်နက်ကိုင်တွေကြား ထိတွေ့မှုတွေလည်းရှိနေတယ်” ဟု ၎င်းက ပြောသည်။
“နာဂဒေသဘက် အခြမ်းကတော့ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နေရာမဟုတ်တဲ့အတွက် သူတို့တွေဒီလို နေထိုင်ခွင့်ရှိတာလည်း စစ်ကောင်စီက ခွင့်ပြုမှသာနေထိုင်လို့ရမယ့် အနေအထားဖြစ်တယ်”
အိန္ဒိယနိုင်ငံမှ မဏိပူရ်ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားနေသည့် ကသည်းသူပုန်အဖွဲ့ (PLA) သည်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလာခြင်းကြောင့် အိန္ဒိယနယ်စပ် ချင်းပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၂ တွင် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသည်။
အခြားတစ်ဖက်တွင် အိန္ဒိယအစိုးရသည် မြန်မာစစ်ရှောင်အများအပြားကို လက်ခံထားသော်လည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့( တမူး-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ယခုနှစ်မေလတွင် ဖြစ်ပွားခဲ့သည်။
အိန္ဒိယစစ်တပ်နှင့် အာသံရိုင်ဖယ်တပ်တို့က ထို ၁၀ ဦးသည် မေလ ၁၄ ရက်နေ့ အိန္ဒိယဘက် ကျူးကျော်ဝင်ရောက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အိန္ဒိယစစ်တပ်၏ အကြောင်းပြချက်ကို ပယ်ချခဲ့သည်။



