
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန်အဖွဲ့ကို ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တို့က ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။
အိန္ဒိယနိုင်ငံမှ မဏိပူရ်ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားနေသည့် ကသည်းသူပုန်အဖွဲ့ (PLA) ၏ တွန်းဇံမြို့နယ်၊ စဲနန်ရွာအနီးရှိ အခြေစိုက်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်းမှစ၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တွန်းဇံမြို့နယ်မှာ သူတို့အခြေစိုက်တဲ့နေရာမှာ ပြည်သူလူထုဆီကနေ သတင်းရတာက အဲဒီမှာ ဘိန်းတွေ၊ ဘာတွေ သူတို့လုပ်တယ်။ စစ်ကောင်စီနဲ့ တွဲပြီးလုပ်တယ်ဆိုတာ ကြားတာ ကြာပြီပေါ့။ နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာပေါ့” ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ယမန်နေ့တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကသည်းသူပုန်ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် ပူးပေါင်း၍ ချင်းပြည်နယ် တွန်းဇံဘက်တွင် လှုပ်ရှားလာသည့်အတွက် ကသည်းသူပုန်များကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
“စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ နယ်ချဲ့လာတာလဲ ဖြစ်တယ်။ ပြီးတော့ ပြည်သူတွေကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နယ်မြေကျူးကျော် ဝင်ရောက်လာတာလဲ ဖြစ်တာပေါ့” ဟု CJDC ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ အတွင်းရေးမှူးဖြစ်သူ ကိုပေါလ်က Myanmar Now ကို ပြောသည်။
“သူတို့ရဲ့ နယ်မြေကျူးကျော်မှုကစတဲ့ တိုက်ပွဲလို့လဲ ပြောလို့ရပါတယ်”
တိုက်ပွဲအတွင်း ကသည်းသူပုန်များက စစ်ကောင်စီထုတ်လက်နက်ကြီးများ အသုံးပြုခဲ့သည်ဟုလည်း CNF ၏ ချင်းအမျိုးသားတပ်မတော် (CNA) တာဝန်ရှိသူတစ်ဦးလည်းဖြစ်သူ ဆလိုင်းထက်နီက ဆိုသည်။
“ကျွန်တော်တို့ အံ့သြတာက သူတို့သုံးတဲ့ လက်နက်တွေက စစ်ကောင်စီထုတ်တဲ့ လက်နက်တွေဖြစ်တယ်။ အဓိကတော့ လက်နက်ကြီးတွေက ၈၁ မမ၊ ၄၀ မမ တွေက လက်နက်ကြီးတွေသုံးတယ်။ စစ်ကောင်စီထုတ်နေတဲ့ လက်နက်တွေဖြစ်တော့ အောက်ခြေမှာတော့ သူတို့ချင်း ပေါင်းနေတယ်ဆိုတာက ခိုင်လုံစေတာပေါ့” ဟု ၎င်းက သုံးသပ်သည်။
ပြီးခဲ့သည့်နှစ် မေနှင့် ဇူလိုင်လများတွင် အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားရာတွင် ကသည်းသူပုန်များက စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်း တမူးမြို့နယ် PDF အဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သည့် စစ်ကောင်စီသည် အိန္ဒိယမှ ခွဲထွက်လိုသည့် ကသည်းသူပုန်များကို လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့များက ယူဆထားသည်။
အိန္ဒိယသူပုန် ၅ ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းတွင် အိန္ဒိယအစိုးရသို့ လွှဲပြောင်းပေးခဲ့ရာ ထိုသူပုန်များမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် လှုပ်ရှားနေသည့် PLA အဖွဲ့ဝင် ကသည်းသူပုန်များဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မီဇိုရမ်ပြည်နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည့် တွန်းဇံမြို့နယ်တွင် ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ကသည်းသူပုန်များဘက်မှ ပါဝင်တိုက်ခိုက်သည်ဟု ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
အစောဆုံး လက်နက်ကိုင်ခုခံတော်လှန်ခဲ့သည့် ချင်းပြည်နယ်ကို စစ်ကောင်စီကလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိရာ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ချင်းဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)