ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ (ဧပြီ ၁၅) နေ့လယ်ပိုင်း၌ စစ်သားနှင့် ရဲများက လမ်းသွားလမ်းလာသူတစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း လုယူခဲ့သည်။
ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က စစ်တပ်ပိုင် Gandamar Wholesale ဈေးဝယ်စင်တာရှေ့အရောက် တက္ကစီကို တားဆီးကာ စစ်ဆေးခဲ့ပြီးနောက် ငွေကျပ် ၁၀ သိန်းကို စစ်သားနှင့် ရဲများက လုယူခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောသည်။
“ကားကို တားပြီး ပိုက်ဆံအိတ်ကို ဖွင့်ခိုင်းပြီးတော့ ဘာလုပ်တာလဲပေါ့။ အဲဒီလိုပြောပြီး ယူထားလိုက်တယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ ပေးလိုက်ရတယ်” ဟု အဆိုပါအမျိုးသမီးက Myanmar Now ကို ပြောသည်။
အခြားလူတစ်ယောက်ကို အဖော်ခေါ်လာပြီး ပိုက်ဆံကို လာပြန်ယူနိုင်ကြောင်း စစ်သားများက ပြောခဲ့သဖြင့် မိတ်ဆွေတစ်ဦးကို ခေါ်ကာ မိနစ်ပိုင်းအတွင်း သွားရောက်ယူဆောင်ရာတွင် စစ်သားနှင့် ရဲများမှာ ထိုနေရာတွင် မရှိတော့ကြောင်း ၎င်းက ပြောသည်။
“ကျွန်မ အခုချိန်ထိ ယူကျုံးမရဘူး ဖြစ်နေတာ။ လစာလေးထုတ်ထားတာတောင် မကြာသေးဘူး” ဟု ဆိုကာ ၎င်း၏ ချွေးနှဲစာများကို အလွန်နှမြောမိကြောင်း အမျိုးသမီးက ထပ်မံပြောကြားသည်။
စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာတွင် အစားအသောက်များခိုးယူခဲ့သည့်နည်းတူ အရပ်သားပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများ လုယက်မှုများ၊ ဖျက်ဆီးမှုများရှိခဲ့သည်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်စီးကားနှင့် ဆိုင်ကယ်များ အကြောင်းမဲ့ သိမ်းဆည်းခံခဲ့ရသည့်နည်းတူ အခြားသော ဥစ္စာပစ္စည်းဆုံးရှုံးမှုများလည်း လူမှုကွန်ရက်ပေါ်၌ မကြာခဏ တွေ့ရှိရသည်။
ရန်ကုန်မြို့မှ သွားဆရာဝန်တစ်ဦးကို အခမဲ့ဆေးကုသ၍ဟု အကြောင်းပြကာ စစ်ကောင်စီတပ်များက ဧပြီ ၁၀ ညနေပိုင်းတွင် ပိုက်ဆံအိတ်ထဲမှ ကျပ် တစ်သိန်းနှစ်သောင်း ယူသွားခဲ့သည်။
ဧပြီ ၁၂ ညပိုင်းကလည်း တောင်ဥက္ကလာပရှိ နေအိမ်တစ်လုံးအား အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆီ အချိန်ပိဿာ ၃၀၀ နှင့် အသုံးအဆောင်များ၊ ချက်ထားသော ထမင်း၊ ဟင်းများပါမကျန် လုယက်ယူငင်သွားသည်။



