သတင်း

စစ်ကောင်စီတပ်က သွားဆရာဝန်ကို အခမဲ့ဆေးကုမှုဖြင့် ဒဏ်ရိုက်

ရန်ကုန်မြို့မှ သွားဆရာဝန်တစ်ဦးကို အခမဲ့ဆေးကုသ၍ဟု အကြောင်းပြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၀ ညနေပိုင်းတွင် ဒဏ်ရိုက်ခဲ့သည်။ 

ဧပြီ ၁၀၊ ညနေ ၃ နာရီတွင် အဆိုပါသွားဆရာဝန်သည် လူနာအိမ်သို့ သွားရောက်၍ ဆေးကုသပြီး ပြန်လာစဉ် မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားထိပ်တွင် ၎င်းမောင်းနှင်လာသော ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး ကားတစ်စီးလုံးကို မွှေနှောက်ရှာဖွေကာ အနိုင်ကျင့်ခဲ့ခြင်းဖြစ်သည်။

သေနတ်သမားတို့က ကားကို တား၍ မှန်များချခိုင်းပြီး ကားအတွင်း ရှာဖွေစစ်ဆေးကြောင်း ၎င်းဆရာဝန်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်က လက်နက်အပြည့်အစုံကိုင်ဆောင်၍ ရှာဖွေခြင်းဖြစ်ပြီး ၎င်းတို့အနက် တစ်ဦးက ယာဉ်အတွင်း ထိုင်ခုံပေါ်တွင် တင်ထားသည့် ပိုက်ဆံအိတ်ကို မြင်၍ လှမ်းယူကာ ဖွင့်ကြည့်ပြီးနောက် “ဆေးကုလို့ ရတာလားဟု ” မေးခဲ့ကြောင်း သိရသည်။

ဆရာဝန်က ၎င်းသည် အခမဲ့ကုသပေးနေခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

သို့သော်လည်း အနိုင်ကျင့်လုယက်ဖျက်ဆီးမှုများဖြင့် နာမည်ကြီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အခမဲ့ဆေးကုသ၍မရကြောင်း ပြောကာ ပိုက်ဆံအိတ်အတွင်းရှိ တစ်သိန်းနှစ်သောင်းကို ဒဏ်ကြေးဟုဆိုကာ သိမ်းယူလိုက်ခြင်း ဖြစ်သည်။ 

“အကြွေတွေတော့ မယူသွားဘူး။ ဆက်ပြီး ခြိမ်းခြောက်တာတွေတော့ မရှိဘူး။ ဖုန်းဆက်စစ်မှာ ကြောက်လို့၊ ကျွန်တော်က ပြောလိုက်တယ်။ အဲဒါဆို ရပြီလား သွားတော့မယ်နော်လို့။ သူတို့ကလည်း ပိုက်ဆံလည်းရသွားပြီဆိုတော့ ကျေနပ်သွားပုံပဲ။ ရပါပြီတဲ့။ နောက် ဒီလိုထပ်မလုပ်နဲ့တဲ့” ဟု ပြောကြောင်း သွားဆရာဝန်က ပြောသည်။

ဆက်လက်ပြီး “လူက ပူထူသွားပြီး ကားက ဆက်မောင်းလို့ မရတော့ဘူး။ သူတို့နဲ့ နည်းနည်းလှမ်းပြီးတော့ လူနည်းနည်းရှင်းတဲ့နေရာမှာ ကားခဏရပ်လိုက်တယ်။ စိတ်တွေ အရမ်းလှုပ်ရှားနေတယ်။ သူတို့ရဲ့လုပ်ရပ်က အရမ်း ရုပ်ပျက်လွန်းနေပြီ။ ဥပဒေဆိုတာကို လုပ်ချင်သလို လုပ်နေတယ်။ ပြည်သူတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုး ချိုးနေတာ။ အကြောက်တရားတွေကို ရိုက်သွင်းပေးနေတာ။ သူတို့လုပ်ရပ်တွေက အောက်တန်းကျ ယုတ်မာလွန်းလို့ ပြောစရာစကားတောင် မရှိတော့ပါဘူး” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် ပြည်သူများထံမှ ပစ္စည်းများကို လုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ လူကို ဖမ်းဆီး၍ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်းတို့ကဲ့သို့ ပြန်ပေးဆွဲသည့် ပုံစံများကိုလည်း ပြုလုပ်နေသည်။

ဆန့်ကျင်ကန့်ကွက်လျှင် ပစ်သတ်ခွင့်ရရှိထားသည့် အနယ်နယ်အရပ်ရပ်မှ တပ်ဖွဲ့ဝင်တို့၏ အနိုင်ကျင့်လုယက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့၊ ဒီပဲယင်းမြို့တို့ရှိ ရွာများတွင် ၎င်းတို့ ရွာထဲဝင် စစ်ဆေးစဉ် နေအိမ်များသို့ ဝင်ရောက်ကာ တန်ဖိုးရှိသည့် ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ဒေသခံတို့က Myanmar Now ကို ပြောခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၀ ရက်အထိ ပြည်သူ ၇၀၁ ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

Show More

Related Articles

Back to top button