ဆောင်းပါး

မန္တလေးက တော်လှန်သင်္ကြန်

သင်္ကြန်နှင့် ခွဲခြားမရသည့် မန္တလေးမြို့တော်သည် အခြားမြို့များနည်းတူ တော်လှန်ရေးသပိတ်များဖြင့် သင်္ကြန်အကြိုနေ့ကို စတင်လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိတ်ဆိတ်ခြောက်ကပ်ခဲ့ရပြီး ၂၀၂၁ နှစ်ဆန်းတွင်မူ ကိုဗစ်ကာကွယ်ဆေး ရရှိတော့မည်ဖြစ်သောကြောင့် သင်္ကြန်အတွက် မျှော်လင့်ချက်တချို့ ရှိခဲ့ကြသည်။

သို့သော် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် ၂၀၂၁  သင်္ကြန်သည်လည်း ပြည်သူ့အသံ တိတ်ဆိတ်သွားသည်။

အတာအိုးဖြင့် သင်္ကြန်ကြိုဆိုရာတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ၊ တော်လှန်ရေးအငွေ့အသက်များဖြင့် ကြိုဆိုခဲ့ရသည်။

သင်္ကြန်ကာလ တရားသီလဘာဝနာများ ချီးမြှင့်ပေးရသည့် ဆရာတော်သံဃာတော်များသည်လည်း အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရသည်။ အတာရေကစားကာ ပျော်ရွှင်လေ့ရှိကြသည့် လူငယ်များသည်လည်း လမ်းမထက်များတွင် ကြွေးကြော်သံများ အော်ဟစ်နေရသည်။ 

လူသွားလူလာသိပ်မရှိဘဲ ခြောက်ကပ်နေသည့် မန္တလေးကို ယနေ့တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

သင်္ကြန်ကာလ စည်ကားလေ့ရှိသော ကျုံးပတ်လည်တွင် လူသွားလူလာမရှိဘဲ ကျုံးဘေး စတီးလက်ရန်းများပေါ်တွင် စစ်သားတို့၏ ယူနီဖောင်းများလှန်းထားသည်။

ကိုဗစ်နိုင်တင်းကြောင့် မထွက်နိုင်ခဲ့သော မြို့မငွေငန်းသည်လည်း ယခုနှစ်တွင် သေနတ်ကျည်ကို ပုန်းရှောင်ကာ အသင်းတိုက်အတွင်း ငြိမ်ကုပ်နေရသည်။

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကိုလည်း ယခုနှစ် မထုတ်လွှင့်တော့ဘဲ သင်္ကြန်မိုးဇာတ်ကောင် သက်ထွေးအဖြစ် သရုပ်ဆောင်သည့် မင်းသား ဦးဇင်ဝိုင်းသည်လည်း စစ်ကောင်စီကို အန်တုခဲ့သူတစ်ဦးဖြစ်သောကြောင့် တိမ်းရှောင်နေသည်ဟု သိရသည်။ 

မန္တလေးသူတစ်ဦးကတော့ ” သင်္ကြန်မလုပ်တာ ပိုကြိုက်တယ်၊ မလုပ်သင့်ဘူးလို့ ထင်တယ်။ ပြီးတော့ အခုထိ သင်္ကြန်အနံ့တောင်မရ၊ သင်္ကြန်အရသာလည်းမရဘူး။ ခံစားချက်ကို မရှိတာလေ။ စိတ်ထဲမှာ လူတွေသေတာ စိတ်ထိခိုက်တုန်းရှိသေးတယ်။ သင်္ကြန် စိတ်မဝင်စားတဲ့အပြင် အပြင်ထွက်ရင်ကို စိတ်က နေလို့မကောင်းတဲ့အထိ စိတ်ခံစားချက်မကောင်းဘူး” ဟု ပြောသည်။ 

ယနေ့ (ဧပြီလ ၁၃ရက်) မဟာသင်္ကြန်အကြိုနေ့တွင် မန္တလေးအင်ဂျင်နီယာများအဖွဲ့၏ စစ်အာဏာရှင်ပြုတ်ကျရေး ”အတာဦးသပိတ်ပွဲ”၊ ပြည်ကြီးတံခွန်မြို့နယ်က ဆိုင်ကယ်သပိတ်၊ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းပတ်၌ လူမဲ့အတာသပိတ်များလည်း ပြုလုပ်ခဲ့ကြသည်။

အလားတူ ဆရာတော်သံဃာတော်များပါဝင်သည့် သံဃာ့သပိတ်စစ်ကြောင်း၊ ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စက်မှုစုပေါင်းသပိတ်၊ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ညာရေးသပိတ်အစရှိသည့် သပိတ်စစ်ကြောင်းများပူးပေါင်းကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုအဖြစ် ငြိမ်းချမ်းစွာချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်ကောင်စီလက်အောက်တွင် ပုံမှန်အတိုင်းဖြစ်နေသည်ဟူသော စစ်တပ်၏ ထုတ်ပြန်ချက်များကို အန်တုသောအားဖြင့် ယခုနှစ်သင်္ကြန်ရက်များအတွင်း ရေမကစားကြရန် မန္တလေးအပါအဝင် လူထုက နိုင်ငံအနှံ့တွင် တိုက်တွန်းလုပ်ဆောင်နေကြသည်။

Related Articles

Back to top button