မြန်မာမင်းဆက် နောက်ဆုံးနန်းစိုက်ရာ မန္တလေးမြို့၏ သင်္ကြန်အကြိုနေ့မှာ သင်္ကြန်အငွေ့အသက်များ ကင်းမဲ့နေသည်။ ဧပြီ ၁၂ က တစ်ညလုံး သဲကြီးမဲကြီး ရွာသွန်းထားသည့် မိုးရေများ၊ လေပြင်းဒဏ်ကြောင့် ကျိုးပဲ့နေသည့် ကြော်ငြာဆိုင်းဘုတ်များ၊ လေပြင်းဒဏ်ကြောင့် ပြတ်တောက်နေသည့် ဓာတ်ကြိုးများကသာ မန္တလေး၏ လမ်းမများပေါ်တွင် နေရာယူထားသည်။
သင်္ကြန်အထိမ်းအမှတ် အတာအိုးများကိုင်ဆောင်ထားသည့် ရာနှင့်ချီသော မန္တလေးမြို့ခံပြည်သူများသည် “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး” “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး” ကြွေးကြော်သံများဖြင့် လှည့်လည်ဆန္ဒပြနေကြသည်။
လမ်းတလျှောက်ကြိုဆိုသူများကလည်း သပြေခက်ဖြင့် ရေဖျန်းပက်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်။
ထိုသပိတ်စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေး သံဃာ့သပိတ်စစ်ကြောင်းတို့အပါအဝင် မန္တလေးမြို့ခံ ဆန္ဒပြပြည်သူများပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် နွေဦးတော်လှန်ရေးကာလတွင် ကြွေလွင့်သွားရသည့် ရဲဘော်ရဲဘက်များအတွက် ယခုနှစ်သင်္ကြန်တွင် အပျော်ကြူးခြင်းမပြုကြရန် ဆုံးဖြတ်ထားကြောင်း ထိုသပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးဖြစ်သူ မန္တလေးမြို့ခံ ကဗျာဆရာ ကိုကျော်ကြီးက Myanmar Now ကို ပြောသည်။
“တော်လှန်ရေးကြွေးကြော်သံနဲ့ပဲ ဒီသင်္ကြန်ကို ဖြတ်သန်းမှာဖြစ်ပါတယ်” ဟု ဆန္ဒပြကြွေးကြော်နေရင်းက ၎င်းက ပြောသည်။
မြန်မာပြည်အလယ်ပိုင်းရှိ မန္တလေးမြို့မှာ သင်္ကြန်ပွဲတော်နှင့် ခွဲခြားမရသည့် မြို့ဖြစ်သည်။
မန္တလေးတိုင်းစစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပရန် စီစဉ်ခဲ့ကြောင်း မန္တလေးနေ့စဉ်သတင်းစာက မတ် ၁၈ တွင် ဖော်ပြခဲ့သည်။
မနှစ်ကသင်္ကြန်ပွဲတော်မှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပဖြစ်ပေ။ ယခုနှစ်တွင်လည်း စစ်ကောင်စီက သင်္ကြန်ပွဲကို ပိတ်ပင်ခြင်းမပြုသော်လည်း ဆန္ဒပြပြည်သူအများအပြား ပစ်သတ်ခံထားရသည့်အတွက် သင်္ကြန်ပွဲတော်အစား ဆန္ဒပြပွဲများသာ ကျင်းပရန် မြန်မာပြည်သူအများစုက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူ ၇၁၀ ဦး၊ ဖမ်းဆီးခံထားရသူ ၃၀၈၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၁၂ တွင် ထုတ်ပြန်ထားသည်။
ဧပြီ ၉ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်တပ်များက ပဲခူးမှ အပြစ်မဲ့ပြည်သူ ၈၀ ထက်မနည်းကို ပစ်သတ်ခဲ့သည်ဟု ဒေသတွင်းရင်းမြစ်တချို့ကို ကိုးကားပြီး AAPP က ထုတ်ပြန်ထားသည်။ ထိုပစ်ခတ်မှုတွင် စစ်မြေပြင်သုံး လက်နက်များကိုပါ စစ်ကောင်စီတပ်က အသုံးပြုခဲ့သည်ဟု ပဲခူးမြို့ခံ မျက်မြင်သက်သေများက သတင်းမီဒီယာများကို ဖြေကြားထားသည်။
သင်္ကြန်၏ သင်္ကေတများ ဆိတ်သုဉ်းနေသည်မှာ မန္တလေးတစ်မြို့တည်းတော့မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင်လည်း သင်္ကြန်၏ အငွေ့အသက်များအစား ဆန္ဒပြပြည်သူများကသာ နေရာယူထားသည်။ ခါတိုင်းနှစ်များတွင် သင်္ကြန်ရေပက်ခံကားများ၊ သင်္ကြန်မဏ္ဍပ်များဖြင့် စည်ကားနေသည့် ရန်ကုန်မြို့၏ လမ်းမများမှာ တိတ်ဆိတ်နေပြီး နေရာတချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရှာဖွေစစ်ဆေးရေးလုပ်နေကြသည်။
လူငယ်အများအပြားက ယခုနှစ်သင်္ကြန်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး “တော်လှန်သင်္ကြန်” အဖြစ်သာ ကုန်ဆုံးရန် လွန်ခဲ့သည့် ၂ ပတ်အလိုခန့်က တိုင်ပင်ပြီးဖြစ်သည်။
မြန်မာပြည်သူလူထု အဓိကထားအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာ Facebook တွင်လည်း “တော်လှန်သင်္ကြန်” အဖြစ် ကုန်ဆုံးရန် လူငယ်အချင်းချင်း လှုံ့ဆော်ပြောဆိုနေကြပြီးဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီက အင်တာနက်အသုံးပြုနိုင်မှု အကြီးအကျယ် ကန့်သတ်ထားသည့်အတွက် ထိုလှုံ့ဆော်မှုမှာ ထင်သလောက် လွယ်ကူသည်တော့ မဟုတ်ပေ။
ထို့ကြောင့် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်သူ တက်ကြွလူငယ်များက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ပြန်လည်တိုက်ခိုက်ရာတွင် အသုံးပြုသည့် မိုလိုတော့ဗ်စာစဉ်အမည်ဖြင့် စာစောင်ထုတ်ဝေပြီး ပြည်သူလူထုကြားတွင် ဖြန့်ဝေခဲ့သည်။
ထိုမိုလိုတော့ဗ်စာစဉ်ကလည်း ပြီးခဲ့သည့် တစ်ပတ်ကတည်းကပင် “ပျော်စရာမဟုတ်သည့် တော်လှန်သင်္ကြန်” “ဖက်ဆစ်စစ်တပ်ကို အာခံမယ့် ပြည်သူတွေရဲ့ အတာသင်္ကြန်ပွဲ” စသည့် ကြွေးကြော်သံများပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူလူထုထံ ဖြန့်ဝေထားပြီးဖြစ်သည်။
ရန်ကုန်ရှိလူငယ်များကလည်း ဧပြီလစကတည်းကပင် “မိုလိုတော့ဗ်စာစဉ်” “နွေဦးအသံ” စသည့် နွေဦးတော်လှန်ရေးထဲက ထွက်ပေါ်လာသည့် စာစောင်များကို စျေးများ၊ လမ်းမများ၊ ဘတ်စကားများပေါ်တွင် လိုက်လံဖြန့်ဝေခဲ့ကြသည်။
ထိုသို့ နွေဦးတော်လှန်ရေးကာလတွင် ကျင်းပမည့် သင်္ကြန်ကို “တော်လှန်သင်္ကြန်” အဖြစ် ဆင်နွှဲရန် ဦးဆောင်လှုံ့ဆော်သူများတွင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုအောင်လေးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီတောင်းဆိုသူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် ကာလဖြစ်သည့်အတွက် ယခုနှစ်သင်္ကြန်မှာ ပြည်သူလူထုက ကျင်းပလိုသည့် သင်္ကြန်မျိုးမဟုတ်ကြောင်း ကိုအောင်လေးက ပြောသည်။
“လူထုကတော့ ကျွန်တော်တို့နဲ့အတူတူ လိုက်ပါစီးဆင်းနေတယ်။ အခုဆိုရင် ရန်ကုန်မှာ ရေပက်တာလည်း မရှိဘူး၊ ဆန္ဒပြပွဲတွေပဲ ရှိပါတယ်” ဟု ၎င်းက ပြောလိုက်သည်။
အကြိုနေ့တွင် အတာအိုးသပိတ်၊ အကျနေ့တွင် သွေးမတိတ်သပိတ်၊ အကြတ်နေ့တွင် ကားသပိတ်၊ အတက်နေ့တွင် တိတ်ဆိတ်ခြင်းသပိတ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူ သူရဲကောင်းများအတွက် ဆုတောင်းပွဲများ တစ်နိုင်ငံလုံးအနှံ့ ကျင်းပသွားရန် ရည်ရွယ်ထားသည်ဟု ၎င်းက ပြောသည်။
ပြည်သူအများစုသည် လက်နက်အားကိုး အာဏာယူထားသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သပိတ်မှောက်ထားသကဲ့သို့ နှစ်ကူးသင်္ကြန်ပွဲတော်ကိုပါ သပိတ်မှောက်ထားကြခြင်းပင်။
မကောင်းဆိုးဝါးနှင်ထုတ်သည့် အစီအစဉ်ဖြစ်သော ည ၈း၀၀ နာရီတိုင်း သံပုံးတီးသည့်လှုပ်ရှားမှု မပျက်မကွက် ဆက်လုပ်နိုင်ရန် အခြေအနေပေးသော ရပ်ကွက်၊ မြို့နယ်များသည် သင်္ကြန်ကာလတွင်လည်း အစဉ်အလာမပျက် သံပုံးတီးခြင်းဖြင့် အာဏာရှင်ကို အန်တုကြောင်း ပြသနေကြသည်။
မန္တလေးမြို့ခံတစ်ဦးဖြစ်သူ မရင်ရင် (အမည်လွှဲ) က ယခင် မြန်မာနှစ်ကူးကာလများတွင် ရေကစားမဏ္ဍပ်တွင် အချိန်ကုန်လေ့ရှိပြီး သင်္ကြန်နှင့် တစ်သားတည်းဖြစ်ခဲ့သော်လည်း စစ်ကောင်စီက အာဏာသိမ်းပြီး ရက် ၆၀ ဝန်းကျင်အတွင်း အရပ်သား ၆၀၀ ဝန်းကျင်ကို ပစ်သတ်ထားသည့် ယခုနှစ်အတွက်မူ သင်္ကြန်အစဉ်အလာကို မေ့ထားသင့်သည်ဟု ပြောသည်။
စစ်အာဏာသိမ်းမှုက သူတို့၏ အိမ်မျက်များ၊ အနာဂတ်များကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။
သင်္ကြန်ပွဲတွင် ပါဝင်မည်ဆိုပါက အကြမ်းဖက်သူနှင့် အလိုတူအလိုပါ ဖြစ်ရာရောက်လိမ့်မည်ဟု သူက မှတ်ချက်ချသည်။
“ဒီလောက်ရက်ရက်စက်စက် ပစ်သတ်ထားတာ ပြည်သူတွေရဲ့ သွေးတွေက ခုထိစီးနေတုန်းပဲ။ ဒါကြောင့် ဒီနှစ်သင်္ကြန်ဟာ တော်လှန်သင်္ကြန်ပဲ၊ တော်လှန်နေကြမယ်၊ စစ်တပ်လုပ်သမျှ ဘာမှ အသိအမှတ်မပြုဘူး။ သူတို့ လုံးဝ အုပ်ချုပ်လို့ မရစေရဘူး” ဟု မရင်ရင်က ပြောလိုက်သည်။