ယမန်နေ့ (ဧပြီ ၁၂) ညနေပိုင်းတွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စုမှ ရွာသုံးရွာကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ထောင်နှင့်ချီပြီး တိမ်းရှောင်နေရသည်။
တောင်တွင်းကြီးမြို့နှင့် ၁၂ မိုင်ခန့်ဝေးသည့် ပတ်လည်ကြီး၊ ပျဉ်ချောင်းနှင့် စည်သာ အစရှိသည့် ရွာသုံးရွာတွင် အာဏာသိမ်းစစ်တပ်က ဧပြီ ၉ ကတည်းက ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွာသုံးရွာသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်သော ရွာများဖြစ်ပြီး ပျဉ်ချောင်းရွာတွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးခန့်အပ်မှုအပေါ် ကန့်ကွက်ရန် ပြင်ဆင်နေသည်။
ယင်းနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်များက ပျဉ်ချောင်းကျေးရွာသို့ ရောက်ရှိလာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူများ၏ နေအိမ်များအပါအဝင် အိမ် ၁၂ လုံးကို ဖျက်ဆီးကာ ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားသည်။ ညနေတွင် ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသနေရသည်။
“ဆန္ဒပြပွဲဦးဆောင်သူတွေရဲ့ အိမ်တွေကို ရစရာမရှိအောင် ဖျက်ဆီးသွားတယ်။ မီးဖိုချောင်တွေ၊ ရေတင်တဲ့စက်တွေကအစ၊ ဒန်အိုးဒန်ခွက်တွေ၊ စပါးကျီတွေ အားလုံးကို ဖျက်ဆီးသွားတာ။ နှမ်းတွေနဲ့ စပါးတွေ နဲ့ ဆန်တွေနဲ့ အကုန်လုံး ရောမွှေထားခဲ့တာ။ ဘာမှရစရာမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ဧပြီ ၁၂ ညနေပိုင်းတွင် အဆိုပါ ရွာသုံးရွာသို့ ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ခြောက်လှန့်၍ နေအိမ်များအတွင်း လိုက်လံရှာဖွေနှောင့်ယှက်ခဲ့သည်။
ညအချိန် ရွာတွင်း၌ ဆက်လက်တပ်စွဲထားရာ မီးဖွားပြီးစ ရက်ပိုင်းသာရှိသေးသူနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံတို့ ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
“ရွာမှာ ဘယ်သူမှ မနေရဲဘူး။ အကုန်ထွက်ပြေးနေရတယ်။ ရွာမှာ ဘယ်သူမှကို မကျန်ဘူး။ ဒီနေ့လည်း မီးရှို့လိုက်တာ အိမ်တစ်လုံးလည်း ပြာကျသွားတယ်။ ရွာကို မြင်ရတဲ့ ကုန်းပေါ်ကနေပဲ စောင့်ကြည့်နေရတယ်” ဟု ပတ်လည်ကြီးရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ကင်းချောင်းရွာ၊ စည်သာရွာနှင့် ပတ်လည်ကြီးရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၁,၃၀၀ ဝန်းကျင်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၃,၀၀၀ ကျော် ရှိသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် မြို့ပေါ်ရှိ ငြိမ်းချမ်းစွာဆန္ဒပြသူနေသူများကို စစ်မြေပြင်ရှိ ရန်သူကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခဲ့ရုံသာမက နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအထိ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။