
အာဏာသိမ်းစစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုပေါင်းစုံဖြင့် အကြီးအကျယ် သတင်းအမှောင်ချထားသဖြင့် ကျေးလက်များတွင် ရေဒီယိုသတင်းထုတ်လွှင့်ချက်များကို ပိုမိုအားကိုးလာရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် သတင်းစာ၊ အင်တာနက်နှင့် PSI ဂြိုဟ်တုစလောင်းများအထိ တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်ပိတ်ပင်ခဲ့ရာမှ သတင်းမှန်ရရှိရေးအတွက် ရေဒီယိုကို အားကိုးလာရသည်ဟု ရန်ကုန်တိုင်းအတွင်း ကျေးရွာတစ်ခုမှ ဦးဌေးနိုင်က ဆိုသည်။
“ပထမကတော့ Facebook ကနေ သတင်းတွေကြည့်တာပေါ့။ အဲ့ဒါတွေ ပိတ်လိုက်တော့ ရေဒီယိုနဲ့ BBC, VOA, RFA တို့ ဖမ်းပြီး အဲ့ဒီသတင်းကို အရယူနေရတာပေါ့။ အဲဒီသတင်းလေးကိုပဲ ကြားနေရတယ်။ ကျန်တာက လုံးဝ အဆက်အသွယ်ပြတ်သွားတယ်” ဟု ဦးဌေးနိုင်က ဆိုသည်။
ပြည်ပအခြေစိုက် RFA, VOA နှင့် BBC တို့၏ ၁၅ မိနစ်နှင့် နာရီဝက်စာ ရေဒီယိုသတင်းထုတ်လွှင့်ချက်များကို မနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဖမ်းယူနားဆင်ခြင်းဖြစ်သည်။ ရေဒီယိုသတင်းထုတ်လွှင့်ချက်များတွင် ထိပ်တန်းရောက် နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများ၊ သတင်းသုံးသပ်ချက်နှင့် တွေ့ဆုံမေးမြန်းမှုများ ဖမ်းယူနားဆင်နိုင်သည်။
အထူးသဖြင့် စစ်ကောင်စီက ဖုံးကွယ်ထားသည့် အကြမ်းဖက်ဖြိုခွင်းခံရမှုများ၊ နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်သာ သတင်းများ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားသည့် စစ်ရေးအခြေအနေများနှင့် မြန်မာနှင့်ဆိုင်သော နိုင်ငံတကာသတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းယူနားဆင်နိုင်သည်။
ရေဒီယိုလှိုင်းမှတဆင့် ထုတ်လွှင့်ချက်များဖြစ်သဖြင့် အကြိမ်ကြိမ် ပြန်လည်နားဆင်၍မရဘဲ သတ်မှတ်ထားသည့် ထုတ်လွှင့်ချိန်များတွင်သာ နားဆင်နိုင်ပြီး အင်တာနက်ပလက်ဖောင်းများတွင် သတင်းများကြည့်ရှုရသကဲ့သို့ ကြည်လင်ပြတ်သားမှု မရှိပေ။
နည်းပညာထွန်းကားလာခြင်းကြောင့် အင်တာနက်အခြေခံ ပလက်ဖောင်းမျိုးစုံမှ သတင်းအချက်အလက်များစီးဆင်းလျက်ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီက ဟန့်တားကန့်သတ်နေခြင်းကြောင့် သတင်းသိပိုင်ခွင့်အတွက် ရေဒီယိုခေတ်သို့ တစ်ကျော့ပြန် ရောက်ရှိလာရခြင်းဖြစ်သည်။
အင်တာနက်ဖြတ်တောက်ခံရပါက ရေဒီယိုမှတစ်ဆင့် သတင်းအချက်အလက်များ ပေးပို့နိုင်ရန်နှင့် အာဏာရှင်တော်လှန်ရေး နွေဦးတော်လှန်ရေးလှုပ်ရှားမှုများ အဆက်မပြတ်စေရန် FM လိုင်းတစ်ခုကို Generation-Z လူငယ်များဦးဆောင်ကာ ရန်ကုန်တွင် စတင်ထုတ်လွှင့်လျက်ရှိသည်။
“အခု ရေဒီယိုလေးရနေတာကို တစ်ပန်းသာတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားတာ၊ သိတာတွေကို ကျန်တဲ့လူတွေကို ပြန်ပြီးဖြန့်ဝေပေးတယ်။ မျှဝေပေးတယ်။ ပြောပြတယ်ပေါ့။ သူတို့က ဘာမှမသိရှာဘူး။ ဟုတ်လား။ အဲ့ဒီလောက်ဖြစ်နေပြီလားဆိုပြီးတော့ပေါ့” ဟု ဦးဌေးနိုင်က ဆိုသည်။
စစ်အုပ်စုသည် အာဏာသိမ်းသည့်နေ့တွင် နိုင်ငံတစ်ဝန်း ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့သည်။ ထို့နောက်တွင် ဖုန်းလိုင်းများပြန်ဖွင့်ပေးသော်လည်း အင်တာနက်ကို အချိန်အကန့်အသတ်ဖြင့်ဖွင့်ပေးခဲ့ပြီး လူသုံးတွင်ကျယ်သည့် Facebook နှင့် Twitter တို့ကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိရန် ပိတ်ပင်ခဲ့သည်။ လွတ်လပ်သည့် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။
သတင်းအချက်အလက်မျှဝေရန်နှင့် ဆန္ဒပြဖြိုခွင်းမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်းကြောင့် တယ်လီဖုန်းတွင် VPN ဆော့ဝဲထည့်ကာ Facebook ကို ဆက်လက်အသုံးပြုနိုင်ခဲ့ကြသည်။
သို့သော်လည်း မတ် ၁၅ တွင် မိုဘိုင်းအင်တာနက်ကို လုံးဝဖြတ်တောက်လိုက်ပြီး ကြိုးမဲ့အင်တာနက်များကို ထပ်မံပိတ်ပင်ခဲ့သည်။
ယခုအခါ အနယ်နယ်အရပ်ရပ်တွင် ကြည့်ရှုမှုများပြားလာသည့် PSI ဂြိုဟ်တုစလောင်းများကို စစ်ကောင်စီက ဖြုတ်သိမ်းခိုင်းနေပြီး ဆက်လက်အသုံးပြုပါက ဖမ်းဆီးဒဏ်ရိုက်မည်ဟု စစ်ကောင်စီလက်နက်ကိုင်များက လိုက်လံကြေညာထားကြောင်း မကွေးမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
PSI ဂြိုဟ်တုစလောင်းတွင် DVB နှင့် မဇ္ဈိမရုပ်သံတို့ကို ဖမ်းယူကြည့်ရှုနိုင်ပြီး အင်တာနက်များပိတ်ပင်ထားချိန် အာဏာရှင်ဆန့်ကျင်ရေးသတင်းအချက်အလက်များကို PSI စလောင်းမှ အဓိကဖမ်းယူကြည့်ရှုရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မြောက်ကိုရီးယားရောက်သွားသလို ဖြစ်သွားတယ်။ ကျွန်တော်တို့ဆီမှာ ဘာမှ သတင်းမရတော့ဘူး။ သိတဲ့သူ၊ ဖုန်းလိုင်းကနေ ဖုန်းဆက်ပြီးတော့ လေ့လာတာလောက်ပဲ ရှိတော့မှာ” ဟု စစ်ကောင်စီ လက်ကိုင်တုတ်များ ရန်ပြုမည်ကို စိုးရိမ်သဖြင့် အမည်ဖော်ပြခြင်း မပြုလိုသော ထိုအမျိုးသားက ဆက်ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်မှု အရောင်းဆိုင်များမှတစ်ဆင့် PSI စက်များသိမ်းဆည်းမှုရှိကြောင်း ကြံခင်းမြို့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။ သိမ်းဆည်းသည်ဟုဆိုသော်လည်း ပြည်သူတို့က ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံသည့် ခံဝန်လက်မှတ်ကို စစ်ကောင်စီတပ်က ရေးထိုးခိုင်းကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ကြံခင်းမြို့ပေါ်တွင် PSI စလောင်များဖြုတ်သိမ်းခိုင်းမှုမရှိသေးသော်လည်း ကျေးရွာများတွင်မူ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖြုတ်သိမ်းခိုင်းမှုရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။
“သတင်းအမှောင်ချတယ်လို့ သတ်မှတ်တယ်ဗျ။ အင်တာနက်တွေဖြတ်ထားတယ်ဗျာ။ အင်တာနက်တွေဖြတ်ထားတဲ့အတွက် လူထုက ဘာသတင်းမှမသိရဘူး။ သတင်းမှန်လေးတွေကို လက်ရှိလွှင့်ပေးနေတဲ့ DVB နဲ့ မဇ္ဈိမလိုင်းကို PSI ဗန်းတို့ကပဲ ကြည့်ရှုခွင့်ရတာ။ ဒါတွေကို လိုက်ပြီးသတင်းအမှောင်ချတဲ့ သဘောလို့ထင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဖိုက်ဘာအင်တာနက်လိုင်းများဆက်လက်ဖွင့်ထားဆဲဖြစ်သော်လည်း ခရိုင်အဆင့်မြို့များတွင်သာ ဝန်ဆောင်မှုရခြင်းကြောင့် နယ်မြို့များနှင့် ကျေးရွာများအနေဖြင့် အင်တာနက် လုံးဝပြတ်တောက်လျက်ရှိသည်။
ထို့ကြောင့် ဖုန်းဖြင့် သတင်းဖယ်လှယ်ခြင်း၊ အသိအကျွမ်းတချို့ပေးပို့သည့် သတင်းအနှစ်ချုပ်ဖုန်းမက်ဆေ့များမှတဆင့် သတင်းသိရှိခွင့် အနည်းငယ်ရနေသည်။ ကျေးလက်နေပြည်သူများအနေဖြင့် ဖိုက်ဘာလိုင်းရသည့် မြို့ပေါ်သို့သွားရောက်ကာ အသုံးပြုနိုင်သော်လည်း အချိန်များစွာပေးရသည့်အပြင် လမ်းတွင် စစ်ဆေးဖမ်းဆီးမှုများရှိတတ်သောကြောင့် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
“ခက်တာတော့ခက်ခဲပါတယ်။ ကျေးလက်ကတော့ သတင်းအမှောင်ကျသွားပြီ။ တစ်ယောက်ယောက်က ပြောတဲ့စကားဆိုရင် အဲ့ဒီစကားကို အတည်ဆိုပြီး မှတ်ယူနေကြပြီ။ အခုချိန်က ရေဒီယိုလောက်ပဲသုံးလို့ အဆင်ပြေလောက်တယ်” ဟု ကြံခင်းမြို့မှ အဆိုပါအမျိုးသားက ဆိုသည်။
လူမြင်ကွင်းတွင် တပ်ဆင်ထားတတ်ကြသည့် PSI စလောင်းများကို ဖြုတ်ရန် စစ်ကောင်စီ၏ လက်မရွံ့တပ်သားများက နေရာအနှံ့အပြားတွင် အမိန့်ပေးနေသော်လည်း ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ၏ ထုတ်လွှင့်မှုကို နားထောင်ခြင်း မပြုရန် အရပ်သားများကို ပိတ်ပင်ခြင်း မရှိသေးပေ။
မီဒီယာပလက်ဖောင်းများကို အကြီးအကျယ်ကန့်သတ်ပိတ်ပင်နေသော်လည်း ဝါဒဖြန့်ချိရေးသတင်းများကိုမူ နိုင်ငံပိုင်သတင်းစာများ၊ မြဝတီနှင့် မြန်မာ့ရုပ်သံတို့မှ အဆင်မပြတ်ထုတ်လွှင့်လျက်ရှိသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပုံဖျက်သည့်သတင်းများသာ အဓိကထုတ်လွှင့်နေခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ဉာဏ်ဖြင့် ယှဉ်ယုံကြည်ရန် လိုအပ်ကြောင်း ပဲခူးမြို့ နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် Myanmar Nowကို ပြောဆိုခဲ့သည်။
လူထုအနေဖြင့် နိုင်ငံရေးအသိ ရှိနှင့်ပြီးဖြစ်သဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းများကို အရှိန်အဟုန်ဖြင့် ထုတ်လွှင့်နေသည့်တိုင် ယုံကြည်လက်ခံမှုမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မကွေးတိုင်းမြိုင်မြို့နယ်မှ တိုင်းဒေသခံလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ဆိုသည်။