အာဏာသိမ်းစစ်တပ်က ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမည့် ငြိမ်းချမ်းရေးဖိုရမ်ကို နေပြည်တော်တွင် ၃ ရက်ကြာ ပြုလုပ်နေပြီဖြစ်ပြီး စစ်ခေါင်းဆောင် တက်ရောက်ခဲ့ သလို အပစ်ရပ်လက်မှတ်မထိုးထားသည့် လက်နက်ကိုင်တပ်တချို့လည်း တက်ရောက်ခဲ့သည်။
NCA အပစ်ရပ်လက်မှတ် မထိုးထားသည့် အင်အားကြီး “ ဝ “တပ်ဖွဲ့ (UWSA)နှင့်အတူ ရှမ်းတပ် (SSPP) ၊ မိုင်းလားတပ် (NDAA) တို့က တစ်ဦးစီ တက်ရောက်ခဲ့သည်ဟု ပါဝင်တက်ရောက်သူတစ်ဦးထံက သိရသည်။
စစ်ကောင်စီနှင့်နီးစပ်သော တရုတ်၊ အိန္ဒိယ နှင့်ရုရှား သံတမန်များလည်း တက်ရောက်ကြပြီး ၆ နိုင်ငံမှ Think Tank ပညာရှင်များ၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၊ မြန်မာနိုင်ငံဆိုင်ရာ UAE သံအမတ် တို့ တက်ရောက်ခဲ့သည်။
ထို့ပြင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် ဦးလှမောင်ရွှေ ၊ အာဏာသိမ်းစစ်ကောင်စီ၏ အကြံပေးအဖွဲ့ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ တည်ထောင်သူ ဒေါက်တာဇော်ဦးတို့ တက် ရောက်လာသည်ကိုလည်း တွေ့ရသည်။
အပစ်ရပ် NCA လက်မှတ်ထိုးထားသောအဖွဲ့များ၊ စစ်ကောင်စီနှင့် ပနံသင့်သော နိုင်ငံရေးပါတီများလည်း တက်ရောက်လာကြသည်။
ယနေ့ ဇွန် ၂၅ ရက်မှစတင်ကာ ၂၇ ရက်အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ၃ ရက်ကြာ ပြုလုပ် မည်ဖြစ်ပြီး ပြည်တွင်းပဋိပက္ခနှင့် ပြည်တွင်းစစ်များချုပ်ငြိမ်းရေး ဆွေးနွေးကြမည်ဟု စစ်ကောင်စီဘက် က ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အမြဲတမ်း ဖွင့်ထား ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ခွာကာ ပါတီထူထောင်၍နိုင်ငံရေးလမ်းကြောင်းပေါ်သို့ လာရောက်ကြရန် ၎င်းက ထိုအခမ်းအနားတွင် ပြောသည်။
“ ၂၀၂၁ ဖေဖော်ဝါရီကစပြီး လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်း လမ်းဖွင့်ထားပြီး ကြိုတင်သတ်မှတ်ချက်တွေမရှိတဲ့ ဆွေးနွေးပွဲတွေအတွက် တွေ့ဆုံကမ်းလှမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တာလည်း အားလုံးသိမြင်ပြီးသားဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုနေခြင်းသည် မှားယွင်းသည့်လုပ်ငန်းစဉ်သာဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးပြဿနာဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ယခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်နိုင် သည့် အစိုးရကို အာဏာလွှဲအပ်သွားမည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုသည်။
ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူ အနိုင်ယူစနစ် (FPTP) စနစ် အပြင် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ကိုပါ တွဲဖက် အသုံးပြုသွားမည်ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဖော်ဆောင်ရန် ရည်ရွယ်သည်ဟု ပြောသည်။
“ကျွန်တော်တို့ မူလ ရည်မှန်းထားတဲ့ အတိုင်း ဥပဒေပြန်ဌာန်းချက်များနဲ့ အညီ ရွေးကောက်ပွဲ ကျင်းပပြီး တော့ ပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမှာ ဖြစ်ပါ တယ်”
သို့သော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ နိုင်ငံတည်ငြိမ်းအေးချမ်းရေးနှင့်သက်ဆိုင်နေပြီး ပြီးခဲ့ သည့် ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ရွေးကောက်ပွဲကို ရာနှုန်းပြည့် ကျင်းပနိုင် ခဲ့ခြင်း မရှိဘဲ ယခု ပြုလုပ်မည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“အခုလည်း ကျွန်တော်တို့ အနေနဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင် ဖို့အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း အလေးထားဆောင်ရွက်လျှက်ရှိနေပါတယ်။ အဓိကကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုပါတယ်”
ငြိမ်းချမ်းရေးဖိုရမ်တက်ရောက်ပြီးနောက် စစ်ခေါင်းဆောင်သည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည် တော်လေဆိပ်မှ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
ယနေ့ နေ့လယ်မှစတင်ကာ အုပ်စု ၂ ခုခွဲ၍ တံခါးပိတ် ဆွေးနွေးမည်ဖြစ်ကြောင်း၊၂၇ ရက်နေ့ညနေတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်တပ်ဝါဒဖြန့်မီဒီယာတချို့က ဖော်ပြကြသည်။
စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲကျင်းပပြီးနောက် အစိုးရတစ်ရပ်ဖော်ဆောင်ကာ လက်နက်ကိုင် တပ်များနှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း ဦးတည်နိုင်ခြေရှိသည်ဟု ငြိမ်းချမ်းရေးဖိုရမ်သို့ ယနေ့ တက်ရောက်သူတစ်ဦးက ဆိုသည်။
“Election ဖြစ်ခဲ့ရင်တော့ အာဏာ ၃ ရပ်ကို တစ်ဦးတည်းကိုင်လို့မရတော့ ဘာဆက်ဖြစ်မလဲဆိုတာက Stakeholders တွေပေါ်မူတည်တယ်။ တပ်က ထွက်ချင်သည်ဖြစ်စေ ၊ မထွက်ချင်သည်ဖြစ်စေ တရွေ့ ရွေ့သွားရမယ့် ဖြစ်စဉ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းမတိုင်မီရက်များက သံရုံး ၁၇ ရုံးမှ သံအမတ်ကြီးများကို ဖိတ်ကြားထားကြောင်း၊ NGOs၊ INGOs အဖွဲ့၂၀ကျော်၊ ၆ နိုင်ငံမှ ပညာရှင်များအား ဖိတ်ကြားထားသည်ဟု ငြိမ်းချမ်းရေးဖိုရမ်ကို ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က စစ်ကောင်စီအာဘော် ပေါ်ပြူလာသတင်းဌာန တွင် ပြောထားသည်။
စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် နိုင်ငံရေးအစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယမန်နှစ် ကတည်းက လုပ်ဆောင်ခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၅ ရက်၊ နေပြည်တော်၌ စစ်ကောင်စီဦးဆောင်သော ရွေးကောက်ပွဲကို ဝင်မည့် မှတ်ပုံတင် ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ NSPNC က ဦးဆောင်ကာ မတ် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နေပြည်တော်တွင် Peace Talk 2025 ကျင်းပခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ အရာရှိများ၊ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်း မှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းထားသော စစ်ခေါင်းဆောင်က ယခုနှစ် ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုထားရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခပ်စိတ်စိတ်ပြုလုပ်လာနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ဧပြီလအတွင်းကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရန် တော်လှန်ရေးကို ဦးဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သေး သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ရန်၊ မေ ၉ ရက် နောက်ဆုံးထား ပြန်ကြားပေးရန် စစ်ကောင်စီဘက်မှ ပြောဆိုခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ် (KIA) အပါအဝင် ဖိတ်ကြားခံရသည့် လက်နက်ကိုင်အဖွဲ့များက ငြင်းဆန်ခဲ့ကြသည်။
စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
လက်ရှိတွင် စစ်ကောင်စီ ဦးဆောင်ကျင်းပနေသော ရွေးကောက်ပွဲအရေး၊ ငြိမ်းချမ်းရေးအရေးနှင့်ပတ် သက်ပြီး အပစ်ရပ်မထိုးထားသော အဖွဲ့များ၊ တော်လှန်ရေးတပ်များနှင့် NUG ဘက်က တစုံတရာပြော ကြားခြင်း မရှိသေးပေ။



