အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က မတက်ရောက်နိုင်ကြောင်း ယနေ့ (မေ ၅) ၌ ထုတ်ပြန်သည်။
စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူများအားလုံးကို ဖိတ်ခေါ်ခြင်းမရှိကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကို တွေ့ရကြောင်း၊ ပါဝင်သင့်သူများပါဝင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း KIO ဗဟိုကော်တီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၂ တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှု၊ ဒုဗိုလ်ချုပ်ကြီးမင်းနောင်က စာပို့အကြောင်းကြားမှုတို့ကို KIO က တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော KIO ၏ ကြေညာချက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု၏ ပထမဆုံး ပြတ်ပြတ်သားသားတုံ့ပြန်သည့် ကြေညာချက်လည်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီနှင့် မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် သြဇာကြီးမားသည့် တရုတ်အစိုးရက စစ်ကောင်စီကို ထောက်ခံကြောင်း ပြသနေချိန်တွင် ထွက်ပေါ်လာသည့် ကြေညာချက်လည်း ဖြစ်သည်။
စစ်တပ်က နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရချိန်တွင် ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
“လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော် ကိုယ်တိုင် တွေ့ပါမယ်” ဟု စစ်ခေါင်းဆောင်က ၎င်း၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ပြောခဲ့သည်။
သို့သော်လည်း စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ခုခံစစ်ဆင်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို ဖိတ်ခေါ်ခြင်း မပြုခဲ့ပေ။
စစ်ကောင်စီ၏ဆွေးနွေးပွဲ မတက်ရောက်ရသည့် အကြောင်းရင်းထဲတွင် ထိုသို့ ဖိတ်ခေါ်ခြင်းမပြုသည့် အချက်လည်း ပါဝင်သည်ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
“အားလုံးကို မဖိတ်ဘဲနဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပဲ၊ ဒါတောင်မှ ခေါင်းဆောင်တွေကိုပဲ ရွေးဖိတ်တဲ့ပုံစံနဲ့။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့သုံးသပ်လို့ မတက်ခြင်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ ဆွေးနွေးပြီးမှသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတွေကလည်း ရရာလက်နက်ကိုင်ပြီး တော်လှန်နေတဲ့အချိန်အခါ ဖြစ်ပါတယ်။ NUG တို့၊ PDF တို့၊ NUG မှာ မပါတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိတာပေါ့။ မြန်မာနိုင်ငံရဲ့အရေးကို အမြဲစိတ်ဝင်စားတဲ့၊ ပါဝင်နေတဲ့ နိုင်ငံရေးပုဂ္ဂိုလ်ပေါ့။ ဒါတွေလည်း အများကြီးရှိတာပေါ့။”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များကို စစ်သင်တန်းပေးနေသည့် KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသတချို့တွင် PDF များနှင့်အတူ ပူးတွဲတိုက်ခိုက်နေသည်။
၁၉၆၁ တွင် စတင်တည်ထောင်ခဲ့သော KIO/KIA သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၁၁ တွင် ပျက်ပြယ်ကာ စစ်တပ်နှင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ယနေ့ မေ ၅ ရက်သည် PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်နေ့လည်း ဖြစ်သည်။
KIA နည်းတူ စစ်တပ်၏အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး လူငယ်များအများအပြားကို စစ်သင်တန်းပေးနေသည့် ဝါရင့်လက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတပ်မတော် (KA) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရက္ခိုင့်တပ်တော် (AA) တို့ကမူ ထိုဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ ကြေညာချက် သီးသန့်ထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေ ၂ တွင် အကြောင်းကြားစာရခဲ့သော်လည်း တက်ရောက်မည်မဟုတ်ကြောင်း KA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က Myanmar Now ကို ယနေ့ ပြောသည်။
“ဆိုလိုတာက နိုင်ငံရေးပါတီတွေ၊ တခြား နွေဦးကာလက ပေါ်လာတဲ့ အဖွဲ့အစည်းအသီးသီးတွေ PDF တွေ အားလုံးက ဒီတွေ့ဆုံဆွေးနွေးပွဲမှာပါမှပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်လေ။ ဒါကြောင့်မို့ ဒီတွေ့ဆုံဆွေးနွေးပွဲက နိုင်ငံရေးအခက်အခဲအကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့ တွေ့ဆုံဆွေးနွေးပွဲမဟုတ်လို့ တက်ရောက်သွားမှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
KNPP အနေဖြင့် မကြာမီအချိန်အတွင်း ကြေညာချက်ထုတ်ပြန်မည်ဟု သူက ဆိုသည်။
အာဏာသိမ်းခေါင်းဆောင်က တွေ့ဆုံရန် ကမ်းလှမ်းပြီး နောက်တစ်နေ့တွင် KNU အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းက စစ်ကောင်စီ၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ၎င်း၏ သဘောထားအမြင်ဟုဆိုကာ ရုပ်သံဖိုင်ထုတ်ပြန်ခဲ့သည်။
ပဒိုစောသမိန်ထွန်းက KNU တက်ရောက်ရန် ရှိမရှိ ပြတ်ပြတ်သားသား ပြောဆိုမသွားပေ။
“ကျွန်တော်တို့မှာ မဟာဗျူဟာလည်း ချထားပြီးပြီ။ နည်းဗျူဟာလည်း ချထားပြီးပြီ။ အဲဒီမဟာဗျူဟာ၊ နည်းဗျူဟာအပေါ်မှာပဲ ကျွန်တော်တို့ တစိုက်မတ်မတ် လုပ်သွားမယ်” ဟု သူက ပြောသည်။
“ PDF မပါဘဲနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကို ခေါ်တယ်ဆိုတော့ ဗမာပြည် ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ဘူး။ အားလုံးကိုခေါ်ပြီး အားလုံးကို ဖြေရှင်းမှ ရနိုင်မယ်”
စစ်ကောင်စီဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ရန်၊ လာမည့် မေ ၉ နောက်ဆုံးထား ပြန်ကြားပေးရန် ပြောဆိုထားသည်။
စစ်ကောင်စီက ထိုသို့ ဖိတ်ခေါ်ထားသော်လည်း ဒေသအများအပြားတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)