
ဆူပူအောင်လှုံ့ဆော်မှုနှင့် ဘေးစီမံဥပဒေတို့ဖြင့် တရားစွဲခံရကာ အမှုရင်ဆိုင်နေရသော သွေးကင်ဆာဝေဒနာရှင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အာမခံလျှောက်ထားချက်ကို ယနေ့ (ဧပြီ ၉) ရုံးချိန်းတွင် တရားရုံးမှ ပယ်ချလိုက်သည်။
“ဒီနေ့ ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင်အတွက် အာမခံလျှောက်ထားမှုကို ပယ်တယ်။ အကြောင်းရင်းကတော့ သူ (ဒေါက်တာဇော်မြင့်မောင်)ရဲ့ ကျန်းမာရေးက မျက်မြင်အခြေအနေအရ ကောင်းတယ်လို့ ယူဆတာရယ်၊ ထောင်တွင်းမှာ ဆေးကုသလို့ရတဲ့အနေအထားရှိလို့ ပယ်လိုက်တယ်လို့ ပြောပါတယ်” ဟု ၎င်း၏ ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေဦးမျိုးအောင်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသော ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် ဖေဖော်ဝါရီလလယ်အတွင်း တရားစွဲခံရပြီး ယနေ့ရုံးချိန်းတွင် အာမခံပယ်ချလိုက်ခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅(ခ) သည် အာမခံမပေးသောပုဒ်မဖြစ်သော်ငြား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ ခြွင်းချက် (၁) အရ စွပ်စွဲခံရသူသည် ကျန်းမာရေးမကောင်းသောပုဂ္ဂိုလ်ဖြစ်ပါက အာမခံရနိုင်သည်ဟု ပါရှိသဖြင့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအရအာမခံ ရကိုရထိုက်သည်ဟု ၎င်း၏ရှေ့နေ ဒေါ်သဲဆုဝေက ပြောသည်။
သွေးကင်ဆာဝေဒနာရှင် ဒေါက်တာဇော်မြင့်မောင်သည် ပုံမှန်ဆေးကုသမှုခံယူရန် လိုအပ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းက တိုင်းဝန်ကြီးချုပ်တာဝန်မှ ခေတ္တအနားယူကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လချီ ဆေးကုသမှုခံယူခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးအသီးသီးတွင် တရားစွဲဆိုခံရသူအရေအတွက်များပြားလာသော်လည်း အာဏာပိုင်များက ဖမ်းဆီးခံရသူများလုံခြုံရေးအကြောင်းပြ၍ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးခြင်း မပြုနိုင်သည့်အတွက် မတ်လကုန်မှစ၍ ထောင်အတွင်း အထူးတရားရုံးအဖြစ် ယာယီတရားရုံးခန်းငယ်များဖွင့်ကာ မြို့နယ်အလိုက် တရားသူကြီးများက ရုံးထိုင်စစ်ဆေးလျက်ရှိသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များအား သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တရားစွဲတင်ခဲ့ပြီး မတ် ၃၁ မတိုင်ခင် ပြုလုပ်ခဲ့သော ရုံးချိန်းအားလုံး အွန်လိုင်းရုပ်သံမှတစ်ဆင့် စစ်ဆေးခဲ့၍ ၎င်း၏ရှေ့နေများနှင့် လူချင်းတွေ့ခွင့် မပေးခဲ့ပေ။
ယင်းကာလမတိုင်ခင်အထိ ရုံးချိန်းများတွင် တရားရုံးရှေ့ ပြည်သူများက လာရောက်ဝန်းရံကြသဖြင့် စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြကာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား လူကိုယ်တိုင် ရုံးမထုတ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ် ၃၁ က အိုးဘိုအကျဉ်းထောင်အနီး ယာယီတရားရုံး၌ ရုံးထုတ်ခဲ့ရာတွင် ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ဒေါက်တာဇော်မြင့်မောင် ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရခဲ့သည်။
ထို့ကြောင့် ဝန်ကြီးချုပ်အပါအဝင် ကျန်ဝန်ကြီးများအား ယနေ့ရုံးချိန်းတွင် အိုးဘိုအကျဉ်းထောင်၌ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့၏ အာမခံအားလုံး ပယ်ချခံရကြောင်း ဥပဒေအကျိုးဆောင်အဖွဲ့ထံမှ သိရသည်။
လာမည့် ဧပြီ ၂၃ ရုံးချိန်းတွင် တရားလိုပြသက်သေများစစ်ဆေးခြင်း၊ မြို့တော်ဝန် ဒေါက်တာရဲလွင်အတွက် လျှောက်ထားသော အာမခံကိစ္စ ရ/မရ သိရှိရမည်ဖြစ်ပြီး အာမခံပယ်ခံရသော ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များအတွက် ခရိုင်တရားရုံးတွင် အာမခံထပ်လျှောက်ရန် စီစဉ်မည်ဟု ဆိုသည်။
“အာမခံပယ်တဲ့အပေါ် လက်မခံရင် ခရိုင်တရားရုံးဆက်တက်လို့ရသလို ဒေါက်တာဇော်မြင့်မောင်ကလည်း ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ မှာလိုက်ပါတယ်” ဟု ရှေ့နေဦးမျိုးအောင်က ပြောသည်။
လက်ရှိတွင် စွပ်စွဲခံရသူများမှာ ၎င်းတို့ရှေ့နေများနှင့် လူချင်းတွေ့ခွင့်ရသော်လည်း ထောင်အတွင်း ကိုဗစ်နိုင်တင်းကူးစက်မှု ထိန်းချုပ်ရန်ဟုဆိုကာ မိသားစုဝင်များနှင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားသည်ဟု သိရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့်လည်းကောင်း၊ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် ဝန်ကြီးဦးမျိုးသစ်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ဝန်ကြီးဒေါက်တာစိုးသန်းနှင့် ဝန်ကြီးဦးဇာနည်အောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်ဆဲဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ အရ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသော NLD နာယက ဦးဝင်းထိန်၏ ကျန်းမာရေးအရ အာမခံလျှောက်ထားမှုလည်း ယနေ့ ပယ်ချခံခဲ့ရသည်။