သတင်း

ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်မွေးနေ့ဆုတောင်းရုပ်သံများ စုဆောင်းနေ

ဒေါ်အောင်ဆန်းစုကြည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေချိန်တွင် သားဖြစ်သူ ပါဝင်သည့် အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းသည့်လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာသည်။

ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ရာ မွေးနေ့ဆုမွန်ကောင်း တောင်းဆိုသည့် လှုပ်ရှားမှုကို တော််လှန်ရေးအင်အားစုက အရှိန်မြှင့် လုပ်ဆောင်နေကြသည်။  

သူ၏ သားငယ်ဖြစ်သူ ဦးထိန်လင်း ခေါ် Kim Aris ပါဝင်သည့် ထိုလှုပ်ရှားမှုကို “Suu 80 Birthday Campaign” ဟု အမည်ပေးထားပြီး  ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ပါဝင်နိုင်မည့် ရိုးရှင်းသည့် မွေးနေ့ဆုတောင်း အစီအစဉ် ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အတွက် စက္ကန့် ၃၀ အောက် မွေးနေ့ဆုတောင်း ရုပ်သံအတို ၈၀,၀၀၀ ရရှိမည်ဟု လှုပ်ရှားမှုတွင် ပါဝင်သူတို့က မျှော်လင့်နေသည်။ အရေအတွက် ၅၀,၀၀၀ ကျော် ရရှိနေပြီး မွေးနေ့ ညနေပိုင်း ရုပ်သံလက်ခံမှု ရပ်နားမည်ဟု ဆိုသည်။

စစ်ကောင်စီရန်ပြုမှုမှ ပိုမိုလွတ်ကင်းသည့် ဒေသတွင် ရောက်ရှိနေသူများ၊ အင်တာနက်အချိတ်အဆက်ရှိသူများ ပိုမို ပါဝင်နိုင်မည်ဖြစ်သည်။

ဦးထိန်လင်းကလည်း ဤလှုပ်ရှားမှုသည် လေးနက်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောသည်။

“ဒါဟာသေးငယ်တဲ့ လုပ်ဆောင်ချက်လို့ ထင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ အဓိပ္ပာယ်လေးနက်တဲ့ စုပေါင်းညီညာမှုကို ထင်ဟပ်စေမယ့် ရေရှည်တည်တံ့မယ့် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ မေမေ့ကို မတရား ချုပ်နှောင်ထားတဲ့ နေရာအထိ ရောက်အောင် ချစ်ခြင်းမေတ္တာတွေ ပို့သလိုက်ရအောင်” ဟု ဦးထိန်လင်းက  ထိုလှုပ်ရှားမှု ရုပ်သံတစ်ခုတွင် ပြောဆိုထားသည်။ 

ထို့အပြင် ထိုလှုပ်ရှားမှုမှ မွေးနေ့ဆုတောင်း ရုပ်သံများကို လုံခြုံစိတ်ချရသော စနစ်ဖြင့် အွန်လိုင်းပေါ်တွင် သိမ်းဆည်းထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာချိန်တွင် ပြသသွားမည်ဖြစ် ကြောင်း သူက ဆိုသည်။ 

“မေမေက သူရဲ့တစ်ဘ၀လုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအတွက် နှစ်မြှုပ်ခဲ့ပြီး ဘ၀ရဲ့ လေးပုံ တစ်ပုံကိုလည်း ထောင်ထဲ၊ အိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုဖြတ်သန်းခဲ့ရတာဟာ မြန်မာပြည်နဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ ဂရုဏာတရားနဲ့ ငြိမ်းချမ်းစွာနေနိုင်မယ့် ဒီမိုကရေစီဆန်ပြီး လွတ်လပ်တဲ့ မြန်မာပြည်အတွက်ဆိုတဲ့ တစ်ခုတည်းသော ရည်မှန်းချက်အတွက်ပဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဦးထိန်လင်းက မိခင် အကျဉ်းချခံနေရမှုနှင့် ပတ်သက်ပြီး ယခင်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ မိခင်နှင့် အဆက်အသွယ်ရရန်   ကြိုးပမ်းခဲ့သော်လည်း  အာဏာသိမ်းဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနှင့် ဆက်လက် အဆက်အသွယ် ဖြတ်တောက်ထားဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိနေကြောင်း မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံရမှု ၂ နှစ်ကျော်လာပြီး ရှေ့နေများနှင့် တွေ့ဆုံခွင့် မရှိတော့သည့်အချိန်က စတင်ပြီး ဦးထိန်လင်းက မိခင်အတွက် စိုးရိမ်တကြီး လှုပ်ရှားတောင်းဆိုလာခဲ့သည်၊ ထိုအခြေအနေနှင့် ပတ်သက်ပြီး သတင်းဌာနများသို့ မှတ်ချက်ပေးလာသည်ကို တွေ့ရသည်။ 

အစ်ကိုဖြစ်သူ ဦးမြင့်ဆန်းအောင်ကိုမူ သတင်းစာမျက်နှာများတွင် မတွေ့ရသေးပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲဆန္ဒနယ်အများစုတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးနောက် စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲမဲစာရင်း မှားယွင်းသည်ဟုစွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ 

ထိုနေ့မှာပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ရှိနေသေးသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ ဦးဝင်းမြင့်၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအပါအဝင် NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် အများအပြားကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ထို့နောက် သူကို အာဏာသိမ်းစစ်ကောင်စီက အဂတိအမှု အပါအဝင် အမှုပေါင်းများစွာဖြင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်နိုင်သည့် ပုဒ်မများတပ်ကာ တရားစွဲဆိုခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော် ထောင်ဒဏ်ချ မှတ်ထားသည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့ နှင့် တွေ့ဆုံခွင့်မတွေ့တော့ဘဲ ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည်။ သူ့ကို မည်သည့်နေရာတွင် မည်သို့ပုံစံဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း မသိရပေ။   

ထို့အပြင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် အထင်ကရရှိသော ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို သူ၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လေလံတင်ရောင်းချပြီး အမွေခွဲရန် တင်ပြချက်ကို တရားရုံးဘက်က ခွင့်ပြုပေးခဲ့သည်။ ထိုအမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို  သူ၏ ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ပေးရန် စစ်ကောင်စီက ငြင်းဆိုထားသည်။ 

ထိုအိမ်ကို လေးကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူရှိသေးပေ။ 

Related Articles

Back to top button