အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေး

အာဏာသိမ်းပြီးနောက်ပိုင်း ကုမ္ပဏီသစ်ထောင်မှုနှင့် ကုန်ထုတ်လုပ်မှု စံချိန်တင်ကျဆင်း

ကုမ္ပဏီအသစ်ထူထောင်မှု အနည်းဆုံးပမာဏဖြစ်ပြီး ကိုဗစ်ကာလ စီးပွားရေးအားလုံးရပ်ဆိုင်းခဲ့သည့် ၂၀၂၀ ဧပြီလတွင်ပင် ကုမ္ပဏီအသစ် ၃၅၀ ခန့် ထူထောင်ခဲ့သည်။

စစ်အာဏာသိမ်းခဲ့သည့် နှစ်လအတွင်း ကုမ္ပဏီအသစ်ထူထောင်မှုနှင့် ကုန်ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာပြီး မတ်လတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လသည် သမိုင်းတလျှောက် ကုမ္ပဏီအသစ်ထူထောင်မှု အနည်းဆုံးလဖြစ်ပြီး ပုံမှန်ထက် ၈၆ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့သည်။

ထို့အတူ ကုန်ထုတ်လုပ်မှုညွှန်းကိန်းသည်လည်း နှစ်လအတွင်း ဆက်တိုက်ကျဆင်းလာကာ မတ်လတွင် သမိုင်းတလျှောက် အနိမ့်ဆုံးညွှန်းကိန်းဖြစ်လာသည်။

စစ်အာဏာမသိမ်းခင် မြန်မာနိုင်ငံတွင် တစ်လလျှင် ကုမ္ပဏီအသစ် ၁၀၀၀နှင့် ၂၀၀၀ ကြား ထူထောင်နေသော်လည်း စစ်အာဏာသိမ်းသည့် နှစ်လအတွင်း ကုမ္ပဏီ ၂၀၀ အောက်သာ မှတ်ပုံတင်တော့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။  

၂၀၂၁ ဇန်နဝါရီလတွင် ကုမ္ပဏီအသစ်ထူထောင်မှုသည် ၁၃၇၃ ခုရှိပြီး အာဏာသိမ်းခဲ့သည် ဖေဖော်ဝါရီလတွင် ၁၈၈ ခု၊ မတ်လတွင် ၁၆၃ ခုသာ ရှိတော့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

၂၀၂၁ ဇန်နဝါရီလထက်နှင့် နှိုင်းယှဉ်ပါက ကုမ္ပဏီအသစ်ထူထောင်မှုသည် ဖေဖော်ဝါရီလတွင် ၁၄ ရာခိုင်နှုန်းသာရှိပြီး ၈၆ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ မတ်လတွင် ဆက်လက်ကျဆင်းလာပြီး ကုမ္ပဏီအသစ်ထူထောင်မှုသည် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းသာ ရှိပြီး ၈၈ ရာခိုင်နှုန်းလျော့ကျခဲ့သည်။

ထိုနှုန်းထားများသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီအသစ်ထူထောင်မှု အနည်းဆုံးပမာဏဖြစ်ပြီး ကိုဗစ်ကာလ စီးပွားရေးအားလုံးရပ်ဆိုင်းခဲ့သည့် ၂၀၂၀ ဧပြီလတွင်ပင် ကုမ္ပဏီအသစ် ၃၅၀ ခန့် ထူထောင်ခဲ့သည်။

ကုန်ထုတ်လုပ်မှုညွှန်းကိန်းသည်လည်း နှစ်လဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလတွင် ၄၇ ဒသမ၈ ရှိသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ကုန်ထုတ်လုပ်မှုလျော့ကျသွားသည်။ ဖေဖော်ဝါရီလတွင် ၂၇ ဒသမ ၇ နှင့် မတ်လတွင် ၂၇ ဒသမ ၅ အထိ ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုညွှန်းကိန်းကို ၂၀၁၅ခုနှစ်တွင် စတင်ကောက်ယူခဲ့ပြီး ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ခဲ့သည့် ၂၀၂၀ ဧပြီလညွှွှန်းကိန်းပင် ၂၉ ရှိခဲ့သည်။

Related Articles

Back to top button