သတင်း

အလုပ်သမားဆေးရုံ CDM ဝန်ထမ်းများ နေအိမ်မှ ဖယ်ရှားပေးရန် ဖိအားပေးခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ရန်ကုန်အလုပ်သမားဆေးရုံဝန်ထမ်းများကို မနက်ဖြန် (ဧပြီ ၇) နောက်ဆုံးထားပြီး နေအိမ်မှ ဖယ်ရှားပေးရန် စစ်ကောင်စီက အကြောင်းကြားစာပေးပို့ထားသည်ဟု ဆေးရုံဝန်ထမ်းများက Myanmar Now ကို ပြောသည်။

ယမန်နေ့ (ဧပြီ ၅) ညပိုင်းတွင် စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့ဝင်အင်အား ၂၀၀ ကျော်ခန့်က အလုပ်သမားဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သူများ ရှိ၊ မရှိ မေးမြန်းခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။

“မနက်ဖြန် ၇ ရက် ၄ လကို အပြီးဖယ်ရမယ်။ ဖယ်ပြီးလို့ရှိရင် ၈ ရက် ၄ လမှာ သူတို့က ဆေးရုံက လူတွေနဲ့ ဒီအိမ်တွေကို လာကြည့်မယ်၊ လာကြည့်ပြီး ချိပ်ပိတ်မယ်၊ ပြီးလို့ရှိရင် ရုံးချုပ်ကို တင်ပြမယ်ဆိုပြီးတော့ စာထွက်လာပါတယ်” ဟု အလုပ်သမားဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်အလုပ်သမားဆေးရုံမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံတစ်ခု ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ ဝန်ထမ်း ၅၀၀ ကျော်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ကျပြီး အာဏာသိမ်းယူခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းတွင် ပေါ်ပေါက်လာခဲ့ပြီး ပြည်သူ့ဝန်ထမ်းအများအပြားမှာလည်း CDM တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင်ပါဝင်သူ ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများစွာရှိပြီး စစ်ကောင်စီက ကျန်းမာရေးနှင့် ပညာရေးဌာနမှ ဝန်ထမ်းများကို အခြားဝန်ထမ်းများထက် ပိုမိုဖိအားပေး ပစ်မှတ်ထားလာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ထိုလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းလိုင်းခန်းများထိ ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်တချို့ အသက်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ တွင်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ ဂန့်ဂေါခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းမင်းကို ဖမ်းဆီးရန် ၎င်း၏ နေအိမ်ကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ညွှန်ကြားချက်များမှာ တရားမဝင်သဖြင့် CDM တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရန်မလိုကြောင်း၊ ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူချိန်တွင် မူလအလုပ်တာဝန်ရရှိရန်၊ နစ်နာမှုများ ကုစားနိုင်ရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၂၃ တွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button