သတင်း

တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု ပြန်ဖွဲ့ရန် စီစဉ်နေ 

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့သော တပ်ပေါင်းစုတစ်ခု ပြန်လည်ပေါ်ပေါက်လာရေး စီစဉ်နေကြောင်း ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

လက်ရှိ အခြေအနေတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူတို့က ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး လိုလားနေကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များရော မထိုးရသေးသည့် အဖွဲ့များပါ ညှိနှိုင်းရန် လိုအပ်နေကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှု အားကောင်းကောင်း၊ NCA ထိုးတာ မထိုးတာ ခဏထား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ တိုင်းပြည်ရဲ့ ရှေ့ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ်ဖို့ဆိုရင်တော့ အားကောင်းမောင်းသန် စုဖွဲ့မှု ရှိလာရင်တော့ ကျွန်တော်တို့ ပြောလို့ရတာပေါ့”ဟု ပအိုဝ်းလက်နက်ကိုင် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှုထက် ပိုမိုအားကောင်းသည့် UNFC ကဲ့သို့သော စုဖွဲ့မှုပုံစံအဆင့်တက်လှမ်းရန် စတင်နေပြီး နီးစပ်မှုရှိလာကြောင်း PPST အဖွဲ့ဝင်လည်းဖြစ်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ 

ယခင်က UNFC ကို ကရင်အမျိုးသားအစည်းအရုံး (KNU )၊ ကချင်လွတ်လပ်​ရေးတပ်မ​​တော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် UNFC စုဖွဲ့မှု အားလျော့လာပြီး ပြိုကွဲခဲ့သည်။

တပ်ပေါင်းစု ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထုက စိတ်ရှည် နားလည်ပေးရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“ပြည်သူလူထုက အားမလို အားမရ ဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်တို့က နိုင်ငံရေးစုဖွဲ့မှု အားမကောင်းဘဲနဲ့ စစ်ရေးစုဖွဲ့လို့ မရဘူး။ ပြည်သူလူထုက ဖက်ဒရယ်အာမီ အော်တယ်။ အဲဒီလို အော်တဲ့ဟာက နိုင်ငံရေးအရ တူညီတဲ့ အခြေခံအပေါ် မတည်ဆောက်ဘူးဆိုရင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်ခက်တယ်။ ဒါကြောင့် နိုင်ငံရေးအရစုဖွဲ့မှုကို နည်းနည်းဦးစားပေးတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ စုဖွဲ့မှုပြုလုပ်ရန် ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး မေလအတွင်း ပိုမိုရှင်းလင်းသည့် အခြေအနေများ တွေ့ရနိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

ဧပြီ ၃ ရက်နှင့် ၄ရက်တို့တွင် ပြုလုပ်ခဲ့သော NCA လက်မှတ်ထိုး ဆယ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးCDM လှုပ်ရှားမှု၊ ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို ထောက်ခံကြောင်း အပါအဝင် အချက် ၅ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူများကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းမှုများ ရပ်တန့်ရန်၊  ဥပဒေမဲ့ဖမ်းဆီးထားသည့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် အပစ်ရပ်ဆယ်ဖွဲ့က တောင်းဆိုခဲ့သည်။
 

“နောက်ဆုံးနှစ်ချက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆိုင်တယ်ဗျ။ CRPHက ကြေညာလိုက်တဲ့ ၂၀၀၈ ဖျက်သိမ်းတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က ကြိုဆိုထောက်ခံတယ်ပေါ့ဗျာ။ နောက်တစ်ချက်က CRPH က ထုတ်လိုက်တဲ့ ပြည်ထောင်စုပဋိညာဉ်ဆိုတဲ့ဟာကိုတော့ ကြိုဆိုတယ်ပေါ့။ ထောက်ခံတာတော့ မပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အသေးစိတ်ဆွေးနွေးဖို့ လိုတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များနှင့် စုဖွဲ့ထားသည့် CRPH နှင့် ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဖွဲ့ချင်းစီအလိုက် ဆုံးဖြတ်ရန် PPST က သ​ဘောတူခဲ့သည်။

CRPH အနေဖြင့်လည်း အမျိုးသားညီညွတ်ရေး ပြည်သူ့အစိုးရတစ်ရပ်ကို ဧပြီလပထမပတ်အတွင်း ဖွဲ့စည်းမည်ဟု အသိပေးထားသည်။

“တချို့အဖွဲ့တွေကတော့ သူတို့ကတော့ ငါတို့ လုံးဝပူးပေါင်းရင် ကောင်းမယ်လို့ မြင်တဲ့ဟာလည်း ရှိတာပေါ့။ ဒီဥစ္စာကိုတော့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ဆုံးဖြတ်ခွင့်ပေးထားတာပေါ့” ဟု PPST အကြံပေး ဦးခွန်စိုင်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း “အဖွဲ့အစည်းအလိုက်က ပူးပေါင်းချင်ပေါင်းမယ်လေ။ CRPH ကဖွဲ့တဲ့ အလုပ်အဖွဲ့တို့ ဘာအဖွဲ့တို့မှာ ပါချင်ပါမယ်၊ ဒါက အဖွဲ့အစည်းအလိုက်ဆုံးဖြတ်မယ်ပေါ့။ PPST အနေနဲ့ကတော့ ပူးပေါင်းဆိုတဲ့ အသုံးအနှုန်းကို မသုံးဘူး။ ပံ့ပိုးကူညီမယ်၊ ဆက်စပ်ညှိနှိုင်းဆောင်ရွက်မယ်” ဟု  ပြောသည်။

Show More

Related Articles

Back to top button