
စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းသည့် ဗန်းမော်မြို့နယ်၊ ခွန်သာရပ်ကွက်၌ ယနေ့ ဧပြီ ၄ တွင် လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ညမထွက်ရအမိန့် ထုတ်ထားချိန် ယနေ့ (ဧပြီ ၄) နံနက် ၃ နာရီမှ ၁၀ နာရီအထိ ခွန်သာရပ်ကွက်ကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ တပ်မ ၇၇ က အကြမ်းဖက်စီးနင်းခြင်း ဖြစ်သည်။
ထိုသို့ စီးနင်းစဉ် ခွန်သာရပ်ကွက်၌ ညဘက်ကင်းစောင့်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၁၀ ဦးခန့် ဖမ်းဆီးခံရသည်ဟု ကင်းသမားတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ ကင်းချထားတဲ့ သဲအိတ်တွေကို သူတို့ (စစ်တပ်) လာဖယ်တယ်။ အဲဒီအချိန်မှာ ရဲကားနားမှာ ပိတ်မိနေတဲ့သူတစ်ယောက် အပစ်ခံလိုက်ရတာ။ သူက တခြားရပ်ကွက်ကနေ ကျွန်တော်တို့ရပ်ကွက်မှာ လာကင်းစောင့်ပေးနေတာ။ သူတို့ (စစ်တပ်)က ပစ်တော့ ပြေးနေကြတဲ့အချိန်မှာ သူက ပိတ်မိသွားပုံရပါတယ်”ဟု ခွန်သာရပ်ကွက်မှ ကင်းသမားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူသည် အသက် ၂၅ နှစ်အရွယ် ကိုဝင်းနိုင်ဦး (ခ) ကိုဖိုးသား ဆိုသူဖြစ်ပြီး ၎င်း၏ ရင်ဘတ်နှင့် ပေါင်တွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ခွန်သာရပ်ကွက် ကင်းသမားများထံမှ သိရသည်။
ကိုသက်နိုင်ဦးသည် ဗန်းမော်မြို့နယ် မင်းမနိုင်ရပ်ကွက် (ပညာရပ်သာရပ်ကွက်) တွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့ညက ခွန်သာရပ်ကွက်တွင် လာရောက်ပူးပေါင်းကင်းစောင့်ပေးသူဖြစ်သည်ဟု ကင်းသမားများက ဆိုသည်။
“ကိုဖိုးသားက မင်းမနိုင်ဘက်မှာလည်း သူ့အဖွဲ့တွေနဲ့ စောင့်တယ်။ မနေ့က ခွန်သာဘက်က သူ့အပေါင်းအသင်းတွေနဲ့ စကားပြောရင်း ကင်းလာစောင့်ပေးတာ”ဟု အထက်ပါ အမျိုးသားက ဆိုသည်။
ခွန်သာရပ်ကွက်ကို ယနေ့နံနက်အစောပိုင်း ဝင်ရောက်စီးနင်းစဉ် ရပ်ကွက်နေပြည်သူများ၏ နေအိမ် ၂၅ လုံးခန့် အကြမ်းဖက်စီးနင်းခံရသည်။ ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ပွဲများတွင် ပါဝင်ခဲ့သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ခံတပ်တွေကို ဖြိုတယ်။ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတယ်။ ခွန်သာရပ်ကွက်က နေ့တိုင်း သပိတ်ရှိတယ်။ သူတို့ (စစ်တပ်) တွေ ဝင်လာရင် သံပုံးတွေတီးပြီး မောင်းထုတ်တယ်။ ရပ်ကွက်က ကြီးပြီး လူညီလို့ ညအချိန်မတော် လာစီးကြတာ”ဟု ၎င်းအမျိုးသမီးက ပြောသည်။
ယနေ့ ဗန်းမော်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဗန်းမော်မြို့မရဲစခန်းနှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဆန္ဒပြလှုပ်ရှားမှု အားကောင်းသော မြို့များကို စစ်ကောင်စီတပ်များက အင်အားသုံးအကြမ်းဖက်ဖြိုခွဲလေ့ရှိသည်။
ဒေသခံများ ဆန္ဒပြမှုအားကောင်းသော စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ယမန်နေ့တွင် စစ်တပ်က ဆန္ဒပြသပိတ်ကို ဝင်ရောက်ဖြိုခွဲပြီး အကြမ်းဖက်စီးနင်းမှုများ ပြုလုပ်ခဲ့ရာ ဒေသခံ သုံးဦးထက်မနည်း သေဆုံးခဲ့သည်။