တစ်နှစ်ကျော်ကြာ မြေပြင်စစ်ကြောင်းမထိုးနိုင်သည့် ချင်းပြည်နယ်သို့ တကျော့ပြန် စစ်ကြောင်းထိုးလာ သည့် စစ်တပ်ကို ချင်းတော်လှန်ရေးအင်အားစုများက ဖြတ်တောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး တီးတိန်မြို့နယ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။
ချင်းတောင်တန်းဒေသ၏ သုံးပုံနှစ်ပုံကို လက်လွှတ်ထားရသည့် စစ်တပ်သည် နယ်မြေချင်း ဆက်စပ်နေ သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ကလေး – သိုင်းငင်းလမ်းအတိုင်း ချင်းတောင်သို့ မေ ၁၈ ရက်နေ့စပြီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ ချင်းတော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေ ၂၁ ရက်နေ့ ညနေတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – Civic Defense Militia) Siyin အဖွဲ့မှ အသက် ၁၉ နှစ်အရွယ် တပ်စိတ်မှူး ၁ဦး သေဆုံးခဲ့ကြောင်း ထိုအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“မိုးတွေလည်းရွာပြီး တိမ်တွေက မြေကြီးမှာစိုက်နေတော့ ….ဘာမှမမြင်ရဘူး။ ရှိတဲ့နေရာကနေ မီတာ ၃၀ လောက်ကိုပဲမြင်ရတယ်။ အဲ့လိုအခြေအနေမှာ ရှေ့ပွိုင့်မှာထိုင်တဲ့ ရဲဘော်က အဝိုင်းခံရတယ်လို့ ကြားတာ။ ကျသွားတဲ့ရဲဘော်သူက တပ်စိတ်မှူး။ သူက အဲ့ဒီဘက်က ဝိုင်းခံရတဲ့ ရဲဘော်တွေကို ကူဖို့သူကကာ ပစ်ရင်း နဲ့ ပြေးနေတဲ့အချိန်မှာ ကျည်ဆန်မှန်သွားတာ”ဟု CDM Siyin တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့မှာ ကလေးမြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ကလေး – သိုင်းငင်းလမ်း ပေါ်မှ မွာလ်ပီးရွာသို့ ရောက်နေပြီး နှစ်ဘက် တိုက်ပွဲဆက်ဖြစ်နေရာ စစ်တပ်ကလည်း လက်နက်ကြီးများ ၊ ဒရုန်းများဖြင့် ပစ်ကူတိုက်ခိုက်ပေးနေသည်။
တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ကလေး – သိုင်းငင်းလမ်းမကြီးကို မေ ၂၀ ရက်နေ့ နေ့လယ်ကစပြီး ယာယီပိတ်ထားကြောင်း (CDF – Civic Defense Militia) (Siyin) အဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ စစ်ကြောင်းကြောင့် မွာလ်ပီး၊ ထေးဇန်၊ ဟိန်းဇိန် စသည့်ကျေးရွာများမှ ဒေသခံ တစ်ထောင်နီးပါး စစ်ဘေးရှောင်နေရသည်။
ထိုစစ်ကြောင်းသည် ဖလမ်းနှင့်တီးတိန်သို့ ဆက်သွယ်ထားရာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျသည့် သိုင်းငင်းစခန်းကို အင်အားဖြည့်နိုင်ရန် ဦးတည်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ချင်းတော် လှန်ရေးအင်အားစုများက သုံးသပ်သည်။
သိုင်းငင်းရွာမှ မြောက်ဘက်သို့ တီးတိန်မြို့ ၂၅ မိုင်ခန့်ကွာဝေးပြီး တောင်ဘက် ဖလမ်းမြို့မှာ မိုင် ၅၀ ခန့် ကွာဝေးသည်။

နှစ်ဖက်လုံးအတွက် အရေးပါသည့် သိုင်းငင်းရွာကို ယမန်နှစ် ဇန်နဝါရီတွင် ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေစိုးမိုးထားသည်။
စစ်ကောင်စီတပ် သိုင်းငင်းရွာတွင် ပြန်ခြေကုပ်ယူနိုင်ပါက ယခုနှစ် ဧပြီလဆန်းပိုင်းတွင် လက်လွှတ်ခဲ့ရ သည့် ဖလမ်းမြို့သို့ စစ်ကူပို့နိုင်မည်ဖြစ်သလို တီးတိန်မြို့မကျစေရန် အင်အားဖြည့်တင်းနိုင်ရေးအတွက် လမ်းကြောင်းပွင့်သွားမည်ဖြစ်သည်။
“ သိုင်းငင်းမှာထိုင်ရင် တီးတိန်မြို့ကိုလည်း အချိန်မရွေးပို့နိုင်တယ်။ ဖလမ်း ဘက်ကိုလည်း အချိန်မရွေး အင်အားဖြည့်နိုင်တယ်။ ပြန်သိမ်းနိုင်တဲ့သဘောရှိတယ်။ ကလေး ကနေ တက်လာရင် တီးတိန်မြို့နဲ့ ဖလမ်း မြို့က သိုင်းငင်းကနေ လမ်းခွဲတာပေါ့။ အချက်အချာကျတဲ့ နေရာဖြစ်လို့ သူတို့က မရမက လိုချင်တာ ဖြစ်တယ်”ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုနေရာတွင်လှုပ်ရှားသော ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်သည့် CDF – CDM (စီးယင်း)အဖွဲ့နှင့်အတူ CDF KKG(ကလေး၊ ကဘော်၊ ဂန့်ဂေါ)နှင့်ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF (Zoland)တို့ပါ အတူ ပူးတွဲတိုက်ခိုက် လျှက်ရှိသည်။
“ CC နဲ့ CB ဆိုတာက အိမ်တွင်းပြဿနာ။ အဲ့ဒါကိုခဏမေ့ထား ငါတို့ အခုတကယ့်ရန်သူကို တိုက်နေတာ ဆိုပြီးတော့မှ ပူးပေါင်းဖို့ အတူတူတိုက်ဖို့ပေါ့။ အားလုံးက စိတ်ဝင်စားနေကြတယ်။ အားလုံးလာချင်တဲ့ အကြောင်းကိုတော့ အခြေခံအားဖြင့်သိရတယ်”
ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သော ချင်းအမျိုးသားတပ်မတော် ဦးဆောင်၍ ချင်းတော်လှန်ရေး အင်အားစုများနှင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ CC တပ်ဖွဲ့နှင့် နွေဦးတော်လှန်ရေး တွင် ပေါ်ပေါက်လာ သည့် ချင်းလက်နက်ကိုင်တပ်များဖြင့် ဖွဲ့စည်းထားသည့် ချင်းညီနောင် CB တို့ကြား သဘာထားတင်းမာမှု များရှိနေသည်။
ချင်းညီနောင်အဖွဲ့က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့ကိုသိမ်းပိုက်ထားသည်။ ချင်းပြည်ကောင်စီ တပ်များက အိန္ဒိယ – မြန်မာ နယ်စပ် တွန်းဇံမြို့ကို ထိန်းချုပ်ထားသည်။
မြို့နယ် ၉ ခုအနက် တော်လှန်ရေးအင်အားစုများက မြို့နယ် ၆ ခုကို သိမ်းပိုက်ထားပြီး စစ်တပ်က မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့ပေါ်တွင်သာ ခြေကုပ်ယူထားနိုင်သည်။
လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကာလများတွင် စစ်တပ်က ချင်းတောင်တန်းဒေသကို သံချပ်ကာ ယာဉ်များပါ စစ်ယာဉ်တန်းများဖြင့် အင်အားဖြည့်နိုင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက်က နယ်မြေစိုးမိုးမှုအားကောင်းလာချိန် စစ်ကူပို့ရန် လေကြောင်းကိုသာ အားပြုရသည်။
တရုတ်ဖိအားကြောင့် ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ယခုနှစ် ဆန်းပိုင်းကစပြီး အရှိန်လျော့သွားချိန်တွင် စစ်ကောင်စီတပ်က ၎င်းတို့လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်သိမ်းယူရန် မြေပြင်စစ်ကြောင်း၊ လေကြောင်းပစ်ကူများဖြင့် ကြိုးပမ်းလာသည်။
စစ်ကိုင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မေလကုန်အထိ ယာယီ အပစ်ရပ် မည်ဟု စစ်တပ်က ကြေညာထားသော်လည်း စစ်ရေးအရှိန်လျော့ကျသွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းထိုးမှုများလည်း လုပ်ဆောင်နေသည်။




