အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း မြစ်ခြေတွင် ဖမ်းဆီးခံရသူ လေးဦးအနက် ၂ ဦးသေ၊ ၂ ဦးပျောက်ဆုံးနေ 

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့သည့် အမျိုးသားလေးဦးအနက် နှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားလေးဦးမှာ မတ် ၂၈ ရက်ညပိုင်းက မြစ်ခြေမြို့ အမှတ် (၈) ရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ နောက်တစ်နေ့တွင် ဖမ်းဆီးခံရသူများအနက် ကိုဝင်းကျော်ကို ပခုက္ကူစစ်ဆေးရုံ၌ အလောင်းလာထုတ်ခိုင်းခဲ့ကြောင်း၊ ထိုနေ့၌ပင် ချက်ချင်းသင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုထံမှ သိရသည်။ 

“လေးယောက်ကို ထုတ်ပေးမယ်ပေါ့နော်၊ လူတစ်ယောက်ကို မိသားစုတစ်ယောက်စီ လာခဲ့ကြပေါ့နော်။ အဲဒါနဲ့ ဒီကလိုက်ကြတာပေါ့။ ကိုယ့်လူကိုယ်ပြန်ခေါ်ဖို့ ဟိုမှာကျတော့ လှမ်းပြီးဖုန်းဆက်လာတယ်။ ကိုဝင်းကျော်တော့ဆုံးပြီ၊ အလောင်းလည်း ပြန်သယ်လို့မရဘူးဆိုတာနဲ့ အဲဒီမှာပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု ကိုဝင်းကျော်၏ ညီမဝမ်းကွဲဖြစ်သူက Myanmar Now ကို ပြောသည်။

အသက် ၄၀ ကျော်အရွယ် ကိုဝင်းကျော်တွင် မိသားစုအရင်းအချာအနေဖြင့် အစ်မတစ်ဦးတည်းသာရှိပြီး ၎င်းတို့အနေဖြင့် နာရေးကို လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် အဖမ်းခံရသူ နောက်တစ်ဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ကိုစောထွန်းကိုလည်း မုံရွာသို့ ပို့ဆောင်ကာ ရုပ်အလောင်းကို မတ် ၃၀ တွင် မုံရွာမြို့၌ မိသားစုမပါဘဲ သင်္ဂြိုဟ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကျန်နှစ်ဦးမှာ မည်သည့်နေရာတွင် ထိန်းသိမ်းခံရမှန်းမသိဘဲ ပျောက်ဆုံးနေကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိတွင် အဖမ်းခံရသူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ စစ်တပ်က ရန်ပြုမည်စိုးရိမ်သောကြောင့် သေဆုံးကြောင်းကို အတည်ပြုရန်ပင် တွန့်ဆုတ်နေကြသည်။

မတ် ၂၇ ညပိုင်းတွင် မြစ်ခြေမြို့ အမှတ်(၈)ရပ်ကွက်တွင် ရပ်ကွက်နေ လူငယ်လူလတ်ပိုင်းအချို့နှင့် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရပ်ကွက်မှ လူငယ်နှစ်ဦးမှာ နားရွက်ပြတ်ဒဏ်ရာ၊ လက်ဖျံဓားခုတ်ခံရသည့်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကုသပေးခဲ့သည့် ဆရာဝန်က ပြောသည်။ 

ထို့နောက် မတ် ၂၈ မွန်းလွဲပိုင်းတွင် မြစ်ခြေမြို့ အမှတ်(၈) ရပ်ကွက်အတွင်းသို့ စစ်ကားခြောက်စီးဝင်လာကာ ကိုဝင်းကျော်နှင့် ကိုစောထွန်းအပါအဝင် အမျိုးသားလေးဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်အာဏာရှင်ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းရာတွင် NLD ပါတီဝင်များ၊ ဆန္ဒပြသူများ၊ ရပ်ကွက်တွင်း ကင်းစောင့်သူများနှင့် ပြည်သူများကို ဖမ်းဆီးသွားပြီး ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် နောက်နေ့တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

ထိုကဲ့သို့ သေဆုံးသူများတွင် အလောင်းပြန်ရသူအချို့သာရှိပြီး အချို့မှာ စစ်ကောင်စီလက်နက်များက မိသားစုထံ အသိမပေးဘဲ အလောင်းကို ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့သည်များလည်း ရှိသည်။ 

ဖမ်းဆီးခံရပြီး သေဆုံးသွားသူများနှင့် ပစ်သတ်ခံရပြီး အလောင်းဖျောက်ခံရသည့် ဆိုးဆိုးရွားရွားဖြစ်စဉ်များသည် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ မြို့များ၊ တနင်္သာရီတိုင်း ထားဝယ်မြို့၊ ရှမ်းပြည်နယ် အောင်ပန်းနှင့် မူဆယ်မြို့၊ မကွေးတိုင်း ပခုက္ကူ၊ မြစ်ခြေမြို့တို့တွင် ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles