သတင်း

CNN သတင်းထောက် စကားပြောခဲ့သူများကို ချက်ချင်းဖမ်းဆီး

ယမန်နေ့ (ဧပြီ ၂) က CNN သတင်းထောက်နှင့် အင်တာဗျူးပြီးနောက် အရပ်ဝတ်များ၏ ဖမ်းဆီးခြင်းခံရသူများကို ရွှေပြည်သာမြို့နယ်ရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ကြောင်း အဖမ်းခံရသူများ၏ မိသားစုဝင်နှင့် မိတ်ဆွေများထံမှ သိရသည်။

Myanmar Now က စုံစမ်းမှု၊ မျက်မြင်သက်သေများ၏ သတင်းပေးပို့မှုများအရ ယမန်နေ့က ထိုသတင်းအဖွဲ့နှင့် တွေ့ဆုံပြီး မင်္ဂလာဒုံဈေးတွင် အဖမ်းခံရသူ ၇ ဦးနှင့် ဆယ်မိုင်ဈေးတို့တွင် အဖမ်းခံရသူ ၂ ဦး ရှိကြောင်း သိရသည်။

CNN သတင်းထောက် Clarissa Ward သည် မင်္ဂလာဒုံဈေးနှင့် ဆယ်မိုင်ဈေးတွင် ယမန်နေ့က ရောက်ရှိသတင်းယူနေစဉ် အင်တာဗျူးဖြေသူများနှင့် ဓာတ်ပုံရိုက်သူများကို ဈေးထဲတွင် အသင့်စောင့်ဆိုင်းနေသည့် အရပ်ဝတ် လက်နက်ကိုင်များက သတင်းထောက်၏ နောက်ကွယ်တွင် ချက်ချင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မင်္ဂလာဒုံဈေးကနေ မင်္ဂလာဒုံတပ်နယ်မှူးရုံးကို ခေါ်သွားတာ။ အဲဒီကနေမှ ရွှေပြည်သာကို ခေါ်သွားတာ။ အိမ်ကလူတွေလည်း လိုက်သွားတယ်၊ မတွေ့ခဲ့ရဘူး။ အထဲကို ဝင်ခွင့်မပေးတာ” ဟု မင်္ဂလာဒုံဈေးတွင် အဖမ်းခံလိုက်ရသည့် မယဉ်သက်တင်၏ အစ်မဖြစ်သူက ပြောသည်။

မုန့်ဝယ်ရန် မင်္ဂလာဒုံဈေးသို့သွားခဲ့သည့် အသက် ၂၃ နှစ်အရွယ် မယဉ်သက်တင်သည် CNN သတင်းထောက်နှင့် ပက်ပင်းတိုးစဉ် အင်တာဗျူးဖြေဆိုပြီးနောက် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

မယဉ်သက်တင်နှင့်အတူ အသက် ၁၇ နှစ်အရွယ် တူမဖြစ်သူလည်း တပ်နယ်မှူးရုံးသို့ ဖမ်းဆီးပို့ဆောင်ခြင်းခံရပြီး ပြန်လွှတ်ပေးလိုက်ကြောင်း၊ မယဉ်သက်တင်ကိုမူ ညနေ ငါးနာရီဝန်းကျင်တွင် ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း ၎င်းကပြောသည်။

“ဒီနေ့တော့ ရွှေပြည်သာဘက်ကို တစ်ချက်လောက်လိုက်သွားမယ် လုပ်ထားတယ်။ ဘယ်ကနေ ဘယ်လိုလိုက်ရမှန်းလဲ မသိဘူး။ ဝင်ခွင့်မပေးဘူးလေ” ဟု မယဉ်သက်တင်၏ အစ်မက ပြောသည်။

ယခုထိ အဆက်အသွယ်မရသေးသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်လျက်ရှိပြီး မယဉ်သက်တင်ကို အန္တရာယ်တစ်စုံတစ်ရာမပြုဘဲ အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟု အစ်မဖြစ်သူက ဆိုသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးနေသော်လည်း မိသားစုဝင်တို့ သွားရောက်စုံစမ်းလျှင် ထိန်းသိမ်းထားသည့်နေရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပြင် တွေ့ဆုံခွင့်လည်း ပေးလေ့မရှိပေ။

မယဉ်သက်တင်နည်းတူ မင်္ဂလာဒုံဈေးထဲတွင် CNN သတင်းထောက်ကို အင်တာဗျူးဖြေသူများနှင့် ဓာတ်ပုံရိုက်သူများကို အရပ်ဝတ်ရဲနှင့် စစ်သားဟု ယူဆရသူတို့က ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ယမန်နေ့ ဧပြီ ၂ရက်နေ့တွင်  Myanmar Now ကို သတင်းပေးပို့လာသည်။

ယမန်နေ့က မင်္ဂလာဒုံဈေးတွင် ပုံမှန်ဈေးဝယ်ထွက်ရင်း CNN သတင်းထောက်ကို အင်တာဗျူးဖြေခဲ့သည့် မနေဇာခြည်ရှိုင်း၊ မရှိုင်းရတနာဖြိုးနှင့် ကိုစည်သူဖြိုးတို့ကိုလည်း ဖမ်းဆီးသွားပြီး ရွှေပြည်သာ စစ်ကြောရေးစခန်းတစ်ခုသို့ ပို့ဆောင်လိုက်သည်ဟု မနေဇာခြည်ရှိုင်း၏ မိတ်ဆွေဖြစ်သူက Myanmar Now ကိုပြောသည်။

“ရွှေပြည်သာကို ပါသွားတယ်ပဲ ကြားသေးတယ် ကားကိုပါ ယူသွားတာ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ပြည်လမ်းပေါ်ရှိ ဆယ်မိုင်ဈေးတွင်လည်း ယမန်နေ့ မွန်းလွဲပိုင်းက CNN သတင်းထောက်ရောက်ရှိစဉ် အင်တာဗျူးဖြေသူ Asia Light လျှပ်စစ်မီးဆိုင်းဆိုင်မှ ဝန်ထမ်းနှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး ရွှေပြည်သာစစ်ကြောရေးသို့ ပို့ဆောင်ခံလိုက်ရကြောင်း ထိုဆိုင်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“စစ်ကြောရေးကို ခေါ်သွားတာ။ အခု အဆက်အသွယ်မရတော့ဘူး” ဟု ၎င်းကပြောသည်။

သတင်းထောက်ကို လက်ခံစကားပြောသူတို့ ပစ်မှတ်ထားခံရမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပြည်တွင်းသတင်းထောက်တို့ကို အပြင်းအထန် နှိပ်ကွပ်နေသည့် စစ်ကောင်စီသည် အမေရိကန်သတင်းထောက်ကို သိသိသာသာ အလေးထားနေကြောင်း တွေ့ရသည်။

ရန်ကုန်တွင် သတင်းယူစဉ် ယူနီဖောင်းဝတ် လက်နက်ကိုင်အများအပြားနှင့် အရပ်ဝတ်ရဲများက သတင်းထောက်ဝန်းကျင်တွင် အမြဲရှိနေသည်။ 

အွန်လိုင်းသို့ ပေါက်ကြားလာသော မတ် ၃၀ ရက်စွဲပါ ရဲကြေးနန်းတစ်စောင်တွင် လူစုလူဝေးဖြစ်စဉ်တိုင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်ဆင့်ချင်းဆောင်ရွက်ရန်၊ လက်လွန်ခြေလွန်မဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ရန် ညွှန်ကြားထားသည်။

ထိုကာလအတွင်း ရန်ကုန်တွင် ပစ်ခတ်သတ်ဖြတ်မှုများ လုံးဝ လျော့ကျသွားသည်။

ရန်ကုန်တွင် နေထိုင်သူများကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို ပိုမိုအားစိုက် လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြို့နယ်အသီးသီးတွင် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူတို့ကိုသာမက နေအိမ်ထဲအထိ လိုက်လံပစ်ခတ်သတ်ဖြတ်နေလင့်ကစား  ပြည်သူအများအပြားသည် ကန့်ကွက်ဆန္ဒပြမှုကို နည်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြသည်။

Show More

Related Articles

Back to top button