သတင်း

မြင်းခြံတွင် လေတပ်ဗုံးကြဲ၍ အမျိုးသမီး ၃ ဦးသေ၊၂ ဦး ဒဏ်ရာပြင်းထန်

တိုက်ပွဲပြင်းထန်နေသည့် မြင်းခြံခရိုင်အတွင်း မြင်းခြံမြို့အနီး ကန်သုံးဆင့်ကျေးရွာ ဗုံးကြဲခံရသဖြင့် ဒေသခံ အမျိုးသမီးများ သေဆုံး၊ ဒဏ်ရာရသွားကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နှင့် ၇ မိုင်အကွာရှိ ကန်ဆင့်ရွာကို  လေတပ်က ယမန်နေ့ (မေ ၁၉) တွင်  ဗုံးကြဲရာ အမျိုးသမီး ၃ ဦး သေဆုံး၊  ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ 

ပွဲချင်းပြီး သေဆုံးသူ ၂ ဦးရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ 

“မနေ့က ၁၂ နာရီခွဲ ဝန်းကျင်မှာ ဗုံးလာကြဲသွားတာ။ လက်ရှိ သေဆုံးသူ ၃ ဦး ရှိပြီးတော့ ပြင်းထန်ဒဏ်ရာ ရတာ ၂ ဦး ရှိတယ်။ ကြဲတဲ့အချိန်မှာ ၂ ယောက်သေပြီးတော့ နောက်ပြီးမှ ၁ ယောက် သေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။ 

မြင်းခြံခရိုင်မြို့နယ်များဖြစ်သော မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် မေ ၁၄ ရက်နေ့မှ စတင် ၍ တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်ရာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသာမက အရပ်သားများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့နေသည် ဟု ၎င်းက ဆက်ပြောသည်။ 

ဗုံးကြဲစဉ် သေဆုံးသွားသူများမှာ အသက် ၅၅ နှစ် အရွယ် ဒေါ်မေရီမြင့်နှင့် အစ်မဖြစ်သူ ၅၆ နှစ်အရွယ် ဒေါ်ခင်ဌေးရီတို့ ဖြစ်သည်၊ ဒဏ်ရာရ အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ဒေသအခြေစိုက် မြေလတ်အသံ သတင်းဌာန သတင်းတစ်ပုဒ်တွင် ယနေ့ ( မေ ၂၀ ) နံနက်က ဖော်ပြထားသည်။ 

၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၊ “ ရှမ်းမန်း စစ်ဆင်ရေး” အရှိန် မြင့် နေချိန်  PDF  ခရိုင်တပ်ရင်းများအားကောင်းသည့်  မြေပြန့်ဒေသများ တွင်လည်း ဩဂုတ် ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီတပ်စခန်းများကို  “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)” အမည်ဖြင့်   ထိုးစစ်ဆင်ခဲ့ကြသည်။

စစ်ဆင်ရေးအတွင်းနွားထိုးကြီးမြို့ပေါ်အထိ တိုက်ခိုက်ခဲ့ကြပြီးနောက်  ဩဂုတ် ၂၂ ရက်အထိ တံတားဦး နှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်၊ ထိုနေရာများတွင် အထိုင်ချတပ်စွဲထားရန် ခက်ခဲသဖြင့် စခန်းများကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

၂၀၂၄ ဩဂုတ်လက တိုက်ပွဲများအတွင်း ပျက်စီးခဲ့သည့် နွားထိုးကြီးမြို့ပေါ်မှ KBZ ဘဏ်ခွဲ။ (ဓာတ်ပုံ- နွားထိုးကြီး News)

ထိုစဉ်ကလည်း စစ်ကောင်စီက နွားထိုးကြီးမြို့အပါအဝင် အနီးဝန်းကျင်မှ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ လက်တုံ့ပြန်ခဲ့သည်။ 

ထို့နောက် မြင်ခြံခရိုင်အတွင်း ငြိမ်သက်သွားပြီးနောက် ယခုနှစ် မေ ၁၄ ရက်နေ့ တွင်  တကျော့ပြန်တိုက်ပွဲများ  ဖြစ်ပွားခဲ့သည်။ 

မေ ၁၅ ရက်ကစပြီး မြင်းခြံမြို့နယ်ရှိ အရပ်သား ပစ်မှတ်များ ဖြစ်သည့် ပတ္တာ၊ ကန်ဆင့် နှင့် ပျားကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်၊ စစ်ကောင်စီတပ်နှင့် နီးစပ် သည့် ရွာများမှ ဒေသခံများ စစ်ရှောင်နေကြရသည်ဟု မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူက ဆိုသည်။ 

“သူတို့ တိုက်ခိုက်ဖို့ လုပ်ရင် ပြည်သူတွေကို ဗုံးကြဲမှန်းသိတော့ ပြည်သူတွေက နာမှန်းသိတော့ တောထဲမှာ ထွက်နေကြရပြီ” စစ်တပ်က အထိုင်တွေက သူတို့တင်မဟုတ်တော့ဘူး ပျူတွေနဲ့ ပါ အရံအင်အားလုပ် ပြီးတော့ ပစ္စည်းယူ လူသတ်လုပ်တော့ ပြည်သူတွေက မနေရဲကြတော့ဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။ 

ထို့ပြင် စစ်ကောင်စီတပ်က မြင်းခြံ ခရိုင်အတွင်းရှိ ကျေးရွာများကို ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ ထားရာ ဒေသခံတို့မှာ အခြေခံစားသုံးကုန်များ လိုအပ်လာပါက ခွင့်တောင်းပြီး ဝယ်ယူကြရသည်၊ စစ်ကောင်စီဂိတ်စခန်း များကို ဖြတ်သန်းရသည့် အခါတွင် ထိုအခြေခံစားသောက်ကုန်များကို လုယက်တတ်သည်ဟု ပြောသည်။ 

“ရွာခံ ဂိတ်တွေကို ဘာဝယ်မယ်ဆိုပြီးတော့ စာရင်းပေးရတာ။ ဆီ ဘယ်လောက် …ဝယ်မယ်၊ ဆန်ဘယ် လောက် ဝယ်မယ်ဆိုပြီးတော့ စာရင်းပေးထားပါလျက်နဲ့ကို ဒီဂိတ်ကတော့ တစ်ထောင်ပေးလို့ ထောက်ခံစာ လုပ်ပေးလိုက်တယ်။ မြို့အဝင်ကြတော့ သယ်လာပြီဆိုမှ အဲဒီစာ ပြရင်လည်း မရဘူး။ သူတို့လိုချင်ရင် ဆီပုံးလည်း ယူထားလိုက်တာပဲ။ ဆန်လည်း ယူထားလိုက်တာပဲ” ဟု သူက ဆိုသည်။

မြင်းခြံခရိုင်၏ အဓိကမြို့ဖြစ်သည့် မြင်းခြံမြို့တွင် စစ်ကောင်စီ  ခြေမြန်တပ်ရင်း (ခမရ) ၁၅ တည်ရှိပြီး ခမရ ၉၉ ၊ ခမရ ၃၃ တို့လည်း စခန်းချထားသည်၊ မြင်းခြံမြို့၏ မြို့ပတ်လည်တွင် စစ်တပ် ဂိတ်စခန်းများ ချထားးသည်ဟု ဒေသခံများထံက သိရသည်။ 

မြင်းခြံခရိုင်နှင့် နယ်နမိတ်ဆက်စပ်နေသည့် ဆီးမီးခုံမြို့နယ် ရဲစခန်း ၊ ငါန်းဇွန်မြို့ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများကို မေ ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် မြင်းခြံ ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်လာခဲ့သည်။ 

ထိုသို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နွားထိုးကြီးမြို့အရှေ့ဘက် ၇ မိုင် အကွာရှိ  ဝက်လူးရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ   လေတပ်က တိုက်ပွဲ ဖြစ်ပွားရာ နေရာများကိုသာမကဘဲ အရပ်သား ပစ်မှတ်များကိုပါ  ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

မေ ၆ ရက်နေ့က နွားထိုးကြီးမြို့နယ် အနောက်တောက်ဘက်ရှိ မာန်လည်ရွာကို   လေတပ်က ဗုံးကြဲရာ အသက် ၆၀ နှင့် ၂၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့သည်။ 

အလားတူ တိုက်ပွဲများပြင်းထန်နေမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်များဘက်ကလည်း အကျအဆုံး ရှိနေသည်။

တိုက်ပွဲများအကြောင်းကို စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင်မူ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံတွင် PDF များက တိုက်ခိုက်နေ ၍ မြေပြင်စစ်ကူ၊ လေကြောင်းပစ်ကူပေးရန် လှုံ့ဆော် ရေးသားနေကြသည်။

Related Articles

Back to top button