
မန္တလေးတိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ လေကြောင်းတပ်က လေတပ် အားပြုပြီး ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) သတင်းရင်းမြစ်ထံက သိရသည်။
မြင်းခြံ ခရိုင်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ဆီးမီးခုံမြို့ ရဲစခန်း၊ ငါန်းဇွန်မြို့နယ် အတွင်းရှိ စစ်ကောင်စီ ခြေစိုက် စခန်းတို့ကို မေ ၁၄ တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် မြင်းခြံ ၊ နွားထိုးကြီး နှင့် တောင်သာ နယ်များတွင်ပါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားသည်ဟု ဒေသခံ PDFတပ်ဖွဲ့ ဝင် တစ်ဦးက ပြောသည်။
“ငါန်းဇွန် နဲ့ ဆီမီးခုံမှာတော့ စဖြစ်တဲ့ နေ့ကပဲ လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ စခန်းတေ့ာ မရလိုက်ဘူး။ ကိုယ့်ဘက်က အနည်းငယ် ကျဆုံးမှုနဲ့ ပြန်ဆုတ်ပေးလိုက်ရတာပေါ့။ နွားထိုး ဘက်ကတော့ တိုက်ပွဲက ခုချိန်ထိတိုက်ပွဲပြင်းထန်နေတုန်းပဲ၊ ရအောင်တော့ တိုက်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။
ထိုနောက် မေ ၁၅ တွင် နွားထိုးကြီး မြို့နယ်နှင့် ၇ မိုင် အကွာရှိ ဝက်လူးနယ်မြေ ရဲစခန်း၊ ထန်းဇင်း (မြောက်) ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိ စစ်စခန်းများ တိုက်ခိုက်ခံရသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ဖော်ပြထားသည်။
ထို့ပြင် မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ၊ တောင်သာမြို့နယ် ထနောင်းကုန်းရွာ၊ ငါန်းဇွန် မြို့ပေါ်ရှိ စစ်စခန်းများကိုလည်း တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခံရသည်ဟုလည်း ဆိုသည်။
ဝက်လူးရွာ ရဲစခန်းကို စီးနင်းစဉ် လေကြောင်း တိုက်ခိုက်မှုကို နေ့စဉ် ကြုံရသည်ဟု အထက်ပါ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆက်ပြောသည်။
“ဝက်လူးရဲစခန်းကိုတော့ တောက်လျှောက်ကြဲနေတယ်။ ဒီနေ့လည်းကြဲတယ်။ Y 12 ရော ဂျက်ဖိုက်တာရော ကြဲနေတယ်။ စစ်ကောင်စီဘက်က ဒီဝက်လူးစခန်း မကျရေးကို ဝေဟင်ရော မြေပြင်ရော တပ်ကူလွှတ်တာပေါ့”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် တော်လှန်ရေးတပ်ဖွဲ့များက နွားထိုးကြီးမြို့တွင်းရှိ အထက်တန်းကျောင်း၊ ကမ္ဘောဇဘဏ်၊ မြို့လယ်မီးသတ် ကုန်း၊ ရဲစခန်း ဝန်းကျင်များတွင် နေရာယူထားပြီး ဒရုန်းဖြင့် တိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်။
ယမန်နေ့ ( မေ ၁၈) ညပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံများကြားနေရသည်၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မြို့၏ အရှေ့ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များရှိနေသည်၊ စျေးနှင့် စားသောက်ဆိုင်များပိတ်ထားပြီး အခြေအနေကို စောင့်ကြည့်နေသည်ဟု မြို့ခံအမျိုးသား တစ်ဦးက ပြောသည်။
“မနက်ကတော့ ရုတ်ရုတ်ရုတ်ရုတ်ပေါ့။ ကလေးတွေကတော့ မြို့ပေါ်က ဖြတ်သွား တာတော့ ရှိတာပေါ့။ တိုက်ပွဲကတော့ မဖြစ်ပါဘူး။ နွားထိုးအရှေ့ဘက်နားက ပိုက်လိုင်းမှာ ဖြစ်တာ။ မြို့အရှေ့ဘက်မှာတော့ ကလေးတွေကတော့ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည်၊ နွားထိုးကြီး မြို့ပေါ်တွင်လည်း ဗုံးကြဲတိုက်ခိုက်သံ၊ ပစ်ခတ်သံများ ကြားနေကြရပြီး စစ်မီးကူးစက်လာမည်ကို စိုးရိမ်ရသည်ဟု နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
“တချို့ကလည်း တအားကြောက်တဲ့ သူတွေကတော့ ဒီလိုအခြေအနေမှာ ရှောင်ကြတိမ်းကြတော့ ရှိတာပေါ့။ တချို့ကျတော့လည်း သွားစရာ လုံးဝမရှိတဲ့သူတွေကျတော့လည်း ကြောက်လည်း မတတ်နိုင်ဘူး။ ဒီလိုပဲ နေကြရတာပေါ့” ဟု ၎င်းက ပြောသည်။
နွားထိုးကြီးမြို့ အရှေ့မြောက်ဘက်ရှိ ဝက်လူးရွာ ရဲစခန်းတွင် ပခုက္ကူမြို့ အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) တပ်ဖွဲ့များ တပ်စွဲထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသည်။
ပြီးခဲ့သည့် မတ် ၉ တွင် ဝက်လူးရဲစခန်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ကို ကျားတွင်းဘိုးရွာအနောက်တောင်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးနှင့် လက်နက်အများအပြား ရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် အရာရှိများမှာ ဗိုလ်မှူးဝင်းလှိုင်ဦးနှင့်ဗိုလ်ကြီးအောင်ကိုကိုတို့ ဖြစ်ပြီး သေနတ် ၄၄ လက်၊ ကျည်ဆန် တစ်သောင်းကျော်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။