
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တု အလုံးအရင်းဖြင့် တူးဖော်နေသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့ တောင်ဘက်ရှိ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ ခုကို ဂြိုလ်တုဓာတ်ပုံတွင် အထင်အရှားတွေ့ရသည်။ ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်နှင့် ၂၅ ကီလိုမီတာသာ ကွာဝေးသည်။
သတ္တုတွင်းက ထွက်သည့် ဓာတုစွန့်ပစ်ပစ္စည်းများသည် မိုင်းဆတ်ဒေသမှ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ထဲသို့ ဖြတ်သန်းစီးဆင်းသော နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်ကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဆိုသည်။
ထို့ကြောင့် မြစ်အောက်ဖျားပိုင်းတွင် နေထိုင်ကြသော ထိုင်း-မြန်မာ ဒေသခံ ပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်စေသည်ဟုလည်း ဆိုသည်။
နမ့်ခုတ်မြစ်တလျှောက်တွင်မူ ရွှေတူးဖော်ရေးလုပ်ငန်းလည်း အများအပြားရှိနေသေးသည်။ ထို့ပြင် မြေရှားသတ္တု တူးဖော်လာကြရာ နှစ်နိုင်ငံပြည်သူများအတွက် စိုးရိမ်စရာ အလွန်ကောင်းနေသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ တာဝန်ရှိသူယိင်းလျန်းဟန် က Myanmar Now သို့ ပြောသည်။
“သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေလုပ်ဖို့ တောင်းဆိုချင်ပါတယ်” ဟု သူက ပြောသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ကန်အ၀ိုင်းများ အတန်းလိုက် ရှိနေသည်ကို ဂြိုလ်တုဓာတ်ပုံများတွင် တွေ့ရသည်။ ထိုသတ္တုတွင်းများသည် ကချင်ပြည်နယ်အတွင်း တရုတ် ကုမ္ပဏီများ တူးဖော်နေသည့် မြေရှားသတ္တု terbium (Tb) နှင့် dysprosium (Dy) တို့ကို ပမာဏာအများအပြား တူးဖော်နေသော သတ္တုတွင်းများ၏ ပုံသဏ္ဌာန်နှင့် ဆင်တူသည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရာတွင် အရေးပါသည်။
သတ္တုတူးဖော်နိုင်ရန် တောင်များကို အပေါက်ဖောက်ကာ ပိုက်များမှတစ်ဆင့် ဓာတုပစ္စည်းများ လောင်းထည့်ရသည်။ ထို့နောက်ဓာတုပစ္စည်းအရည်များကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းများ ထပ်ထည့်၍ မြေရှားသတ္တု ထုတ်ယူခြင်းဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည့် လုပ်ငန်း ဖြစ်သည်။
ထိုနည်းလမ်းများကို ကချင်ပြည်နယ်ရှိ မြေရှားသတ္တုလုပ်ကွက်များတွင် တရုတ်ကုမ္ပဏီတို့ ကျင့်သုံးနေပြီး ထိုင်း-မြန်မာနယ်စပ် မြေရှားသတ္တုတွင်းများကိုလည်း တရုတ်ကုမ္ပဏီများက လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ယိင်းလျန်းဟန်က ပြောသည်။

မိုင်းယွန်းဒေသရှိ မြို့ပေါ်နောများကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုကို UWSA ကထိန်းချုပ်ထား၍ သတ္တုတူးဖော်မှုနှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို ရနိုင်ရန် ခက်ခဲသည်ဟုလည်း ယိင်းလျန်းဟန်က ပြောသည်။
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UWSA၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။ အဓိကအားဖြင့် အိမ်နီးချင်းမြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်များမှ ထုတ်လုပ်ရရှိသော မြေရှားသတ္တုများကို တင်ပို့သောနိုင်ငံလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုပြီးပါက ကမ္ဘာပေါ်တွင် တတိယမြောက် မြေရှားထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်၏ ၁၃ % နှုန်းရှိသည်ဟု နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness အဆိုအရ သိရသည်။
၂၀၂၄ ခုနှစ်တွင် ကချင်ပြည်နယ်မှ မြေရှားသတ္တုသိုက်များရှိရာ ချီဖွေ နှင့် ပန်ဝါဒေသများကို ထိန်းချုပ်ထားသော စစ်ကောင်စီသစ္စာခံ ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း ဦးဆောင်သော တပ်ဖွဲ့များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယခုအခါ ကချင်ပြည်နယ်မှ မြေရှားသတ္တုသိုက်များကို KIA က ထိန်းချုပ်စီမံနေသည်။
ကချင်ပြည်နယ်တွင်လည်း မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းများကြောင့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးနေသည်၊ သတ္တုတွင်းများအနီး နေထိုင်သောဒေသခံတို့လည်း ကျန်းမာရေးထိခိုက်နေသည်၊ မြေပြိုမှုများ၊ မြေပေါ်၊ မြေအောက် ရေအရင်းအမြစ်များ အဆိပ်သင့်ခြင်း၊ ငါးများ နှင့် တောရိုင်းတိရိစ္ဆာန်များ သေဆုံးခြင်း၊ စိုက်ပျိုးသီးနှံများကို ထိခိုက်ခြင်း စသည့် ဆိုးကျိုးများလည်း ရှိနေသည်။
ယခုအခါတွင်လည်း မိုင်းယွန်းဒေသတွင်လည်း ရှိနေပြီးသား ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် နမ့်ခုတ်မြစ်အတွင်း ရေအရင်းအမြစ် ညစ်ညမ်းနေပြီး မြေရှားသတ္တုတွင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒေသခံတို့၏ ကျန်းမာရေးကိုလည်း ခြိမ်းခြောက်လာနေသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဆိုသည်။
