လူပေါင်းများစွာသတ်ဖြတ်ခံရခြင်းကို ကာကွယ်တားဆီးရန် ထိရောက်သည့် အရေးယူမှု လုပ်ဆောင်သင့်ကြောင်း ကုလအထူးကိုယ်စားလှယ်က ကုလလုံခြုံရေးကောင်စီကို ယမန်နေ့ မတ် ၃၁ ရက်နေ့က တိုက်တွန်းပြောကြားသည်။
အာဏာသိမ်းခေါင်းဆောင်များက အရပ်သားပြည်သူများအပေါ် ကျယ်ပြန့်စွာ၊ စနစ်တကျ တိုက်ခိုက် သတ်ဖြတ်နေသည့်အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာ၊ ညီညွတ်ပြီး အရေးယူတုံ့ပြန်မှုလုပ်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgener က ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ၌ တောင်းဆိုခဲ့သည်။
“မြန်မာပြည်သူတွေနဲ့ထိုက်တန်တာ၊ လုပ်ဆောင်သင့်တာတွေကို စုပေါင်းအရေးယူဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားကြပါ။ နောက်ပြီး မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံကြီးမားတဲ့ကပ်ဘေးကို ကာကွယ်တားဆီးကြပါ” ဟု အထူးကိုယ်စားလှယ်က ဆိုသည်။
မြန်မာနိုင်ငံသည် ယခင်က မဖြစ်ပေါ်ဖူးသည့်အတိုင်းအဆဖြင့် ပြည်တွင်းစစ်ဖြစ်နိုင်ခြေကို ရင်ဆိုင်နေရကြောင်းနှင့် ကျရှုံးနိုင်ငံအဖြစ်သို့ ဦးတည်နေကြောင်း Christine Schraner Burgener က သတိပေးသည်။
မတ် ၃၀ ကလည်း ဗြိတိန်၏ တောင်းဆိုမှုဖြင့် လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးကို အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက် ခေါ်ယူဆွေးနွေးခဲ့ရာ ယင်းဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ရေးအပေါ် တရုတ်က ကန့်ကွက်ခဲ့သဖြင့် မထွက်ပေါ်ခဲ့ပေ။
အဆိုပြုကြေညာချက်တွင် ပါဝင်သည့်အချက်များကို စဉ်းစားဆုံးဖြတ်နိုင်ရေး အချိန်ထပ်ယူရန် တရုတ်သံအမတ်က ကောင်စီသို့ ပြောကြားသည်ဟု သံတမန်များက AP သတင်းဌာနသို့ ပြောသည်။
ကောင်စီအစည်းအဝေးသည် တံခါးပိတ်ဆွေးနွေးပွဲဖြစ်သဖြင့် ကောင်စီအဖွဲ့ဝင်သံတမန်များက အမည်မဖော်ဘဲ ဖြေကြားခြင်း ဖြစ်သည်။
“တစ်ဖက်သတ်ဖိအားပေးမှုနဲ့ အရေးယူဒဏ်ခတ်ဖို့တွေအတွက်တောင်းဆိုခြင်း ဒါမှမဟုတ် အခြား နိုင်ထက်စီးနင်း အရေးယူခြင်းတွေဟာ ပိုမိုဆိုးရွားတဲ့တင်းမာမှုကိုသာ ဖြစ်စေပါလိမ့်မယ်။ နောက်ပြီး အပြုသဘောဆောင်မှာ မဟုတ်တဲ့ နောက်ထပ်ရှုပ်ထွေးမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်စေမှာပါ” ဟု တရုတ်သံအမတ် Zhang Jun က ဆိုသည်။
တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် အဖြေရှာရန် ပါဝင်ပတ်သက်သူများအားလုံးကို တရုတ်သံအမတ်က တိုက်တွန်းခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု တိုးမြှင့်ဖြစ်ပေါ်ရေးနှင့် အခြေအနေကို အရှိန်လျှော့ချနိုင်မည်ဟု ဆိုသည်။
အထက်ပါ ကောင်စီအစည်းအဝေး၌ Christine Schraner Burgener သည် မြန်မာစစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်ခြင်းများနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုသည့် လက်နက်မဲ့ဆန္ဒပြသူများကို ဖမ်းဆီးခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းချိန်မှစ၍ အရပ်သားပြည်သူ အနည်းဆုံး ၅၃၆ ဦးခန့်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပေါင်း ၂၇၂၉ ဦး ခန့်ကို ဖမ်းဆီးထိန်းသိမ်း၊ တရားစွဲ၊ ထောင်ချခဲ့ကြောင်း အထူးကိုယ်စားလှယ်က ကောင်စီသို့ တင်ပြခဲ့သည်။
ကုလလုံခြုံရေးကောင်စီ၏ အထက်ပါအစည်းအဝေးမတိုင်မီတွင် ကုလအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က အာဏာသိမ်းစစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရေး၊ စစ်ကောင်စီထံရောက်ရှိမည့် ဝင်ငွေနှင့် လက်နက်များ တားဆီးနိုင်ရေး စသည့်အချက်များကို ကောင်စီက ဆုံးဖြတ်အရေးယူရန် တောင်းဆိုခဲ့သည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ပြည်တွင်းစစ်မဖြစ်ပေါ်ရေး၊ R2P အမြန်ဆုံးစတင်နိုင်ရေး၊ စစ်အာဏာရှင်များကို နိုင်ငံတကာငွေကြေးနှင့် လက်နက်များဖြတ်တောက်ရေး၊ စစ်ဗိုလ်ချုပ်များကို ICC တင်ရေး စသည့်အချက်များကို ချမှတ်ရန် လုံခြုံရေးကောင်စီသို့ အစည်းအဝေးမတိုင်မီ တောင်းဆိုခဲ့သည်။
ဤအတောအတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အရပ်သားတို့ကို ပစ်ခတ်သတ်ဖြတ်မှုများ ရှိနေလင့်ကစား အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေကြသည်။