
ထရမ့်အစိုးရ၏ စီးပွားရေးမူဝါဒတွင် ကုန်သွယ်မှုနှင့်ဆိုင်သည့် သွင်းကုန်ခွန်တိုးမြှင့်ခြင်းသာမကဘဲ ဒေါ်လာနှင့်သက်ဆိုင်သည့်အမြင်နှင့်မူဝါဒအပြောင်းအလဲပြုလုပ်ခြင်းက အဓိကကျသည်ဟုဆိုရမည်။ သမ္မတထရမ့်၏ ကိုယ်ပိုင်အိမ်တော် Mar-a-Lago ကို အစွဲပြုပြီး Mar-a-Lago Accord သဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရန် ထရမ့်၏စီးပွားရေးအကြံပေးများတွင် အစီအစဉ်ရေးဆွဲထားဟန် ရှိသည်။
Mar-a-Lago Accord ဆိုသည်မှာ
သမ္မတရီဂင်လက်ထက် ၁၉၈၅ ခုနှစ် နယူးယောက်မြို့ ပလာဇာဟိုတယ်၌ အမေရိကန်၊ ပြင်သစ်၊ အနောက်ဂျာမဏီ၊ ဂျပန်၊ ဗြိတိန်တို့ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းပြီး ယင်းနိုင်ငံများ၏ ငွေကြေး တန်ဖိုးများမြင့်တက်လာရန်၊ ငွေကြေးဈေးကွက်တွင် ဝင်ရောက်ဆောင်ရွက်ရန် အစိုးရများကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့်ခိုင်းနှိုင်း၍ ထရမ့်၏ကိုယ်ပိုင်အိမ်တော်တွင် ဒေါ်လာတန်ဖိုးကျဆင်း ရန်နှင့် အစိုးရငွေတိုက်စာချုပ်များနှင့်ပတ်သက်သည့် Plaza Accord လိုပင် သဘောတူညီချက် လက်မှတ်ရေးထိုးရန် အမည်ပေးထားခြင်းဖြစ်သည်။
ထရမ့်အစိုးရ၏ စီးပွားရေးအကြံပေးအဖွဲ့ကိုဦးဆောင်သူ Stephen Miran သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တွင် “A User Guide to Restructuring the Global Trading System” ဆိုသည့်စာတမ်းကို ရေးသား ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းသည် ထရမ့်အစိုးရ၏ ဒေါ်လာနှင့်ကမ္ဘာ့ကုန်သွယ်ရေးအပေါ်အမြင်နှင့် ထရမ့်အစိုးရ၏ စီးပွားရေးမူဝါဒဦးတည်ရာကို ထင်ဟပ်စေသည်။
ထရမ့်နှင့်သူ၏အကြံပေးများ၊ ကက်ဘိနက်အဖွဲ့ဝင်များ၏ အမြင်မှာ တကမ္ဘာလုံးက အမေရိကန်ကို ဝိုင်းဝန်းအမြတ်ထုတ်နေကြသည်ဟူ၍ ဖြစ်သည်။ တရုတ်ကအဓိကဖြစ်သလို မဟာမိတ်နိုင် ငံများသည်လည်း အမေရိကန်ကို အမြတ်ထုတ်သည့်ထဲပါဝင်သည်ဟု ယူဆထားကြသည်။ အမေရိကန် အမြဲ ကုန်သွယ်မှုလိုငွေပြနေခြင်းသည် (trade deficit) အမေရိကန်ဒေါ်လာတန်ဖိုးမြင့်မားနေမှုကြောင့် ဟု ထင်မြင်ယူဆသည်။ အမေရိကန်ဒေါ်လာသည် ဖြစ်သင့်သည်ထက် ပိုမိုတန်ဖိုးမြင့်မားနေသည်၊ overvalued ဖြစ်နေသည်ဟု ဆိုကြသည်။ ထိုသို့ဒေါ်လာတန်ဖိုးမြင့်မားနေရခြင်းမှာ ကုန်သွယ်ဘက် နိုင်ငံများ၏ ငွေကြေးတန်ဖိုးများကို နှိမ့်ချထားခြင်းကြောင့်ဖြစ်ပြီး ထိုသို့နှိမ့်ချထားခြင်းကြောင့် ယင်းနိုင်ငံများက ထုတ်လုပ်သည့် ကုန်ပစ္စည်းတို့ ဈေးနှုန်းချိုသာသဖြင့် အမေရိကန်ကုန်ပစ္စည်းများ ယင်းတို့နှင့်မယှဉ်နိုင်ဖြစ်ရသည်၊ အကျိုးဆက်အားဖြင့် ယင်းဈေးနှုန်းချိုသာသည့် ပြည်ပထုတ်ကုန်များကို အမေရိကန်တို့ ဝယ်ယူစားသုံးကြသဖြင့် ကုန်သွယ်မှုလိုငွေပြရသည်၊ တဖန် ဆက် လက်ပြီး အမေရိကန်စက်ရုံများက ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းကြောင့် ပိတ်သိမ်းကြရသည်ဟုဆိုသည်။ နောက်ထပ်အမေရိကန်စီးပွားရေးကို ဒုက္ခပေးသည့်အရာမှာ ထိုသို့အမေရိကန်နှင့်ကုန်သွယ်မှုပြု ရာတွင် ပိုငွေပြသည့်နိုင်ငံများသည် ပိုလျှံငွေများကို အမေရိကန်ဒေါ်လာ၊ ဒေါ်လာနှင့်ဝယ်ယူရသည့် ဒေါ်လာ assets ဟုခေါ်သည့် ဒေါ်လာအရံငွေများ စုဆောင်းခြင်း (reserves)၊ အစိုးရငွေတိုက်စာချုပ်များ (Treasuries Bonds)၊ အမေရိကန်စတော့ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ၊ အမေရိကန်တွင် အိမ်ခြံမြေများ ဝယ်ယူကြသဖြင့် အမေရိကန်ဒေါ်လာ ပိုမိုတန်ဖိုးတက်ရသလို အဆိုပါစတော့ ရှယ်ယာနှင့်အိမ်ခြံမြေတန်ဖိုးများသည်လည်း အဆမတန်မြင့်တက်ရသည်ဟုသုံးသပ်ကြသည်။ ထိုသို့ အမေရိကန်ဒေါ်လာတန်ဖိုးတက်လေ အမေရိကန်ထုတ်ကုန်ပစ္စည်းများ ဈေးနှုန်းပိုမိုကြီးလေဖြစ်ပြီး ထိုသို့ဈေးနှုန်းကြီးခြင်းကြောင့် အခြားကုန်သွယ်ဘက်နိုင်ငံများထုတ်လုပ်သည့် ကုန်ပစ္စည်းများဖြင့် ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကျဆင်းလေဖြစ်သည်၊ အဆုံးတွင် လုပ်ငန်းများ၊ စက်ရုံများ ပိတ်သိမ်းရသည်ထိ ဖြစ်ရသည်ဟု ယင်းတို့ကသုံးသပ်ကြသည်။ အမေရိကန်နိုင်ငံတွင် စက်မှုကဏ္ဍ၏ ဂျီဒီပီတွင်ပါဝင်မှုက ၁၀% အောက် ရောက်ရသလို အလုပ်သမားသန်းပေါင်းများစွာလည်း အလုပ် လက်မဲ့ဖြစ်ရသည်ဟု ယင်းတို့ကသုံးသပ်ကြသည်။
ထို့အတွက်ကြောင့် ထရမ့်အစိုးရလက်ထက်တွင် ပလာဇာသဘောတူညီချက်လိုပင် Mar-a-Lago Accord သဘောတူညီချက်ရေးထိုးပြီး ဒေါ်လာတန်ဖိုးကျဆင်းအောင်လုပ်ရမည်ဟု Stephen Miran အပါအဝင် ထရမ့်၏စီးပွားရေးအကြံပေးများက ပြင်ဆင်ထားကြသည်။ အဆိုပါ Mar-a-Lago Accord သဘောတူညီချက်တွင် နောက်ထပ်ပါဝင်သည့်အရာမှာ အမေရိကန်အစိုးရ၏ ငွေတိုက်စာချုပ် (Treasuries Bills/Bonds) များကို ၃နှစ်-၁၀နှစ်သက်တမ်းမှ Perpetual Bonds အဖြစ် ပြောင်းလဲရန် ဖြစ်သည်။ Perpetual Bonds ဆိုလျှင် နှစ်အကန့်အသတ်မရှိ ထာဝရငွေတိုက်စာချုပ်များဖြစ်သွားနိုင်သည်။ ပြန်ဆပ်ရန်မလိုသလိုဖြစ်နေပြီး ထိုငွေတိုက်စာချုပ်များ၏ အတိုးနှုန်းကိုလည်း လျှော့ချခိုင်းမည် ဟု သိရသည်။ ပညာရှင်များက ထိုသို့ပြုလုပ်ခြင်းသည် default ပြန်လည်မပေးဆပ်ခြင်းဖြစ်ပြီး ကမ္ဘာ့ ဘဏ္ဍာငွေကြေးကဏ္ဍတစ်ခုလုံး ပြိုလဲသွားနိုင်သည်ဟု ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Kenneth Rogoff (မကြာသေးခင်က သူ၏ Our Dollar, Your Problem: Insider’s Views of Seven Turbulent Decades of Global Finance, and the Road Ahead ထွက်ရှိ)က နယူးယောက်တိုင်းမ်စ် သတင်းစာမှ Ezra Klein နှင့် Trump Vs. The Dollar မေးမြန်းခန်းတွင်ဖြေဆိုခဲ့သည်။ ထိုတွေ့ဆုံမေး မြန်းခန်းတွင်ပင် Kenneth Rogoff က မှတ်ချက်ပေးထားသည်မှာ ထရမ့်အကြံပေးများသည် တဘက်တွင် ဒေါ်လာတန်ဖိုးကိုကျဆင်းစေလိုသလို တဘက်တွင်လည်း ဒေါ်လာကိုအရံငွေကြေးအဖြစ် နိုင်ငံတကာက ဆက်လက်ကိုင်စွဲစေချင်သလိုဖြစ်နေသည်ဟူ၍ ဖြစ်သည်။ တနည်းအားဖြင့် ကမ္ဘာ့စီးပွားရေးတွင် ဒေါ်လာလွှမ်းမိုးမှုကိုလည်း ဆက်လက်တည်တံ့စေလိုခြင်းဖြစ်သည်။
“I’m just giving you their contradictions. They say they want to be the reserve currency. But we’re willing to be the reserve currency if we don’t have to pay any interest. You can’t do anything with the money. And we’re basically defaulting. It is a partial default. It is a spectacular default, Rogoff says”.
သူမတူသည့် ဒေါ်လာကိုပိုင်ဆိုင်ထားခြင်း (သို့) Exorbitant Privilege သည် အမေရိကန်နိုင်ငံအတွက် ကောင်းသလား ဆိုးသလား။
ကမ္ဘာ့ပေါ်ရှိ နိုင်ငံအသီးသီးသည် ပိုလျှံသည့်ငွေများကို ဒေါ်လာအဖြစ် သိမ်းဆည်းထားကြသဖြင့် (သို့) ဒေါ်လာဖြင့်ဝယ်ယူရသည့် အမေရိကန်ငွေကြေးဈေးကွက်မှ စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေများကို ဝယ်ယူကြသဖြင့် အမေရိကန်နိုင်ငံသည် မည်မျှပင် အစိုးရဘတ်ဂျက်လိုငွေပြနေပါစေ၊ သို့တည်းမဟုတ် မည်မျှပင် ကုန်သွယ်မှုလိုငွေပြနေပါစေ အခြားနိုင်ငံများလို ငွေကြေးအကျပ်အတည်း မကြုံတွေ့ရဘဲ သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေများကို ရယူနေနိုင်ပါသည်။ ထို့အတွက်ကြောင့်လည်း ငွေကြေးဖောင်းပွမှုနှုန်းနည်းပါးသည်၊ ဒေါ်လာတန်ဖိုးသည်လည်း ဝယ်ချင်သူများ၍ အခြားငွေကြေး များနှင့်ယှဉ်လျှင် ခိုင်မာလျက်ရှိသည်ဟု သုံးသပ်ကြသည်။
အမေရိကန်အစိုးရအနေဖြင့်လည်း ဘတ်ဂျက်အသုံးစရိတ်လိုငွေများကို သက်သာသည့် အတိုးနှုန်းပေး ရသည့် ငွေတိုက်စာချုပ်များ ရိုက်ထုတ်ချေးယူနိုင်ခြင်းဖြင့် အစိုးရချေးငွေပမာဏသည် ၃၆ထွီလီယံသို့ ရောက်ရှိနေသော်လည်း ပြသနာမဖြစ် ဆက်လက်လိုငွေပြနိုင်သလို ဆက်လက်၍လည်း ချေးယူနိုင်လျက် ရှိသည်။ အမေရိကန်စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေများကို ပြည်ပမှဝယ်ယူလိုသူ များခြင်းကြောင့်လည်း အမေရိကန် စတော့ရှယ်ယာဈေးကွက်သည် ကမ္ဘာမှာအကြီးဆုံးဖြစ်သလို ရင်းနှီး မြှုပ်နှံရာ၌လည်း သူ့လောက်အကျိုးအမြတ် ပြန်လည်ရရှိမှုကို မည်သည့်စတော့ဈေးကွက်မှမယှဉ်နိုင်။ အလားတူ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေများ၏ တန်ဖိုးသည်လည်း မြင့်တက်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် စီးပွားရေးအကျပ်အတည်းများ ရိုက်ခတ်တိုင်းလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတို့က စိတ်အချရဆုံးဟု သတ်မှတ်ထားသည့် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များ ဝယ်ယူကြသဖြင့် အမေရိကန်အစိုးရသည် စီးပွားရေးကျဆင်းမှုကို ငွေအလုံးအရင်းသုံး၍ ဖြေရှင်းနိုင်သလို အတိုးနှုန်းက လည်း သက်သာသဖြင့် အခြားနိုင်ငံများထက် အကျပ်အတည်းများကို ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်း နိုင်ခဲ့သည်။
အခြားနိုင်ငံများအနေဖြင့် လိုငွေ၂ခု (twin deficits) ဟု ခေါ်ဆိုသည့် ကုန်သွယ်မှုလိုငွေ (trade deficit)နှင့် ဘတ်ဂျက်လိုငွေ (fiscal deficit) ပြသည့်အခါ ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ငွေကြေးဖောင်း ပွမှုနှုန်းမြင့်တက်မှုကိုခံစားရကြပြီး ကြီးမားသည့်စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ကြရသည်။ သို့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ထိုသို့ လိုငွေ၂ခု ပြနေစေကာမူ အခြားဥရောပနိုင်ငံများ၊ ဂျပန်တို့ထက် စီးပွားရေး တိုးတက်လျက်ရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဒေါ်လာ၏လွှမ်းမိုးနိုင်မှုနှင့် အခြားနိုင်ငံများနှင့်မတူ ချေးငွေများ၊ အရင်းအနှီးများရရှိနေသည့် အခွင့်အရေးကို ပညာရှင်များက exorbitant privilege တန်ဖိုးကြီးသည့် အထူးအခွင့်အရေးဟု ခေါ်ဝေါ်ကြသည်။
သို့သော်လည်း Carnegie Endowment for International Peaceမှ Micheal Pettis တို့လို ဒေါ်လာသည် exorbitant privilege မဟုတ်၊ ဒေါ်လာသည် exorbitant burden တန်ဖိုးကြီးသည် ဝန်ထုတ်ဝန်ပိုးဟုသုံးသပ်သည့် ပညာရှင်များလည်းရှိနေသည်။ အမေရိကန်နိုင်ငံသည် ကုန်သွယ်မှုတွင် ကုန်သွယ်ဘက်နိုင်ငံများက အမြဲပိုငွေပြနေပြီး အမေရိကန်နိုင်ငံက အမြဲလိုငွေပြနေရခြင်းသည် တဘက်စောင်းနင်း ကမ္ဘာ့စီးပွားရေးစနစ်ကြောင့်ဖြစ်သည်။ တရုတ်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံများ သည် ပို့ကုန်များ အမေရိကန်သို့တင်ပို့ရေးကိုသာ ဦးစားပေး၍ ယင်းနိုင်ငံများ၏ ဝယ်လိုအားသည် အမြဲတစေ နည်းပါးနေခြင်းကြောင့် အမေရိကန်မှပြည်လည်တင်သွင်းမှုမှာလည်း နည်းပါးနေသည်။ တနည်းဆိုရလျှင် ၎င်းတို့စက်ရုံများ ထုတ်လိုက်လိုက်သည့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူသုံးစွဲမှု အားနည်းနေခြင်းကြောင့် ပိုလျှံသည့်ကုန်ပစ္စည်း အများအပြားကို ဈေးနှုန်းသက်သာ စွာဖြင့် အမေရိကန်ဈေးကွက်သို့ တင်သွင်းလာခြင်းကြောင့် အမေရိကန် စက်ရုံအလုပ်ရုံများက ထုတ်လုပ်သည့်ကုန်ပစ္စည်းများသည် တရုတ်ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံးပိတ်သိမ်းကြရသည်။ အမေရိကန်အလုပ်သမားသန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ကြရသည်ဟု သုံးသပ်ကြသည်။
တရုတ်၊ ဗီယက်နမ်ကဲ့သို့ အမေရိကန်နှင့်ကုန်သွယ်မှုတွင် ဒေါ်လာဘီလီယံရာချီ ပိုငွေပြနေသည့် နိုင်ငံ များသည် အလုပ်လက်မဲ့ဖြစ်ပွားမှုကို ပို့ကုန်အဖြစ် အမေရိကန်သို့တင်ပို့နေခြင်းပင်ဖြစ်သည် exporting umemployment ဟု ဝေဖန်ရေးသားကြသည်။ မိမိနိုင်ငံမှ အလုပ်သမားများ၏ လုပ်ခလစာများကို အလွန်သက်သာအောင်လုပ်ထားခြင်း၊ စက်ရုံအလုပ်ရုံများ စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုအ တွက် ငွေချေးယူရာတွင်လည်း အထူးသက်သာသည့် အတိုးနှုန်းများဖြင့် နိုင်ငံတော်ပိုင်ဘဏ်များမှ ထုတ်ချေးခြင်း၊ အခြားထောက်ပံ့မှုများပေးအပ်ခြင်းနှင့် မိမိပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံခြားမှ သွင်းကုန်များတင်သွင်းမလာနိုင်ရန် အခွန်မဟုတ်သည့် အတားအဆီးများ (non-tariff barriers)ချမှတ် ထားခြင်းတို့ကြောင့် အမေရိကန်ကုန်ပစ္စည်းများ တရုတ်ဈေးကွက်ကို မထိုးဖောက်နိုင်ဖြစ်ရသည်ဟု သုံးသပ်ကြသလို တရုတ်အလုပ်သမားများ၏ ဝင်ငွေလစာနည်းပါးခြင်း၊ တရုတ်ပြည်သူများ ဘဏ်တွင်ငွေစုဆောင်းရာတွင် ဈေးကွက်ပေါက်ဈေး အတိုးနှုန်းကိုမရရှိသည့်အတွက် စုဆောင်းငွေများမှ တိုးရင်းပေါင်းရရှိမှုနည်းပါးပြီး မိမိတို့အနာဂတ်အတွက် ရသမျှစုဆောင်းမှသာ စိတ်ချရမလိုဖြစ်ခြင်း ကြောင့်လည်း စုဆောင်းငွေ (saving) မြင့်မားပြီး စားသုံးနိုင်မှု (consumption) နည်းပါးရခြင်းဖြစ်သည်။ စားသုံးနိုင်မှုနှင့်ဝယ်လိုအားနည်းပါးခြင်းကြောင့်လည်း အမေရိကန်မှကုန်ပစ္စည်းများကို မတင် သွင်းနိုင်ဖြစ်ရသည်။ ထိုအခါ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံအများ အပြား၏ စက်ရုံများမှထုတ်လုပ်လိုက်သည့် ပိုလျှံပစ္စည်းအားလုံးကို သိမ်းကြုံးဝယ်ယူနေရခြင်းဖြစ်သည် ဟု သုံးသပ်ကြသည်။
ထိုကဲ့သို့ ဒေါ်လာသည် အမေရိကန်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးမရှိ၊ ကမ္ဘာ့စီးပွားရေး စနစ်ကြီး တဘက်စောင်းနင်းဖြစ်နေသည်ဟုသည့် အယူအဆရှိသူများက ယခုအခါ သမ္မတ ထရမ့်၏ အကြံပေးများ၊ ကက်ဘိနက်အဖွဲ့ဝင်များဖြစ်လျက်ရှိပြီး ထို့အယူအဆကြောင့်လည်း ကုန်သွယ် မှုနှင့်သက်ဆိုင်သည့် သွင်းကုန်အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းကို ထရမ့် ဒုတိယ အကြိမ်အာဏာရလာပြီးကတည်းက စတင်လိုက်ခြင်းဖြစ်သည်။ ဆက်လက်ပြီးလည်း Mar-a-Lago Accord သဘောတူညီချက် အကောင်အထည်ဖော်မည်လားဆိုသည်ကို ရှုစားရမည်ဖြစ်သည်။ ဒေါ်လာကတော့ ထရမ့် အစိုးရတက်လာကတည်းက တန်ဖိုးကျဆင်းလာခဲ့သည်ကိုတွေ့ရသည်။
ဒေါ်လာလွှမ်းမိုးမှုကျဆင်းခြင်း
ဒေါ်လာသည် ထိုသို့ကမ္ဘာ့ငွေကြေးဈေးကွက်နှင့်ကုန်သွယ်မှုဆိုင်ရာမှာ ဘုရင်တစ်ပါးဖြစ်နေခြင်း၊ လွှမ်းမိုး နိုင်ခြင်းဟာ အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေစိုးမိုးမှု (rule of law) ကြောင့် ဖြစ်သည်။ ငွေကြေး ဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဗဟိုဘဏ်၏ သီးခြားလွတ်လပ်စွာရပ်တည်မှု အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေရှေ့မှောက်တွင် မျှတစွာ ဆက်ဆံခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုရမည်။ Institutions များ အားကောင်းသည်ဟုဆိုရမည်။
တည်ငြိမ်သည့်ငွေလဲလှယ်နှုန်း (stable exchange rate)၊ ဗဟိုဘဏ်၏ လွတ်လပ်စွာ ငွေကြေးဆိုင်ရာ မူဝါဒချမှတ်အကောင်အထည်ဖော်ဆောင်နိုင်မှု (independent monetary policy)နှင့် ထိန်းချုပ်မှုကင်း သည့် တံခါးဖွင့်ထားသော ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက် (open capital market) သုံးမျိုးစလုံး အမေရိကန်နိုင်ငံက ထားရှိနိုင်ခြင်းမှာ ဒေါ်လာအားသာချက်ဖြစ်သည်။ ယူရိုငွေကြေးတွင် ထို၃မျိုးစလုံး ထားရှိနိုင်သော်လည်း အမေရိကန်စတော့နှင့်ငွေကြေးဈေးကွက်များက ကြီးမားသောကြောင့် အမေ ရိကန်ဒေါ်လာကို အသုံးများခြင်းလည်းဖြစ်သည်။ ထိုသုံးမျိုးကို impossible trinity ဟုလည်း ခေါ်ဆို၍ တရုတ်အစိုးရသည် ထို၃မျိုးတွင် ၂မျိုးကိုသာ လုပ်ဆောင်နိုင်သောကြောင့် တရုတ်ယွမ်သည် ကမ္ဘာသုံး ငွေကြေးတစ်ခုဖြစ်လာရန် အလားအလာနည်းပါးသေးသည်။ နောက်ဆုံးတစ်မျိုး တံခါးဖွင့်ထားသည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက် မဖော်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ တံခါးဖွင့်ထားလျှင် ရုတ်တရက် တရုတ်ပြည်တွင်းမှယွမ်များကို ပြည်ပဈေးကွက်မှဒေါ်လာဖြင့် အလုံးအရင်းလဲလှယ်ကြလျှင် ယွမ် ငွေကြေးတန်ဖိုးထိုးကျမည်ကို စိုးရိမ်သောကြောင့်လည်းဖြစ်သည်။ ငွေကြေးဈေးကွက်ကိုပိတ်ထား သည့်ကြားကပင် စစ်အာဏာသိမ်းပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းရခြင်း အကြောင်းရင်းတစ်ခုမှာ မြန်မာပြည်သူတို့က ကျပ်ငွေကိုကိုင်ဆောင်မထားလို၍ ဒေါ်လာ၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာများကို အလုံးအရင်း ဝယ်ယူခြင်းကြောင့် ဖြစ်သည်။
ထရမ့်အာဏာရပြီးနောက် ဒေါ်လာတန်ဖိုးသည် အခြားငွေကြေးများဖြင့်နှိုင်းယှဉ်ပါက ၉%ကျ ဆင်းခဲ့သည်ဟု သိရသည်။ အဓိကကျဆင်းရခြင်းကတော့ ဘယ်သူမပြုမိမိမှု ဆိုသလို ထရမ့်အစိုးရ မူဝါ ဒများကြောင့်ပင် ဖြစ်သည်။ အဆိုးဆုံးမှာ သူ၏ဥပဒေမဲ့လုပ်ရပ်များ၊ ဘောင်ကျော်လုပ်ဆောင်မှုများကြောင့် ဖြစ်သည်။ ဧပြီလ၂ရက်နေ့တွင် ရန်သူမိတ်ဆွေမခွဲခြား ချမှတ်ခဲ့သည့် သူ၏ reciprocal tariffs ဟု ခေါ်သည့် မြင့်မားသည့်သွင်းကုန်ခွန်များနှင့် နောက်ဆက်တွဲ အရှိန်အဟုန်ပြင်းလာသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့်လည်း ပိုမိုကျဆင်းခဲ့ရခြင်းဖြစ်သည်။
အထူးစိုးရိမ်စရာကောင်းသည်ကတော့ ၁၀ နှစ်ခံ ငွေတိုက်စာချုပ် အတိုးနှုန်းများမြင့်တက်လာချိန် (10 Year Treasuries Bond Yields) တွင် ဒေါ်လာတန်ဖိုးကျဆင်းလာခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ယခင်ကစိတ်ချရပါပြီဟုယူဆထားသည့် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များအပေါ် ယုံကြည်မှုကျ ဆင်းလာခြင်းကြောင့်ဖြစ်သည်။ ပေးထားသည့်ဂတိများကို မိတ်ဆွေရင်း မဟာမိတ်နိုင်ငံများအပေါ်တွင် ပင် ဖောက်ဖျက်နေသည့် ထရမ့်အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းဖြစ်သည်။ အဓိကအချက် များတွင်လည်း တရားဥပဒေစိုးမိုးမှု (rule of law)နှင့် စည်းမျဉ်းစည်းကမ်းများ၊ ယင်းတို့ကိုသက်ဝင် အောင်ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ (institutions) ကို ဖျက်ဆီးနေခြင်းကြောင့်ဖြစ်သည်။ ဗဟိုဘဏ်၏ သီးခြားလွတ်လပ်စွာ ငွေကြေးဆိုင်ရာမူဝါဒချမှတ်နိုင်မှုကို ဖျက်ဆီးပစ်ပါက ဒေါ်လာ၏ အခန်းကဏ္ဍ ပိုမိုကျဆင်းသွားမည်ဖြစ်သည်။
ဒေါ်လာသည် ကမ္ဘာ့စီးပွားရေးစနစ်တွင် ကုန်သွယ်မှု၊ ဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်ငွေကြေး လဲလှယ်မှုများတွင် အဓိကကြားခံငွေကြေးဖြစ်နေသည့်အတွက် ဒေါ်လာ၏အရေးပါသည့်အခန်း ကဏ္ဍ ရုတ်တရက်ပျက်စီးသွားမည်မဟုတ်ဘဲ တဖြည်းဖြည်းချင်းသာ ကျဆင်းသွားမည်ဟု ပညာ ရှင်များက သုံးသပ်ကြသည်။ လက်ရှိတွင် နိုင်ငံတကာအရံငွေကြေးစုစုပေါင်း၏ ၆၀%ခန့်၊ ကုန်သွယ်ရေးတွင် ငွေပေးချေရာ၌ ဒေါ်လာကိုအသုံးပြုမှုသည်၅၄%နှင့် နိုင်ငံခြားငွေလဲလှယ်မှု စုစုပေါင်း၏ ၈၈%တွင် ဒေါ်လာပါဝင်မှုကြောင့် သူ၏နေရာကို အစားထိုးဝင်ရောက်နိုင်သည့် ငွေကြေးအမျိုးအစားလည်း မရှိ။ ဒေါ်လာ၏လွှမ်းမိုးမှုသည် ရုတ်တရက်ကွယ်ပျောက်သွားမည်မဟုတ်ချေ။ သို့သော်လည်း ထရမ့်အစိုးရအနေဖြင့် Mar-a-Lago Accord သဘောတူညီချက်ကိုသာ အကောင်အထည်ဖော်ခဲ့ပါက အမေရိကန်သာမက ကမ္ဘာ့စီးပွားရေးအပေါ်တွင်လည်း ကြီးမားသည့်သက်ရောက်မှုများ ရိုက်ခတ်လာ မည်မှာ ဧကန်မုချဖြစ်သည်ဟု တင်ပြလိုက်ရပါသည်။