
ရန်ကုန်အပါဝင် အခြားမြို့ကြီးများတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း အိမ်ထောင်စုတစ်ခုချင်းစီက လစဉ်ပေးဆောင်ရသည့် မီတာဘေလ်များ လျော့နည်းခြင်းမရှိဘဲ ယခုနှစ် မတ်လမှစ၍ နှစ်ဆနီးပါးပိုတိုးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ပုံမှန်ထက်ထူး၍ အသုံးပြုခြင်းမရှိဘဲ မီတာဘေလ်တက်လာခြင်းဖြစ်ပြီး ဖေဖော်ဝါရီတွင် ၅,၃၀၀ ကျပ် ပေးဆောင်ရသူသည် မတ်လတွင် ၂၀,၁၀၀ ကျပ်အထိလည်းကောင်း၊ ၉၀,၃၀၀ ကျပ်ပေးဆောင်ရသူသည် ၁၃၇,၆၀၀ ကျပ်အထိလည်းကောင်း မီတာခပေးဆောင်ခဲ့ရကြောင်း Myanmar Now ကကြည့်ခွင့်ရသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဓာတ်အားခတောင်း ခံလွှာနှစ်စောင်အရသိရသည်။
မီတာပုံးပေါ်တွင် ပြသထားသည့် မီတာယူနစ်နှင့် ပြေစာပေါ်တွင်ကျသင့်သည့် မီတာယူနစ်ကွဲလွဲမှုရှိသလို ဒစ်ဂျစ်တယ်မီတာစနစ်ဟုဆိုကာ အိမ်တိုင်ရွာရောက် မီတာလာဖတ်ခြင်းမရှိတော့ဘဲ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးမှ မီတာဖတ်၍ ငွေတောင်းခံမှုများရှိရာ မီတာခများတွက်ချက်ရာတွင် တိကျမှန်ကန်မှုမရှိဘဲ ပိုမိုကုန်ကျလာခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“သုံးရတာနဲ့ ပေးရတာနဲ့ဆိုတာက မမျှတဘူးထင်တာပေါ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်းထင်တာပါပဲ။ သူတို့ကောက်ချင်သလို ကောက်နေတာပဲလို့ လူတိုင်းပြောတာပဲ။ မီးကဖြင့် မလာဘူး။ သုံးလည်းမသုံးရဘူး။ မီတာခကတော့ ဈေးတက်တယ်ဆိုတာက အခုအချင်းချင်းတွေ့ရင် ပြောနေကြတဲ့သူတွေချည်းပဲ။ ဒါပေမယ့် ဘယ်နေရာမှာ စနစ်တကျနဲ့ ဥပဒေနဲ့ သေချာတာရှိလို့လဲ။ မရှိတာကြီးသိနေတော့လည်း လုပ်သမျှ ခံနေရတဲ့သဘောပေါ့” ဟု သူက ပြောသည်။
စစ်ကောင်စီလက်ထက်တွင် မီတာပုံးများကို ဒစ်ဂျစ်တယ်မီတာစနစ်ပြောင်းလဲလိုက်ပြီး လမ်းဘေး ဓာတ်တိုင်များပေါ်၌ တပ်ဆင်ထားရာ သာမာန်ပြည်သူများ စစ်ဆေးကြည့်ရှုရန် မလွယ်ကူတော့ကြောင်း သူက ပြောသည်။
လက်တလော ရန်ကုန်မြို့ပေါ်တွင် ယေဘူယျအားဖြင့် ၈ နာရီပျက် ၄ နာရီလာစနစ်ဖြင့် မီးပေးနေသည်။
မတ်လ ၂၈ ရက်က ဖြစ်ပွားသည့် ငလျင်ဘေးဖြစ်ပြီးနောက် ရန်ကုန်မြို့၌ သုံးရက်ခန့်အတွင်း နာရီပေါင်းမြောက်များစွာ လျှပ်စစ်ဓာတ်ပြတ်တောက်ခဲ့သော်လည်း ဧပြီလ မီတာဘေလ်စာရင်းထွက်လာချိန်တွင် မတ်လထက်ပင် ဓာတ်အားခ မီတာခပိုကျနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ နေအိမ်ကို သော့ခတ်၍ တစ်လခန့်ကြာသည်ထိ ခရီးထွက်နေသူများသည်ပင် ထိုလအတွက် မီတာခပုံမှန်အတိုင်းကျသင့်မှုရှိနေကြာင်းလည်း သိရသည်။
“ဒါပေမယ့် ရန်ကုန်မြို့ကလူတွေကလည်း သိတဲ့အတိုင်းပဲ။ မပြောချင်တော့ဘူး။ ပြဿနာရှာလည်း မထူးဘူး။ လေကုန်ရုံပဲဆိုတော့ ဖြစ်သမျှအကြောင်းနဲ့ နေလိုက်ကြတာပဲ။ လူတွေက ဘယ်လိုယူဆလဲ ဆိုတော့ သူတို့လုပ်သမျှ ငါတို့ခံရမှာပဲဆိုပြီး ယူဆတာပဲ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်ဓာတ်အားကို မှန်အောင်မပေးနိုင်သော်လည်း ဓာတ်အားထုတ်လုပ်မှု စရိတ်မြင့်မားလာသည်ဟုဆိုကာ စက်တင်ဘာလမှစတင်ကာ မီတာခများကို နှစ်ဆမက တိုးမြှင့်ခဲ့သည်။
အိမ်သုံးမီတာဆိုပါက အနည်းဆုံး ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ကျပ် ၅၀၊ ၂၀၁ ယူနစ်နှင့်အထက်ဆိုပါက ကျပ် ၃၀၀ အထိ ကောက်ခံမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသံရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အစရှိသည့် လုပ်ငန်းသုံးများအတွက်မူ ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ကျပ် ၂၅၀၊ ၅၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ကျပ် ၄၀၀ နှင့် ၂၀,၀၀၁ ယူနစ်နှင့်အထက်ကို ကျပ် ၅၀၀ အထိ ကောက်ခံမည်ဖြစ်သည်။
သုံးစွဲသည့် ယူနစ်အလွှာလိုက် မီတာခများသတ်မှတ်ထားရာ မီးတစ်ယူနစ်အနည်းငယ်ပိုသွားသည်နှင့် တစ်ယူနစ်ချင်းစီအပေါ်ကောက်ခံသည့် မီတာခကွာခြားသည်ဖြစ်ရာ စုစုပေါင်းမီတာခကျသင့်ငွေလည်း အဆမတန်များပြားသွားနိုင်ကြောင်း သိရသည်။
နေ့စဉ်ရက်ဆက် မီးလာသည့်အချိန်နည်းပါးသလို ပုံမှန်ထက်ပိုမိုသုံးစွဲခြင်းမရှိသော်လည်း ယခုနှစ်ဆန်း ဇန်နဝါရီလတွင် မီတာဘေလ် ကျပ် ၄၆,၀၀၀ ဝန်းကျင်သာပေးဆောင်ခဲ့ရာမှ မတ်လတွင် ၁၄၀,၀၀၀ ကျပ် ပေးဆောင်ခဲ့ရကြောင်း ရန်ကုန် မြောက်ဒဂုံမြို့နယ်မှ အမည်မဖော်လိုသည့် နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဧပြီလကို စောင့်နေတာ အဲ့ဒီလပါ သိန်းချီ ကျရင်တော့ တော်တော်လွန်ပြီ။ ဧပြီမှာ ငလျင်ကြောင့် မီး ၂၄ နာရီပျက်တာ ၃ ရက်၊ တစ်နေ့ကို ၃ နာရီပြည့်အောင်မလာတာ တစ်ပတ်လောက်ရှိတယ်။ အခု မိုးရွာတော့ အလှည့်ကျ ၄ နာရီ လာတာ။ အဲဲ့ဒါကိုမှ သိန်းချီကျရင် မီတာဘေလ် ခိုးတဲ့ အဆင့်မဟုတ်တော့ဘူး။ ဓားပြတိုက်နေတာလို့ပဲ မြင်တော့တယ်” ဟု သူက ပြောသည်။
စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်လာချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု လွန်စွာနည်းပါးလာပြီး လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအထိ ထိခိုက်မှုရှိနေသည်။ စစ်မှုဇုန်များတွင် တစ်ရက် ၂ နာရီသာရပြီး လျှပ်စစ်ဓာတ်အားမမှန်၍ မီးစက်ကို အသုံးပြုနိုင်သော်လည်း ယင်းအတွက် လောင်စာဆီလိုအပ်သည်။ နိုင်ငံခြားငွေရှားပါးနေသည့် စစ်ကောင်စီက လောင်စာဆီကို လုံလောက်စွာ တင်သွင်းရန် မစီမံနိုင်သဖြင့် ဆီပြတ်လပ်မှု မကြာခဏဖြစ်နေသည်။
လျှပ်စစ်ဓာတ်အားကို ခေတ်အဆက်ဆက်အရှုံးခံဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ထုတ်လုပ်မှုစရိတ်ကြီးမားခြင်းကြောင့် အရှုံးပေါ်လျက်ရှိရာ အိမ်သုံး၊ လုပ်ငန်းသုံးလျှပ်စစ်မီတာခအတွက် ပြည်သူလူထုအပေါ် မမှန်မကန်နိုင်ထက်စီးနင်းကောက်နေသည်ကို တွေ့ရကြောင်း လျှပ်စစ်ဝန်ကြီးဌာနနှင့် နီးစပ်သည့် လျှပ်စစ်လုပ်ငန်း ကျွမ်းကျင်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မီးပျက်ချိန် များပြားခြင်းကြောင့် မီးလာချိန်တွင် ဝိုင်းသုံးသည်မှာမှန်ကန်သော်လည်း မီတာဘေလ်ပါ ကျသင့်ယူနစ်များမှာ အမှန်တကယ်သုံးစွဲလျှပ်စစ်ပမာဏထက် ပိုမိုကောက်နေသည်မှာ ထင်ရှားကြောင်း ၎င်းက ပြောသည်။
၂၄ နာရီမီးရသည့် အခြေအနေတွင် ရေခဲသေတ္တာ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ ရေမော်တာ၊ တီဗွီ၊ မီးလုံး၊ မီးချောင်းမျာအသုံးပြုသည့် အိမ်ထောင်စုတစ်ခုအနေဖြင့် ယူနစ် ၁၀၀ မှ ၁၅၀ ကြားသာရှိနိုင်ပြီး လေအေးပေးစက်ပါလျှင် ယူနစ် ၂၀၀ ကျော်ရှိနိုင်ကြောင်း၊ စစ်ကောင်စီလက်ထက် နာရီပေါင်းများစွာ မီးပျက်နေသည့်အခြေအနေတွင် ထိုပမာဏထက်များစွာကောက်ခံနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
“တစ်နေ့မှာ ၄ နာရီပဲလာတဲ့ဟာနဲ့ ၂၄ မီးလာတာနဲ့မှာ သုံးတဲ့ပမာဏချင်းက အတူတူပဲဖြစ်မယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်ဘဲနဲ့ကို ကောက်ခံတဲ့ ယူနစ်တွေများနေတယ်” ဟု သူက ဆိုသည်။
“ဒါက တကယ်တမ်းပြောရရင် လိမ်လည်မှု၊ ကြီးမားတဲ့လိမ်လည်မှုကြီးတစ်ရပ်ပဲ။ ငွေလိမ်တောင်းနေတာ ပဲလေ။ (တစ်နိုင်ငံလုံးအနေနဲ့ ငွေကြေးပမာဏ) ဘီလျံနဲ့ချီသွားမယ်” ဟု သူ ပြောသည်။
ထိုကဲ့သို့ မမှန်မကန်ကောက်ခံနေကြောင်း လျှပ်စစ်ဝန်ကြီးဌာန အကြီးအကဲများကိုယ်တိုင်သိရှိသော်လည်း လျှပ်စစ်လုပ်ငန်းမှ တစ်နှစ်တာမျှော်မှန်းသည့် ငွေပမာဏပြည့်မီရန်၊ ဘဏ္ဍာငွေလိုနေသည့် စစ်ကောင်စီကို ကျားကန်ပေးနိုင်ရန် မျက်စိမှတ်ထားကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းကမူ လျှပ်စစ်မီတာများမှန်စွာဖတ်ရှုနိုင်ရေး အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်ပြောဆိုသော်လည်း ဓာတ်အားခ ကောက်ခံရာတွင် ရရှိသင့်သော ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေရေးနှင့် ဓာတ်အားခကြွေးကျန် များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေးအတွက် ဧပြီ ၂၇ က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
လျှပ်စစ်မီးနာရီပိုင်းသာပေးနိုင်သော်လည်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသော ဓာတ်အားခအတွက် ကျပ်သန်းပေါင်း ၄၄,၂၀၆ ရရှိရန်မျှော်မှန်းထားပြီး ယမန်နှစ် ကျပ်သန်းပေါင်း ၁၂,၂၀၀ သာရှိရာ ကျပ်သန်းပေါင်း ၃၂,၀၀၆ ပိုမိုရရှိရန်မျှော်မှန်ထားသည်ဟု ၂၀၂၅ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် လျပ်စစ်ဓာတ်အားအတွက် ရေအားလျှပ်စစ် ၃၀ရုံ၊ သဘာဝဿဓာတ်ငွေ့သုံး ၂၆ ရုံ၊ ကျောက်မီးသွေးဓာတ်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်သုံး စက်ရုံတို့ဖြင့် စုစုပေါင်း လျှပ်စစ်ပမာဏ ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးထားသည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။
သို့သော် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျှော့နည်းလာခြင်း၊ ရာဂီမုန်တိုင်းသက်ရောက်မှုရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည်ဟုလည်း အကြောင်းပြချက်ပေး ထုတ်ပြန်ထားသည်။