
လူပေါင်း ထောင်နှင့်ချီ သေဆုံးပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့သော မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင် ကြောင့် မြန်မာသည် ကမ္ဘာ့မျက်နှာစာတွင် လှုပ်လှုပ်ခပ်ခပ်ဖြစ်ခဲ့သည်၊ အသေအပျောက် အရေအတွက် တစ်နေ့တခြား မြင့်တက်လာပြီး နိုင်ငံတကာ အကူအညီများရောက်လာကြောင်း သတင်းများဖတ်နေစဉ် နာဂစ်သဘာဝဘေးအတွင်း ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ကိုလင်း (အမည်လွှဲ) က အတိတ်ကို သတိရမိနေသည်။
လွန်ခဲ့သော ၁၇ နှစ်က ပေါ်ပေါက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဧရာ၀တီတိုင်း မြစ်၀ကျွန်းပေါ်ဒေသတွင် လူပေါင်းတစ်သိန်းလေးသောင်းခန့် အသေအပျောက်ရှိခဲ့ပြီး ကျေးရွာအများအပြား ရွာလုံးကျွတ်ပျက်စီးခဲ့ကာ လူ ၂ ဒသမ ၄ သန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။
လူမှုကူညီရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် ကိုလင်းသည် ပြည်သူတို့၏ အတိဒုက္ခကို မကြည့်ရက်တော့ဘဲ နာဂစ်လေဘေးကာလတွင် မုန်တိုင်းဗဟိုချက်ဖြစ်ခဲ့သော ဧရာ၀တီ တိုင်း၊ ဘိုကလေးမြို့နှင့် အနီးဝန်းကျင်က ကျေးရွာများအထိ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။
သို့သော် ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် ၎င်းတို့ကို နိုင်ငံရေးအမြတ်ထုတ်လိုသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးအမြတ်ထုတ်လိုသူများအဖြစ် ရှုမြင်ခဲ့ကြသည်။
ထို့ကြောင့်ပင် အရပ်ဖက် ကူညီပေးရေးအဖွဲ့များကို ဟန့်တားပိတ်ဆို့ကာ ရန်သူသဖွယ် ဆက်ဆံခြင်း၊ စစ်ဗိုလ်ချုပ်များကိုယ်တိုင်လည်း မုန်တိုင်းသင့်ပြည်သူများအပေါ် စာနာမှု မရှိခြင်းတို့ကို ကိုယ်တိုင်ကြုံခဲ့ရကြောင်း ကိုလင်းက Myanmar Now ကို ပြန်ပြောင်းပြောပြသည်။ စစ်အစိုးရသည် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုအခြေခံ စံနှုန်းအခွင့်အရေးများကိုပင် ချိုးဖောက်ခဲ့သည်ဟု သူက ပြောဆိုသည်။

မုန်တိုင်းမဖြစ်မီ ၂၀၀၈၊ မေလ ၁ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ UN နှင့် WFP(ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်)အဖွဲ့တို့က မြန်မာတွင် အင်အားပြင်းသော မုန်တိုင်းတစ်ခု တိုက်ခတ်နိုင်ချေရှိပြီး ကူညီကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကိုလင်းတို့ လူငယ်အဖွဲ့ကို ဆက် သွယ်လာခဲ့သည်။
UN အဖွဲ့အစည်းများက ထိုသို့ ကြိုတင်ပြင်ဆင်ခဲ့ကြသည့်တိုင် စစ်အစိုးရထိန်းချုပ်ထားသော နိုင်ငံပိုင်ရုပ်သံလိုင်းများ နှင့် နေ့စဉ်သတင်းစာများတွင် မုန်တိုင်သည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်း လာခြင်းမရှိဘဲ အရှေ့ မြောက်စူးစူးသို့ ဆက်လက်ရွေ့လျားသွားမည်ဟု ဧပြီ ၃၀ ရက်နေ့တွင် သတင်းမှားလွှင့်ထားသည်။
စစ်အစိုးရထိန်းချုပ်ထားသည့် မီဒီယာများက တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၄၀ မှ ၄၅ မိုင်အတွင်းသာ ရှိမည်ဟု ကြေညာခဲ့ပြီး မေလ ၂ ရက်နေ့ ညပိုင်း မုန်တိုင်းအပြင်းအထန်တိုက်ခတ်ချိန်တွင်မူ တစ်နာရီကို မိုင် ၁၃၀ နှုန်း နှင့် အမြင့်ပေ ၁၆ ပေဝန်း ကျင်အထိရှိခဲ့သော ရေလှိုင်းများကြောင့် သိန်းနှင့်ချီသော ပြည်သူများ၏ အသက်များ နှုတ်ယူသွားခဲ့သည်။

အဓိကအားဖြင့် မုန်တိုင်းဗဟိုချက်ဖြစ်ခဲ့သော ဧရာ၀တီတိုင်း၊ ဘိုကလေး နှင့် လပတ္တာ မြို့နယ်တို့တွင် လူ အသေပျောက်များခဲ့သည်။ထိုနေရာများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းခရီးအခက်အခဲ နှင့် စစ်အစိုးရ၏ သွားလာခွင့်ကန့်သတ်ထားချက်များကြောင့် မုန်တိုင်းတိုက်ပြီး သီတင်းပတ် ၂ ပတ်ကြာချိန် မှ ရောက်ရှိခဲ့ကြသည်ဟု ကိုလင်းက ပြောသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များ ဘိုကလေးမြို့ပေါ်သို့ ရောက်ချိန်တွင် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်ပြည်သူ များ မုန်တိုင်းတိုက်ပြီးသီတင်းပတ် ၁ ပတ်ကြာချိန်အထိ မည်သည့်အကူအညီမှ မရခဲ့ကြပေ။ ရန်ကုန်မြို့မှ ဧရာဝတီတိုင်းသို့ သွားရောက်ကူညီသူများကိုလည်း လမ်းခရီးတွင်လည်း စစ်အစိုရး၏ အတားအဆီး၊ စစ်ဆေးမေးမြန်းမှုများကြောင့် အကူအညီပေးနိုင်မှု နှောင့်နှေးနေခဲ့ရသည်ဟု ကိုလင်းက ဆိုသည်။
“ဘိုကလေးမြို့ထဲဝင်တဲ့ အခါမှာ တစ်မြို့လုံးကလည်း အတော်ကိုပျက်နေပြီ၊ စိတ်မလုံခြုံမှုတွေလည်း ရှိတယ်၊ မလုံခြုံဘူးဆိုတာကထောက်လှမ်းရေးသတင်းပေးတွေက နေရာအနှံ့မှာရှိနေတယ်။ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို အသိမ်းမခံရအောင် နယ်ခံတက်ကြွလှုပ်ရှားသူတွေက ကူညီပြီး ပစ္စည်းတွေ သိမ်းဆည်းထားပေးရတယ်” ဟု ကိုလင်းက ထိုအချိန်က အတွေ့အကြုံကို ပြန်ပြောပြသည်။
“တစ်မြို့လုံးနီးပါးက ဒုက္ခသည်တွေဖြစ်နေတော့ ဘုန်းကြီးကျောင်းတွေကို ရောက်နေကြပြီး အဲဒီနေရာမှာ ဒုက္ခသည်တွေ ပြည့်နေပြီ။ရွာတွေဘက်မှာ မုန်တိုင်းဒဏ်သင့်ပြီး တစ်ပတ်လောက်အထိ ဘာကူညီကယ်ဆယ်ရေးတွေမှ မလာတဲ့အတွက် မြို့ပေါ်ကို ဖြစ်သလိုတက်လာကြရတယ်”

ထို့ပြင် မုန်တိုင်းဒဏ်သင့်ပြီး မိသားစုဝင်များဆုံးရှုံးကာ လူမှုစီးပွားဘ၀များ အလုံးစုံပြိုပျက် နေကြသော ဒုက္ခသည်ပြည်သူများကိုစစ်အစိုးရက မြို့ပေါ်မှ ကျေးရွာများဘက်သို့ သွားလာခွင့်ပိတ်ထားခဲ့သည်ဟု ကိုလင်းက ပြောသည်။ ကျေးရွာများဘက်မှ မြို့ပေါ်သို့သွားလာခွင့်ကိုသာ ပေးထားခြင်းဖြစ်သည်။
ထိုအချိန်တွင် WFP အပါအဝင် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့များနှင့် ပြည်တွင်းမှ အဖွဲ့တချို ရောက်လာ၍ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို ရိက္ခာနှင့် အကူအညီများ စတင်ပေးဝေနိုင်ခဲ့သည်။ သို့သော် ကူညီသူများကို စစ်အစိုးရက ဘိုကလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများသို့သာ သွားရောက်ခွင့်ပေးခဲ့သည်။
ထိုအကူအညီများသည်ပင် စစ်အစိုးရ၏ နား နှင့် မျက်စိအောက်မှ မလွတ်ပေ။ အရပ်ဝတ် စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် သတင်းပေးများက ကူညီကယ်ဆယ်ရေးအဖွဲ့များကို အမြဲတစေ လိုက်လံစောင့်ကြည့်ကြသည်။
ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းသင့်ပြည်သူများသည် ပြန့်ကျဲနေသော အပျက်အစီးများကြား နေထိုင်သူများရှိသလို မိုးထဲရေထဲမှာပင် လမ်းလျှောက်သွားလာနေသူများ တွေ့မြင်ခဲ့ရသည်ဟု ထိုစဉ်က ဘိုကလေးမြို့သို့ ကူညီရေးသွားရောက်ခဲ့သော အမျိုးသမီးတစ်ဦးကဆိုသည်။ ကူညီကယ်ဆယ်ရေးအဖွဲ့များ မြို့ထဲသွားလာနိုင်ရန် လမ်းပေါ်တွင် စောင့်နေကြသည့် စစ်သားများထံမှ အဆင့်ဆင့် ခွင့်ပြုချက်ယူရသည်ဟုလည်း သူက ဆက်ပြောသည်။

“လမ်းတလျှောက် နာဂစ်ဒဏ်သင့် လူတချို့လည်း တွေ့ရတယ်။ မိုးရေထဲ လျှောက်သွားနေတာ၊ သစ်ပင်အောက်ထိုင်နေတာရောပဲ။ လမ်းဘေးတစ်လျှောက်ကတော့ အိမ်တွေ ပြိုနေပျက်နေပြီး မိုးတွေရွာနေတာပါပဲ။ မြို့ထဲဝင်တာနဲ့ အနံ့အသက်တွေ မကောင်းပါဘူး။ ဆန်ရေစိုတဲ့ အနံ့နဲ့ အပုပ်နံ့လို မျိုးတွေ ရနေတာ၊ အကူအညီပေးရေး အဖွဲ့တချို့က လွဲရင် ဘာကူညီကယ်ဆယ်ရေးမှ မရှိဘူး” ဟု သူက ပြောသည်။
ထို့ပြင် ကူညီကယ်ဆယ်ရေးအဖွဲ့များက ဘိုကလေးမြို့ လမ်းများပေါ်တွင် စောင့်ကြပ်နေကြသော စစ်သားများထံ အလှူပစ္စည်းတချို့ အပ်နှံခဲ့ရသည်၊ အားကစားရုံကဲ့သို့ အဆောက်အဦးတစ်ခုထဲတွင် ပစ္စည်းများစုပုံထားသည်၊ ထိုအကူအညီများကို အလှူရှင်ကိုယ်တိုင် ဝေငှခွင့်မရဘဲ စစ်သားများကသာ စီမံခန့်ခွဲသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဘိုကလေးမြို့အနီး မြစ်တလျှောက်မှ ကျေးရွာများကို သွားရာ လမ်းတလျှောက်တွင် အဝတ်အစားမဲ့ ရုပ်အလောင်းများတွေ့မြင်ခဲ့ရသည်၊ ဆယ်ယူသင်္ဂြိုဟ်ပေးမည့်သူပင်မရှိဟု မုန်တိုင်းဖြစ်ပြီး ၅ ရက်အကြာ ဘိုကလေးသို့ ရောက်ခဲ့သည့် သူက ပြောသည်။
“သူတို့ဘဝတွေ ဘယ်လိုပြန်လည်ထူထောင်ကြမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ သူတို့ကလည်း ဘယ်သူ့ကို အကူညီတောင်းရမှန်းမသိ၊ အဲဒီခေတ်ကလည်း အစိုးရဆိုတာ အကူအညီတောင်းရမယ်၊ လုပ်ပေးရမယ်လို့ မသိသေးဘူးကိုး။ စစ်အစိုးရခေတ်ဆိုတော့ ကံကိုသာ ပုံချကြတာပေါ့” ဟု ကူညီရေးသွားရောက်ခဲ့သော ထိုအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

မေလ ၂၀ ရက်နေ့ဝန်းကျင်တွင် WFP ၏ ရိက္ခာတင်သင်္ဘောများ ရောက်ရှိလာသည်၊ မုန်တိုင်း ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရပြီး လူထောင်နှင့်ချီ သေဆုံးခဲ့သော ဘိုကလေးမြို့နယ် အောက်ဘက် အစွန်းပိုင်းရှိ ကြိမ်ချောင်း နှင့် ကျွန်းသာယာကျေးရွာအုပ်စုများဆီသို့ရိက္ခာများ သွားရောက်ပေးရန် WFP နှင့် ကိုလင်းတို့ အစီအစဉ်ဆွဲခဲ့ကြသည်။
ထိုကျေးရွာအုပ်စု ၂ ခုသည် ကျေးရွာပေါင်း ၇၀ ဝန်းကျင်ရှိသည်၊ လူ ၃၀၀၀၀ ကျော်အထိ နေထိုင်ကြပြီး နာဂစ်ကြောင့် ၆၅ ရွာ လုံး၀ပျက်စီးသွားကာ လူ ၃၀၀၀ ကျော်သာ အသက်ရှင်ခဲ့သည်။
ကိုလင်းဦးဆောင်သောအဖွဲ့က ကျွန်းသာယာ ကျေးရွာအုပ်စုဘက်သို့ သွားရသည်။ WFP အလံလွှင့်ထားသော ရိက္ခာတင်သင်္ဘော ၂ စင်းဖြင့် ဘိုကလေးမှ ထွက်ခွာလာခဲ့သည်။ ထိုကျေးရွာများသည် စက်လှေဖြင့် ဘိုကလေးမှ သွားပါက အနည်းဆုံး ၅ နာရီမှ ၇ နာရီဝန်းကျင်အထိ ကြာမြင့်သည်။
“ရွာတွေကို ဘယ်နားပဲ ကြည့်ကြည့်က တစပြင်ပဲ၊ ဘာမှမရှိဘူး။ မြို့ပေါ်မှာက အပျက်အစီးတွေ၊ ဓာတ် တိုင်တွေ ကျိုးနေတာတွေဘာတွေ မြင်ရသေးတယ်။ လွင်တီးခေါင်ပြင်ဖြစ်သွားတယ်။ လူသေအလောင်းတွေပဲ မြင်ရတယ်”ဟု ကိုလင်းက ပြောသည်။
“ဘိုကလေးနဲ့ အနီးပတ်ဝန်းကျင်ကို တစ်ပတ်အတွင်းရောက်ခဲ့တော့ မြင်ခဲ့တွေ့ခဲ့ရတဲ့ အပျက်အစီးတွေ၊ သစ်ပင်တွေလှဲနေတာလောက်ကိုပဲ တော်တော်ဆိုးဆိုးဝါးဝါး ရှိခဲ့တယ်လို့ ထင်နေခဲ့တာ”

ရိက္ခာများ ဝေငှမည့် ကိုလင်းတို့အဖွဲ့ လမ်းတွင် အတားခံရသည်၊ ၎င်းတို့အဖွဲ့ရောက်ရှိလာပါက ကျွန်းသာယာ ကျေးရွာရှိ စစ်စခန်းသို့ သွားရောက်ရမည်ဟု စစ်တပ်အရာရှိတစ်ဦးက ဒေသခံများကို မှာကြားထားသည်။ ထိုစစ်စခန်းသို့ ကိုလင်းတို့ ရောက်ရှိသွားကြချိန်တွင် တပ်မ ၆၆ လက်မောင်းတံဆိပ်တပ် စစ်ယူနီ ဖောင်းဝတ်ဆင်ထားသော အရာရှိတစ်ဦးက ရိက္ခာများကို ဓားပြတိုက်သည်။
“ခင်ဗျားတို့ကို ဘယ်သူက ခွင့်ပြုချက်ပေးလို့လဲ၊ ဘာလဲဆိုပြီး ကျွန်တော်တို့ကို ပြောတာပေါ့။ ကျွန်တော် တို့ကလည်း WFP က လာတာပေါ့၊ ပြန်လည်ပြောဆိုရှင်းပြချိန်မှာ အဲဒီအရာရှိက ခါးကြားထဲက ပစ္စတို သေနတ်ကို ထုတ်ပြီး ရှေ့က စားပွဲပေါ်ပစ်တင်လိုက်ပြီး ခြိမ်းခြောက်သလို လုပ်တာပေါ့၊ ခင်ဗျားတို့ ဒီလိုလုပ်လို့မရဘူး၊ ရိက္ခာတွေ ဒီမှာထားခဲ့” ဟု ကြိမ်းမောင်းကြောင်း ကိုလင်းက ပြောပြသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှု စံနှုန်းသတ်မှတ်ထားချက်အရ ဒုက္ခသည်များ၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ် ကျသွားရောက်ဝေငှခွင့်ရရန် လိုကြောင်း၊ သို့မဟုတ်ပါက ရိက္ခာများကို အခြားသူလက်ထဲတွင် မထား ခဲ့နိုင်ဘဲ ပြန်လည်သယ်ယူသွားမည်ဟု တုံ့ပြန်ရာ အငြင်းအခုန်ဖြစ်ပြီးမှသာ ကူညီခွင့်ရသည်ဟုလည်း ကိုလင်းက ဆိုသည်။
ငြင်းခုန်ပြောဆိုကြပြီးနောက် ထိုသူသည် ၎င်း၏ အထက်အရာရှိထံသို့ ခွင့်ပြုချက် တောင်းခံပြီးနောက် တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးကို ကိုလင်းတို့နှင့် လိုက်ပါစေပြီးမှ ရိက္ခာဝေငှခွင့် ရခဲ့ခြင်းဖြစ်သည်။
“ဟိုဘက်မှာ တပ်ရင်းအလံ၊ ဒီဘက်မှာ တပ်မ အလံ လွှင့်ထူထားတာ။ တွေ့လား ဒါက စစ်မြေပြင်လို့ သတ်မှတ်ထားတယ်ဆိုတဲ့သဘောပဲ၊ ခင်ဗျားတို့ ကြိုတင်အကြောင်းမကြားဘဲ လာတာဆိုရင် မသင်္ကာရင် ပစ်လို့ရတယ်” ဟု သတိပေးကြောင်း သူက ပြောသည်။
စစ်အရာရှိ၏ ခြိမ်းခြောက်ပြောစကားကြားမှသာ ထိုစစ်ခန်းသည် မုန်တိုင်းသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ဖွင့်လှစ်ထားသည် စန်းမဟုတ်ကြောင်း သိလိုက်ရသည်ဟု ကိုလင်းက မချိတင်ကဲ ပြောသည်။

ထိုကျေးရွာများသို့ ရောက်ရှိပြီး ရိက္ခာများဝေငှချိန်မှ ဒုက္ခသည်များကို ထိုတပ်စခန်းသို့ နေ့စဉ်လာ ရောက်စေပြီး ရိက္ခာအနေဖြင့် တစ်အိမ်ထောင်လျှင် ဆန် ၂လုံး (နို့ဆီဗူး) မှ ၃ လုံးသာ ဝေပေးကြောင်း ထပ်မံသိရှိခဲ့ရသည်ဟု သူက ဆိုသည်။
“လမ်းခရီးတွေကလည်း လှေနဲ့သွားလို့ရကြတာဆိုတော့ မြစ်ဘက်နေသွားရဆိုတော့ လှိုင်းက အရမ်းကြီးတော့ စက်လှေအသေးတွေနဲ့ သွားလို့မရဘူး။ အဲဒီကျေးရွာတွေဆိုတာကလည်း သင်္ဘောတွေ သမ္ဗန်တွေ ဆိုတာကလည်း အကုန်ပျက်တာဆိုတော့ သူတို့တွေက ကျွန်းသာယာအထိ လာယူဖို့ ဘယ်လိုမှ မလွယ်ဘူး” ဟု ကိုလင်းက ပြောသည်။
စစ်အစိုးရ၏ လက်နက်ကိုင်များသည် ကူညီကယ်ဆယ်ရေး အင်တိုင်အားတိုက် လုပ်ဆောင်ပေးရမည်အစား ထပ်မံ ညှင်းဆဲကြသည်ကိုသာ တွေ့ရသည်ဟု သူက ပြောသည်။
“လူသားချင်းစာနာထောက်ထားမှု အခြေခံစံနှုန်းတွေအရဆိုရင် ဒုက္ခသည်တွေက အကူအညီတွေကို ရယူပိုင်ခွင့်ရှိရမယ်၊ ရထိုက်ပိုင်ခွင့်ရှိရမယ်၊ ခွဲခြားမှုမရှိရဘူးဆိုတဲ့ အဲဒီအခြေခံစံနှုန်းတွေကို စစ်အစိုးရက ချိုးဖောက်ခဲ့တာ” ဟု ကိုလင်းက ပြောသည်။
အနယ်နယ်အရပ်ရပ်မှ လာရောက် ကူညီကြသူများကို တားဆီး၊ ပစ္စည်းများကို သိမ်းဆည်းသည့် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံရှိသူများကိုလည်း နာဂစ်တွင် အကူအညီပေးနေစဉ် ဖမ်းဆီးထောင်ချသေးသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူအညီပေးရန် ပြည်ပမှ အကူအညီများ လက်ခံပေးခဲ့သူ အနည်းဆုံး ၁၀ ဦး ဖမ်းဆီး ထောင်ချခံရသည်ဟု ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ထားသည်။

၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူတို့ကို ကူညီရာတွင် ပါဝင်ခဲ့ပြီး ရုပ်အလောင်းများကို ရှာဖွေဆယ်ယူ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြသော ၂၀၀၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)မှ မဖြိုးဖြိုးအောင်၊ ကိုဂျိမ်း အပါအဝင်ကျောင်းသား ၄ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်းနှင့် မိတ်ဆွေ ဦးအောင်ကျော်ဆန်းတို့က မုန်တိုင်းကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်းများ မြေမြှုပ်ပေးသူများ ဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို ဖမ်းပြီး ထောင်ဒဏ်များချမှတ်ခဲ့သည်။
ထို့ပြင် နာဂစ်မုန်တိုင်းအတွင်း ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော နိုင်ငံရေးတက်ကြွလှုပ်ရှားနှင့် အနုပညာရှင်တစ်ဦးဖြစ်သော ဦးသူရ (ခေါ်) ဇာဂနာသည်လည်း နာဂစ်ကာလ ထိခိုက်သေဆုံးမှုများ နှင့် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြည်ပသတင်းဌာနများနှင့် ဆက်သွယ် ပြောဆိုခဲ့သည်ဟု ဆိုကာ စစ်အစိုးရက ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချခဲ့သည်။
ဗကသမှ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသား ၄ ဦး ဖမ်းဆီးထောင်ချခံခဲ့ရသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက ပြောသည်။
“ကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှား သူတွေက ပြည်သူတွေ သေဆုံးသွားတဲ့အတွက်ကြောင့်မို့လို့ မနေနိုင်ဘဲနဲ့ ကွယ်လွန်သွားတဲ့သူတွေရဲ့ အလောင်းတွေကို ပစ်စလက်ခတ်မရှိစေရအောင် သွားပြီးတော့ စနစ်တကျမြှုပ်နှံသင်္ဂြိုဟ်ပေးမယ် ဆိုပြီးတော့ရယ်၊ ကျန်ရစ်နေခဲ့ကြတဲ့ ဒုက္ခသည်ပြည်သူတွေအတွက် စားနပ်ရိက္ခာသွားရောက် ထောက်ပံ့တာတွေလည်းရှိတယ်” ဟု ၂၀၀၇ ခုနှစ် ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကိုကိုက မှတ်ချက်ပြုသည်။
“ဒီအခြေအနေအပေါ်မှာ စစ်အစိုးရကနေပြီးတော့ ဒါက သူတို့က နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်လို့ သဘောထားတယ်၊ စစ်အာဏာရှင်ကို ဆန့်ကျင်တာ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှား မှုတွေနဲ့ နာဂစ်မုန်တိုင်း ကူညီတဲ့လူတွေကို ရောထွေးပြီးတော့မှ နိုင်ငံရေးအင်အားစုတွေကို တစ်ခါတည်း ဖြိုခွဲဖမ်းဆီးဖို့ အကြောင်းပြချက်လုပ်ခဲ့တာ” သူက ပြောလိုက်သည်။