သတင်း

ရှေ့နေနှင့် လူချင်းတွေ့ခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတောင်းဆို

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ကပင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏ ရှေ့နေဖြစ်သူများကို ယနေ့ မတ် ၃၁ တွင် အွန်လိုင်းမှ တွေ့ဆုံခွင့်ရရှိခဲ့ပြီး ရှေ့နေနှင့် လူချင်းတွေ့ဆုံခွင့်ရရှိရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်ဟု အမှုတွင် လိုက်ပါဆောင်ရွက်ခွင့်ရရန် ကြိုးပမ်းနေသူ တရားလွှတ်တော်ရှေ့နေက Myanmar Now ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေဟန်ရှိကြောင်း၊ ရှေ့နေနှင့် ထပ်မံတွေ့ဆုံသည့်အခါ Video Conferencing  ဖြင့် မဟုတ်ဘဲ လူချင်းတွေ့ဆုံခွင့်ရရန် စစ်ကောင်စီကို တောင်းဆိုထားကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

“အခုလို Video Conferencing နဲ့တွေ့ရတဲ့ အနေအထားပေါ်မှာတော့ အဆင်မပြေဘူး၊ လူချင်းတွေ့မှ အဆင်ပြေမယ်လို့ အမေက ပြောတယ်။ တစ်ဖက်ကိုလည်း လူချင်းတွေ့ခွင့်ရဖို့ တောင်းဆိုထားတယ်လို့ အမေက ပြောပါတယ်” ဟု ၎င်းက ပြောသည်။

မနက်ဖြန် ဧပြီ ၁ ရက်နေ့ ရုံးချိန်းတွင် အဓိကရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းတို့နှင့်ပါ Video Conferencing ဖြင့် တွေ့ခွင့်ရနိုင်ဖွယ်ရှိသည်ဟု တရားလွှတ်တော်ရှေ့ ဒေါ်မင်းမင်းစိုးက ပြောသည်။

“လူချင်းတော့တွေ့ဖို့တော့ မဟုတ်ဘူး။ မနက်ဖြန် ရုံးချိန်ရှိပါတယ်။သူတို့ အင်တာနက်ရရင်တော့ တွေ့ခွင့်ရမှာပေါ့” ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံလိုသည့် အဓိက ရှေ့နေ ၂ ဦးဖြစ်သည့် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းတို့ကို ကိုယ်စားလှယ်လွှဲစာ မပေးဘဲ လူငယ်ရှေ့နေများဖြစ်သည့် ဦးယုယချစ်၊ ဒေါ်မင်းမင်းစိုး တို့ကိုသာ ရှေ့နေကိုယ်စားလှယ်စာရအောင် ရဲက စီစဉ်ပေးနေသည်ဟု အမှုတွင် လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်းမောင်ဇော်က ပြီးခဲ့သည့် မတ် ၁၄ ရုံးချိန်းက ပြောသည်။

မတ် ၂၄ ရက်နေ့တွင်လည်း အင်တာနက်မရသည့် အကြောင်းပြချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းကို စစ်ကောင်စီဘက်က ဖျက်သိမ်းခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့ပြင် ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့် ပစ္စည်း လက်ဝယ်ကိုင်ဆိုင်မှု၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့ အပြင် ၎င်း၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုသဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆ သိန်းနှင့် ရွှေ ၇ ပိဿာ ပေးခဲ့သည်ဟု ဝန်ခံထားကြောင်း မတ် ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။

ထိုသို့ အာဏာသိမ်းစစ်ကောင်စီ၏ ပြောဆိုချက်မှာ အထောက်အထားမဲ့ စွပ်စွဲချက်ဖြစ်ပြီး ရယ်စရာကောင်းသည့် ဟာသတစ်ခုဖြစ်သည်ဟု NLD ပါတီဘက်က တုံ့ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း အလားတူပုဒ်မအများအပြားဖြင့် အမှုဖွင့်ထားသည်။

နိုင်ငံအနှံ့အပြားတွင် သန်းနှင့်ချီသည့် ပြည်သူများက အာဏာသိမ်းမှုကို ဆက်လက် ဆန့်ကျင်ကန့်ကွက်နေကြပြီး စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အများအပြား သေဆုံး ဒဏ်ရာ ရရှိခဲ့သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယမန်နေ့ (မတ် ၃၀) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၅၂၁  ဦးထိရှိနေပြီဖြစ်ပြီး ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၂၆၀၈ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button