သတင်း

လားရှိုးကို စစ်တပ်ပြန်ဝင်ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေး ပြည်မထိ လမ်းပွင့်နိုင်မလား

လားရှိုးကို စစ်တပ်လက်ထဲ ပြန်ထည့်ရန် ဖိအားပေးခြင်းမှာ နှစ်စဉ် ဒေါ်လာဘီလျံချီ ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်စေလိုသည့် ရည်ရွယ်ချက်လည်း တစ်ခုအပါဝင်ဖြစ်သည်ဟု ဆိုသည်။

တရုတ်ဖိအားပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ကိုးကန့်တပ် (MNDAA) ဆုတ်ခွာသွားပြီး စစ်တပ် ပြန်ဝင်ရောက်လာပြီးနောက် ရှမ်းမြောက်ဒေသမှတစ်ဆင့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးသည် ပြည်မအထိလမ်းပွင့်လာနိုင်ခြေရှိမရှိအပေါ် နယ်စပ်ကုန်သည်များက စောင့်ကြည့်နေကြသည်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်း‌ကြောင်းများကို ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ အာရက္ခတပ်တော်(AA) မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွား သည်။ 

၁၉၄၈ နောက်ပိုင်း မြန်မာစစ်တပ်အတွက် အကြီးမားဆုံးစစ်ရှုံးမှုအဖြစ် လက်လွတ်ခဲ့ရသော လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်ထည့်ရန် ကိုးကန့်တပ်ကို တရုတ်က ဖိအားပေးခြင်းသည် နှစ်စဉ် ဒေါ်လာဘီလျံချီ ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်စေလိုသည့် ရည်ရွယ်ချက်လည်း တစ်ခုအပါဝင်ဖြစ်ကြောင်း မူဆယ်အခြေစိုက် အမည်မဖော်လိုသည့် နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။ 

“တရုတ်ဘက်က လိုချင်တဲ့ ကုန်သွယ်မှုအနေအထား ဖြစ်သွားမယ်ထင်တာပဲ။ တရုတ်က ကုန်သွယ်မှု ဖွင့်ချင်လို့ အဲ့ဒီအခင်းအကျင်းတွေလုပ်နေတာလေ။ (ပုံမှန်ကုန်သွယ်ရေးလမ်း) ပြန်ဖွင့်ဖို့အခြေအနေက လမ်းပွင့်သွားတဲ့သဘောပေါ့လေ။ လားရှိုးကိစ္စကလေ ” ဟု ၎င်းက ပြောသည်။ 

အထက်မြန်မာပြည်၏ စီပွားရေးနှင့် ကုန်သွယ်ရေးအချက်ချကျသည့် မန္တလေးမှ တရုတ်မြန်မာနယ်စပ်ရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်နှင့် ချင်းရွှေဟော်သို့သွားရာတွင် လားရှိုးသည် ကုန်သွယ်ရေးလမ်းကြောင်းဆုံချက်နေရာတွင် တည်ရှိသည်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့မှလွဲ၍ စတုရန်းမိုင်ပေါင်း ၂၃,၃၉၇ ခန့် ကျယ်ဝန်းသည့် ရှမ်းမြောက်ဒေသကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များအနက် မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို စစ်တပ်က ထိန်းချုပ်ထားသည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိန်းချုပ်ထားပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ကိုးကန့်တပ်(MNDAA) က ထိန်းချုပ်ထားသည်။

၂၀၂၂ အတွင်းက တွေ့ရသော မုံးကိုးမြို့။ (ဓာတ်ပုံ-မြတ်ပန်း)

ကိုးကန့်တပ်က လားရှိုးမြို့အားသိမ်းပိုက်ပြီးနောက် လားရှိုးမှပြန်ဆုတ်ခွာရန် ဖိအားပေးသည့်အနေဖြင့် တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ဆို့ထားရာမှ ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

နယ်စပ်တွင် ကုန်သွယ်မှုပြန်စနေပြီး ကျွဲနွား၊ မီးသွေးနှင့် ကြံများတင်ပို့လျက်ရှိကာ အစားအသောက်နှင့် အဝတ်အထည်များတင်သွင်းနေကြောင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ပေါ် နယ်စပ်ဂိတ်များမှလည်း စက်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းများမှလွဲ၍ အခြားကုန်စည်များတင်သွင်းကြောင်း နမ့်ခမ်းအခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

လားရှိုးကို စစ်တပ်ပြန်ရသွားပြီးနောက် စစ်ကောင်စီဘက်က တရုတ်နယ်စပ်မှ မန္တလေးထိလည်းကောင်း၊ လားရှိုး-မိုးရယ်-ကျေးသီးဘက်မှ ရှမ်းတောင်ဒေသများသို့လည်းကောင်း နယ်စပ်ကုန်သွယ်မှုပြန်စတင်ရန် လျာထားချက်ရှိနေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ 

“ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ထိန်းထားတဲ့မြို့တွေကျန်သေးတယ်။ KIA ရှိမယ်။ ပြီးတော့ TNLA ကျန် သေးတယ်။ အဲ့ဒီနှစ်ဖွဲ့ပေါ်မှာမူတည်တယ်။ ကျွန်တော်တို့ ဗမာပြည်ထဲအထိ နယ်စပ်ကုန်သွယ်ရေး စီးဆင်းနိုင်ဖို့ဆိုတာက ဒီနှစ်ဖွဲ့ဖြတ်တောက်ထားမယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားမယ်” ဟု ၎င်းက ပြောသည်။ 

မန္တလေး-လားရှိုးလမ်းပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲ အစရှိသည့်မြို့များကို တအာင်းတပ်(TNLA) ထိန်းချုပ်ထားဆဲဖြစ်ရာ ထိုလမ်းကြောင်းမှ ကုန်သွယ်ရန်မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ 

ရှမ်းမြောက်ရှိ တရုတ်နယ်စပ်ဂိတ်များပြန်ဖွင့်သော်လည်း ဒေသတွင်း ကုန်သွယ်မှုအတွက်သာဖြစ်ပြီး ပြည်မထိ ကုန်စည်များသယ်ယူရန် ဒေသတွင်းထိန်းချုပ်သည့် အဖွဲ့အစည်းများဖြင့် နားလည်မှုယူကာ  ကုန်သွယ်ရသည့်အခြေအနေဖြစ်နေကြာင်း မူဆယ်မြို့မှ နောက်ထပ်ကုန်သည်တစ်ဦးက ဆိုသည်။ 

ထို့အပြင် ပုံမှန်ကုန်သွယ်မှုပြန်စရန် နယ်စပ်နှင့် ကုန်သွယ်ရေးလမ်းတစ်လျောက် ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်များနှင့် အခွန်ခွဲဝေမှုနှင့် အခြားသောညှိနှိုင်းမှုများလိုမည်ဖြစ်ပြီး လက်တလောတွင် တိကျရှင်းလင်းသည့် ထုတ်ပြန်ချက်များမတွေ့ရသေးကြောင်း ၎င်းက ဆိုသည်။

“လက်ရှိအခြေအနေထိတော့ လားရှိုးမြို့ကတော့ ဝင်ထွက်သွားလာဖြတ်သန်းလို့ရနေတယ်။ ဘယ်လို လာမယ်ဆိုတာကတော့ ဘယ်သူမှလည်း မထုတ်ပြန်ထားသေးတော့ အတိအကျတော့ မသိရသေးဘူး။ သွားလာလှုပ်ရှားနေတာတွေက နားလည်မှုတစ်ခုနဲ့ သွားနေကြတာလေ။ ပုံမှန်လမ်းကြောင်းကတော့ သုံးသပ်ကြည့်တာတော့ မဖြစ်နိုင်သေးဘူး” ဟု သူက ပြောသည်။ 

လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီပြန်ရောက်လာပြီးနောက် မြို့အဝင် အေဒီတံတားအနီး မြို့ထဲသို့ ဝင်သည့် ကုန်တင်ကားများသာမက ခရီးသည်နှင့် အိမ်စီးကားများကိုပါ ငွေကြေးကောက်ခံကြောင်း၊ ကိုးကန့်တပ် မှာ လားရှိုးမြို့ရှောင်လမ်း၌ ဆက်ရှိနေပြီး ဘီးခွန်ဖိုးသာကောက်ခံ၍ သွားခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။ 

လားရှိုးက ဆုတ်ခွာခဲ့သည့် ကိုးကန့်တပ်သည် တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဖောက်လုပ်သည့် ကွမ်းလုံမြို့ရှောင်လမ်းကို ပြန်လည်အသက်သွင်းနေပြီး ၎င်းတို့ထိန်းချုပ်သည့် ချင်းရွှေဟော်နယ်စပ်မှ ကုန်သွယ်မှုတိုးမြှင့်နေကြောင်း “ဝ” ဒေသသတင်းများဖော်ပြသည့် Wa News Land က ဖော်ပြထားသည်။

၁၀၂၇ ပထမပိုင်းစစ်ဆင်ရေးအဖြစ် ၂၀၂၄ အောက်တိုဘာလတွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ရာ ကိုးကန့်တပ်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် တရုတ်မြန်မာနယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ လောက်ကိုင်၊ ချင်းရွှေဟိုမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ ယမန်နှစ်နှစ်လယ်တွင် လားရှိုးမြို့ကို ကိုးကန့်တပ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် ၎င်း၏ မဟာမိတ်တပ်များနှင့် ပူပေါင်းပြီး သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

လားရှိုးမြို့နှင့်ထိစပ်နေသော သီပေါ၊ ကျောက်မဲမြို့များကို  တအာင်းတပ်က ထိန်းချုပ်ထားပြီး သိန္နီနှင့် ကွမ်းလုံမြို့များကိုမူ ကိုးကန့်တပ်က သိမ်းပိုက်ထားသည်။ 

သို့ရာတွင် လားရှိးမြို့၏ အရှေ့နှင် အရှေ့တောင်ဖက်ရှိ တန်ယန်းနှင့် မိုင်းရယ်မြို့များတွင်မူ စစ်ကောင်စီ က တပ်စွဲထားသည်။

လားရှိုးမှ ကိုးကန့်တပ်များ ဆုတ်ခွာသွားသလို ၎င်းတို့ထိန်းချုပ်ထားသည့် ကြူကုတ်(ပန်ဆိုင်း) နယ်စပ် တွင် ကိုးကန့်အလံဖြုတ်ချထားပြီး မြန်မာအလံပြန်လည်လွှင့်ထူထားသောကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖွယ်ရှိကြောင်း ဒေသခံများကို ကိုးကား၍ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ယမန်နေ့ တွင် ဖော်ပြထားသည်။

စစ်ကောင်စီနှင့် အပစ်ရပ်ရန် သဘောတူညီချက်ရထားသည်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနက် ကိုးကန့် တပ်သာ ရှိသေးပြီး ကျန် ၂ ဖွဲ့မှာ ဆွေးနွေးမှု အထမမြောက်သေးပေ။ 

လက်ရှိတွင် ငလျင်နောက်ဆက်တွဲ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာ ထောက်ထားရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က  ဧပြီ တစ်လလုံး အပစ်ရပ်ထားမှ တစ်ဖက်သတ် အပစ်ရပ်သက်တမ်း ၁ လ (မေလ) ထပ်တိုးလိုက်ကြောင်း ယမန့်နေ့ညတွင် ထုတ်ပြန်ထားသည်။ 

မြောက်ပိုင်း ၃ ဖွဲ့၏ အပစ်ရပ်ကြောင်း ကြေညာချက်၂ ခု ။

Related Articles

Back to top button