
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အမ်း – ပဒါန်းလမ်းပေါ်မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို လုံခြုံရေးယူရန် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (ဧပြီ ၃၀) တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အထိနာပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည် ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF ) အရှိုထံက သိရသည်။
နံနက် ၈ နာရီဝန်းကျင်တွင် ပဇီရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်သည် ရွာအရှေ့ဘက်သို့ ကားလမ်းလုံခြုံရေးကင်းလှည့်ထွက်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၉ ဦး သေဆုံးကာ သေနတ် ၉ လက် ၊ ကျည်ဘောက်အပါအဝင် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု CDF (Asho) က ယနေ့ထုတ်ပြန်သည်။
“သေတဲ့သူတွေဆီကပဲ သေနတ်ကို ယူနိုင်တယ်။ ကျန်တဲ့သူတွေကတော့ ပစ်ခတ်ရင်း စစ်ကြောင်း အားလုံးသည် ကျွန်တော်တို့ဆီကို ရောက်မလာသေးတော့ မလှမ်းမကမ်းကျန်နေသေးတော့ ပြန်ဆုတ်သွားတာမျိုး ရှိပါတယ်”ဟု CDF (Asho) မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက Myanmar Now ကို ပြောသည်။
အထက်မင်းလှ မြို့အခြေစိုက် ရေမြှုပ်မိုင်းနှင့်လက်နက်ကြီးအစိတ်အပိုင်းများထုတ်လုပ်ရာ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) တံဆိပ်ပါ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။
ငဖဲမြို့အနောက်တောင်ဘက် ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်စခန်းသည် ပဒါန်းရွာမှ ၁၅ မိုင်ခန့် အကွာ၊ ရခိုင် – မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့် အကွာ ဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာတွင် တည်ရှိ သည်။
အမ်းမြို့နယ်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များသည် အမ်း – ပဒါန်းလမ်းမှတဆင့် မကွေးတိုင်းအတွင်း ဝင်ရောက်လာရာ နတ်ရေကန် စခန်း၏ ကာကင်းများဖြစ်သည့် တောင်စောက်တောင်၊ ကံမြင့်ကန်နှင့် ဂုတ်စီးရိုးစခန်းများကို သိမ်းပိုက်ခဲ့ သည်။
ထို့နောက် ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက နတ်ရေကန်စခန်းကို AA နှင့်ပူးပေါင်းတပ်များက ထိုးစစ် ဆင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားသုံးကာ ခုခံခဲ့သည်။

စစ်ကိုင်းငလျင်အလွန် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဧပြီတစ်လလုံး အပစ်ရပ် ကြေညာခဲ့ပြီးနောက် နတ်ရေကန်အနီးတဝိုက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့ရာ စစ်ကူလာသော စစ်ကြောင်းတချို့ကို ဖြတ်တောက်တိုက်ခိုက်မှုသာ ရှိကြောင်း ဆလိုင်းရိုးချင်းက ပြောသည်။
နတ်ရေကန်စခန်းမှာ လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သော်လည်း အမ်းမြို့ကို လက်လွှတ်ရပြီးနောက် မကွေးတိုင်းအတွင်း AA ဝင်ရောက်လာမှုကို ဖြတ်တောက်ရန် စစ်ကောင်စီက ထိုစခန်း၌ အင်အား အများအပြားဖြည့်တင်းထားသည်၊ နတ်ရေကန်လမ်းဟောင်းပေါ်ရှိ ပဇီရွာတွင်လည်း အင်အားဖြည့်ထား သည်။
နတ်ရေကန်စခန်းနှင့် ၅ မိုင်ခန့်အကွာ အိမ်ခြေ ၈၀ ခန့်ရှိသည့် ပဇီရွာတွင် စစ်တပ်က မတ်လဆန်းမှ စတင်၍ အင်အားဖြည့်တင်းထားရာ လက်ရှိတွင် အင်အား ၁၃၀ ဖြင့် ဘုန်းကြီးကျောင်း၌ အခိုင်အမာ တပ်စွဲထားသည်ဟု ဆလိုင်းရိုးချင်းက ဆိုသည်။
ပဇီရွာတွင် ရောက်နေသော စစ်သားများမှာ ရခိုင်ပြည်နယ်ဘက်မှ ပြန်လည် ဆုတ်ခွာလာသည့် ခြေမြန် တပ်မ (၉၉)၊ အထက်မင်းလှ နှင့် ပွင့်ဖြူ မြို့နယ် အခြေစိုက် ကပစ ၂၊ ၁၀၊ ၁၃ ၊ ၁၄ တို့မှ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“စစ်တပ်ဘက်ကတော့ အများပြည်သူထင်ထားသလို အားအင်ချိနဲ့လာပြီလို့ ထင်လို့မရတော့ပါဘူး။ စစ်မှု မထမ်းမနေရ ဥပဒေဆိုတာသည် တော်တော်လေးအလုပ်ဖြစ်လာတယ်။ အဲ့ဒီကနေအင်အား အများအပြား ရလာပါတယ်။ အင်အားအများပြား ဖြည့်နိုင်တဲ့အပြင်မှ အပစ်ရပ်ထားသည်ဆိုရင်တောင်မှ အရပ်သား ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ကြပါတယ်။ အခုလည်း အင်အားကတော့တောင့်မြဲတောင့်ဆဲပဲလို့ ပြောရမှာ ဖြစ်ပါတယ်”
နတ်ရေကန်စခန်း ဘယ်လောက်အရေးပါလဲ
ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသောနေရာဖြစ်သည်။
အမ်း-ပဒါန်းလမ်းမှ ၁၀ မိုင်အကွာတွင် ငဖဲမြို့အနီး ယမ်းချက်စက်ရုံဖြစ်သော အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံတည်ရှိရာ နတ်ရေကန်စခန်း သိမ်းပိုက်နိုင်ပါက ထိုစက်ရုံကို AA နှင့် မဟာမိတ်တပ်များက ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
ထို့ပြင် ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့အနီးတွင် မော်တာကျည်ဆန်နှင့် အမြောက်ကျည်ဆန်များ ထုတ်လုပ်သည့် ကပစ −၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီးတွင် ၄၀ မီလီမီတာ တာဝေးပစ် ယာဉ်တင်ဒုံး ထုတ်လုပ်သည့် ကပစ−၁၀ တို့လည်း တည်ရှိသည်။
ထိုနတ်ရေကန်စခန်း ကျသွားပါက မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စိန်ခေါ်မှုဖြစ်လာ နိုင်မည့်အပြင် စစ်တပ်၏ ထောက်တိုင်များဖြစ်သည့် လက်နက်စက်ရုံများအတွက် ခြိမ်းခြောက် မှုဖြစ်လာ နိုင်သည့်အတွက် အဓိကကျသည့် ထိုစခန်းကို လက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန် ကြိုးပမ်းနေ ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
အမ်း – ပဒါန်းလမ်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ရာ အမ်းမြို့နှင့် မကွေးတိုင်း ကို ဆက်သွယ်ထားသော ရခိုင်ရိုးမကိုဖြတ်သန်းဖောက်လုပ်ထားသည့် မိုင် ၆၀ ကျော်ရှည်သည့် လမ်းဖြစ် သည်။
အမ်းတိုက်ပွဲများပြင်းထန်စဉ်က မကွေးတိုင်းဘက်မှ ပို့လာသော စစ်ကူများကို ချင်းဒေသကာကွယ်ရေး အဖွဲ့ (အရှို)၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ် များ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က အမ်း – ပဒါန်းလမ်းပိုင်းတွင် ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ပေးခဲ့ကြသည်။
လက်ရှိတွင် AA က ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မှအပ မြို့နယ်အများစု ကို သိမ်းပိုက်ထိန်းချုပ်ပြီ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စစ်မျက်နှာဖွင့်ထားသည်။
