
ရခိုင်ရိုးမနှင့်မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ လေကြောင်းပစ်ကူဖြင့် တုံ့ပြန်သဖြင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိ သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသဖြင့် AA နှင့် မဟာမိတ်တပ်များက ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက ထိုးစစ်ဆင်နေသည်။
ဖေဖော်ဝါရီ ၂၁ ရက်မှ နတ် ၂ ရက်အတွင်း လေတပ်က နတ်ရေကန်စခန်းအနီး လင်းဒဲရွာကို လေတပ် က ၃ ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေပွေက ပြောသည်။
ပြင်းထန်နေသော နတ်ရေကန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေ ပြီး စခန်းစွန့်ခွာထွက်ပြေးနေကြရာ စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး အပြင်းအထန် တုံ့ပြန်နေ ခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ရာ အမ်းမြို့နှင့် မကွေးတိုင်းကို ဆက်သွယ်ထား သော ရခိုင်ရိုးမကိုဖြတ်သန်းဖောက်လုပ်ထားရာ မိုင် ၆၀ ကျော်ရှည်သည့် အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏စစ်ရေးလမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည်ဟု ACDF တပ်ဖွဲ့ စစ်ဦးစီးချုပ် ဆလိုင်းရှန်ဆုံးက ပြောသည်။
နတ်ရေကန်စခန်းမှာ လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သော်လည်း စစ်ဌာချုပ် အခြေစိုက်သော အမ်းမြို့ကို လက်လွှတ်ရပြီးနောက် မကွေးတိုင်းအတွင်း AA ဝင်ရောက်လာမှုကို ဖြတ်တောက်ရန် စစ်ကောင်စီက ထိုစခန်း၌ အင်အားအများအပြားဖြည့်တင်းထားသည်။
“စစ်ကောင်စီဗျူဟာကုန်းဖြစ်နေတဲ့ နတ်ရေကန်တောင်ကိုတော့ ပိုအားစိုက်နေရသလို နတ်ရေကန် တောင်ပေါ်ကို စကစရဲ့စစ်သားတွေ လက်နက်ခဲယမ်းတွေ တင်ပို့လို့ မရနိုင်အောင် ဖြတ်တောက်ရေး တွေလည်း လုပ်နေပါတယ်” ဟု ဆလိုင်းရှန်ဆုံးက ပြောသည်။
အမ်း-ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ အဓိက ကာကင်းစခန်းများဖြစ်သည့် တောင်စောက်တောင် ၊ ကံမြင့်ကန် နှင့် ဂုတ်စီးရိုးတို့အပါအဝင် စခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြန့်အထိ ထိုးစစ် ဆင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆက်ပြောသည်။
“အရှိုချင်းတောင်ပေါ်ဒေသမှာ စကစ ဆိုတာ လုံးဝ နေလို့ မရတော့တဲ့အထိကို ကျွန်တော်တို့ တိုက်ခိုက် သွားမှာဖြစ်တယ်။ ဒီဒေသမှာ စကစ တွေမရှိတော့မှ မြေပြန့်ဒေသနဲ့ စကစရဲ့ နေပြည်တော်တပ်စခန်း ရှိနေရာအထိ တိုးဝင်သွားနိုင်မှာ ဖြစ်တယ်”

သို့သော်လည်း ရခိုင်ရိုးမပေါ်ရှိ အရှိုချင်းကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ ၁၃ ရွာမှ လူဦးရေ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေ ကြရသည်။
“အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ စစ်ဘေး ရှောင်တွေကို ကူညီပေးနေပါတယ်။ ကျွန်တော်တို့မှာ စစ်ရေးကလည်းတစ်ဖက် ပြည်သူလူထုကို ကူညီနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်” ဟု ACDF တပ်ဖွဲ့ စစ်ဦးစီးချုပ် ဆလိုင်းရှန်ဆုံးက ပြောသည်။
အမ်း-ပဒါန်း ကားလမ်းမအနီး တိုက်ပွဲဖြစ်ပွားနေပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီ၏ တပ်မ (၈၈)၊ တပ်မ (၉၉) တို့အပြင် မကွေးတိုင်းရှိ ကပစ စက်ရုံများမှ တပ်သားများ ပါဝင်သည်ဟု AA က ပြီးခဲ့ သည့် ဇန်နဝါရီ ဒုတိယပတ်တွင် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အမ်းမြို့ကို AA က စတင်ထိုးစစ်ဆင်ကတည်းက အရှိုချင်းတပ်များ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) တပ်များ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ် တော် (PIA) တို့က အမ်း-ပဒါန်းလမ်းတစ်လျှောက်ပိတ်ဆို့ဖြတ်တောက်ခဲ့ကြသည်။
လက်ရှိတွင် အမ်း-ပဒါန်းလမ်းတလျှောက်ရှိ စစ်ကောင်စီ ကာကင်းစခန်းများနှင့် နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာနေကြပြီး စစ်ကူအင်အားဖြည့်တင်းရန်ကြိုးပမ်းနေမှုကိုလည်း AA ၏ မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်နေကြသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလက ပြောသည်။
“ကာကင်းစခန်းတွေက ဆုတ်ခွာတာရှိတယ်။ နတ်ရေကန်က ဆုတ်ခွာပြီးတော့ ထွက်ပြေးတဲ့သူတွေ ရှိတယ်။ အဲဒီအင်အားတွေကို ပြန်ဖြည့်တဲ့သဘောလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ လမ်းတလျှောက်မှာလည်း တခြား မဟာမိတ်အဖွဲ့တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အမ်း-ပဒါန်းလမ်းမှ ၁၀ မိုင်အကွာ ငဖဲမြို့အနီး ယမ်းချက်စက်ရုံဖြစ်သော အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံတည်ရှိရာ နတ်ရေကန်စခန်းသိမ်းနိုင်ပါက ထိုစက်ရုံမှာ မဟာမိတ်တပ်များ၏ လက်နက် ကြီးပစ်ခတ်မှု လက်တကမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထို့ပြင် ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့အနီးတွင် မော်တာကျည်ဆန်နှင့် အမြောက်ကျည်ဆန် များ ထုတ်လုပ်သည့် ကပစ −၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီးတွင် ၄၀ မီလီမီတာ တာဝေးပစ် ယာဉ်တင်ဒုံး ထုတ်လုပ်သည့် ကပစ−၁၀ တို့လည်း တည်ရှိသည်။
ထို့ကြောင့် အမ်း-ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်တပ်အတွက် လက်နက်ခဲယမ်းများ ထုတ် လုပ်ပေးနေသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အခြေစိုက်ရာ ဧရာဝတီမြစ် အနောက် ခြမ်းအထိ တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးနိုင်မည်ဖြစ်သည်။
၂၀၂၄ နှစ်ကုန်ကစပြီး ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခ တပ်တော် (AA) နှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့ရာ ရခိုင်ရိုးမနှင့် တဆက်တည်း တည်ရှိနေ သည့် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့်ပဲခူးတိုင်းတို့မှာ စစ်ရေးပစ်မှတ်ဖြစ်လာသည်။
ရခိုင်ရိုးမတောင်တန်းတစ်လျှောက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး ထိုဒေသ နှင့် ထိစပ်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မကွေးတိုင်း ငဖဲ မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဇန်နဝါရီ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။