သတင်း

ရခိုင်-မကွေးနယ်စပ်မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို AA ဦးတည်ထိုးစစ်ဆင်နေ

ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော နတ်ရေကန်စခန်းအနီးဝန်းကျင်အထိ AA ထိုးစစ်က ကျယ်ပြန့်လာသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောကြသည်။

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ် အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သည့် အာရက္ခ တပ်တော် (AA) တပ်များသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးအထိ ရောက်ရှိလာ ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ခဲ့ရာ အမ်းမြို့နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ရခိုင်ရိုးမကိုဖြတ်သန်းဖောက်လုပ်ထားရာ မိုင် ၆၀ ကျော်ရှည်သည့် အမ်း – ပဒါန်း ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က တိုက်ခိုက်နေသည်။ 

ပြီးခဲ့သည့် ရက်ပိုင်း ငဖဲမြို့နယ်၊ တုံးကြီးရွာ စစ်ကောင်စီစခန်းကို AA ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ထိုရွာ အရှေ့ဘက် ၅ မိုင်ကျော်အကွာ နတ်ရေကန်စခန်းအထိ တိုက်ပွဲများ ကျယ်ပြန့် လာခဲ့ခြင်း ဖြစ်သည်။

“နတ်ရေကန်နားမှာ တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် လေယာဉ်ပျံရော၊ လက်နက်ကြီးရောတော့ ပစ်ခတ်မှု တွေ တော်တော်များတယ်။ တရစပ်ပဲ ပစ်ခတ်နေတာ”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် အမျိုးသား တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်၊ အမ်းနှင့် တောင်ပိုင်းမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်နေကတည်းက စစ်ကောင်သည် မကွေးမှ ရခိုင်ပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် အမ်း – ပဒါန်းလမ်းကြောင်းကို စစ်စခန်း များ တိုးချထားပြီး ထိုမှတဆင့် စစ်ကူများ ပို့ရန် ကြိုးပမ်းခဲ့သည်။ 

အမ်းမြို့ကို AA သိမ်းပိုက်ပြီးနောက်  အဆိုပါ အမ်း – ပဒါန်းလမ်းကြောင်းပေါ်ထိ တိုက်ပွဲများ ကျယ်ပြန့် လာရာ စစ်ကောင်စီတပ်၏ တောင်စောက်စတေရှင်စခန်း၊ ကံမြင့်ကန်နှင့် ဂုတ်စီးရိုးအပါအဝင် ကျေးရွာ အခြေပြုတပ်စွဲထားသည့် စစ်တပ်စခန်းငယ်တချို့ကို AA က သိမ်းပိုက် ထားပြီးဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။

တုံးကြီးရွာအနီး ကျောက်ဖြူဘက်မှ လာသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတေရှင်တစ်ခုရှိပြီး ဒေသခံ များမှာ ပြီးခဲ့သည့်နှစ်ဝန်းကျင်ကတည်းက ရွာကို စွန့်ပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြစဉ် စစ်တပ်က ခြေကုပ်ယူတပ်စွဲထားခြင်းဖြစ်ကြောင်း အထက်ပါ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ 

“တုံးကြီးရွာနားမှာထားထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစတေရှင်ကို အစောင့်စခန်းပေါ့။ အဲ့ဒါကတော့ တကယ့် တကယ်ဆိုင်တာက သဘာဝဓာတ်ငွေ့ MOGE သဘာဝဓာတ်ငွေ့နဲ့ရေနံမြေ ရဲတွေကပဲ စောင့်ရမှာပေါ့။ အဲ့ဒီရေနံမြေရဲတွေကိုခိုပြီးတော့ စကစတွေကလည်း အနီးအနားမှာပဲနေကြတယ်။ အဲ့ဒီစခန်းက ပိုက်လိုင်း ကို ခိုပြီးတော့ စစ်ကြောင်းတပ်စွဲထားတာ”ဟု ၎င်းက ဆိုသည်။

ပဒါန်းရွာမှ ၁၅ မိုင်ခန့်အကွာ ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော  နတ်ရေကန်စခန်းသည် ယခင်ကလေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းဖြစ်သော်လည်း အမ်းမြို့ကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်သည် တာဝေးပစ်အမြောက်များပါ တိုးချထားပြီး လက်နက်ကြီး များအထိုင်ချထားသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“နတ်ရေကန်ကုန်းက တိုက်စစ်ဆင်သူနဲ့၊ ခံစစ်ဆင်သူဘက်က မြေအနေအထားသာနေတဲ့ အနေအထားမျိုး ရှိတဲ့စခန်းလိုမျိုးပဲ ပြောရမှာဖြစ်ပါတယ်။ နတ်ရေကန်စခန်းကိုရမယ်ဆိုရင် ကျွန်တော်တို့ ပဒါန်းတပ်နယ် အထိ သိမ်းဆည်းရမိမယ့် လက်နက်ကြီးတွေနဲ့ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပဒါန်းတပ်နယ် မှာရှိတဲ့ ကပစ ၁၄ (စစ်လက်နက်ပစ္စည်းစက်ရုံ) တို့ အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို ခြိမ်းခြောက်လာနိုင်မဲ့ အနေအထားမျိုးထိ အရေးပါပါတယ်” ဟု  ၎င်းက ဆိုသည်။ 

အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ထိုးစစ်ဆင်ပြီး တစ်နှစ်ကျော် အကြာ ရခိုင် ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်အထိ သိမ်းပိုက်ပြီး ယခုနှစ်ဆန်းမှစတင်၍ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တိုင်းဒေသများအထိ စစ်မျက်နှာကျယ်ပြန့်လာသည်။ 

တိုက်ပွဲအခြေအနေပြမြေပုံ။

တိုင်းစစ်ဌာနချုပ်ရှိခဲ့ရာ အမ်းမြို့အပြင် တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ် နေသည့် ရခိုင် – ပဲခူးနယ်စပ်၊ ရခိုင် – မကွေးနယ်စပ်၊ ရခိုင်ရိုးမ – ဧရာဝတီနယ်စပ်အထိ တိုက်ပွဲများ ဆက် ပြင်းထန်နေကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် AA က ထုတ်ပြန်ထားသည်။ 

ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းအနောက်ခြမ်းကို ဆက်သွယ်ထားသည့် ပန်းတောင်း – တောင်ကုတ် ကားလမ်း ပေါ်ရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက် ကတိုက်ခိုက်ခဲ့ပြီး  ၅ ရက်အကြာတွင် AA က သိမ်းပိုက်နိုင်ခဲ့ သည်။

ပြီးခဲ့သည့်ရက်ပိုင်း တောင်ကုတ် – ပန်းတောင်းလမ်းပေါ်ရှိ ပန်းကန်ကွဲရွာ အခြေစိုက်ထားသည့် စစ်တပ် စခန်းကို AA က သိမ်းပိုက်လိုက်ပြီး အနီးရှိ ညောင်ကျိုးရွာတွင် စစ်တပ်က အင်အားဖြည့်တင်းပြီး ခံစစ်ပြင် နေကြောင်း ရခိုင်ဒေသတွင်းသတင်းဌာနဖြစ်သည့် Development Media Group (DMG)က ဖော်ပြသည်။ 

ရခိုင်ရိုးမနှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ စစ်ကောင်စီခြေကုပ်ယူထားသောစခန်းများဖြစ်သည့် ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို ဇန်နဝါရီလကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ 

လက်ရှိ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် တိုင်းဒေသကြီးများတွင် ဖြစ်နေသည့် စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်း ထားသော် လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။ 

လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ရေး ဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ စစ်တပ်က AA ထိန်းချုပ် မြို့နယ်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် ၈ နာရီမှ ၉ နာရီအကြား စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်ကို ဗုံးကြဲ ခဲ့ကြောင်း AA နှင့်နီးစပ်သော One Nation News သတင်းဌာနက ဖော်ပြထားပြီး အသေးစိတ်အခြေအနေ များကို မသိရပေ။ 

မြို့သိမ်းတိုက်ပွဲများအတွင်းမှ ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့် သုံ့ပန်းမိသားစုဝင်များကို ယခုလအတွင်း AA က ၂ ကြိမ်လွှတ်ပေးခဲ့ပြီး စုစုပေါင်း ၃၄၀ ဦး ပြန်လွှတ်ပေးထားသည်။ 

Show More

Related Articles

Back to top button