
နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၏ နယ်မြေ အများစုကိုသိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) သည် ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီ၊ ပဲခူးနှင့်မကွေးတိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။
ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက် လျက်ရှိသည်ဟု AA က ယမန်နေ့ (ဇန်နဝါရီ ၂၇) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
AA နှင့်နီးစပ်သူတစ်ဦးကလည်း အလားတူ ပြောသည်။
“တိုက်ပွဲတွေက မပြီးသေးဘူး။ ဆက်ဖြစ်တုန်းပေါ့။ မကွေး-ရခိုင် နယ်စပ်၊ ပဲခူးတိုင်းနဲ့ ရခိုင်နယ်စပ် ဘက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာရှိတယ်။ ဧရာဝတီတိုင်းထဲက နေရာ တချို့မှာလည်း ဖြစ်နေတာရှိတယ်”ဟု သူက Myanmar Now ကို ယမန်နေ့က ပြောသည်။
စစ်ကောင်စီသည်လည်း နယ်မြေထိစပ်နေသော ပဲခူးတိုင်းဘက်မှ တန်ပြန်တိုက်ခိုက်နေသဖြင့် ပဲခူး – ရခိုင် နယ်စပ်နှင့် ရိုးမတောင်တန်းများထက်တွင် တိုက်ပွဲများမှာ နေ့စဉ် ဖြစ်နေသည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ကြီးငယ်များ၊ ဒရုန်းဂျန်မာများကို ပဲခူးတိုင်းအဝင် ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးထားပြီး ထိုဓာတ်ပုံကို ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
မကွေးတိုင်းအဝင် ‘ကြိုဆိုပါ၏’ဆိုင်းဘုတ်ရှေ့တွင် AA တပ်သားများ ရောက်နေပုံ၊ ရခိုင်-ဧရာဝတီ နယ်စပ်ဟုဆိုသော နေရာတွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် ၂ စီးနှင့်အတူ လှည့်လည်နေကြသည့် AA တပ်သားများ၏ မှတ်တမ်းဓာတ်ပုံများလည်း ပါဝင်သည်။
အွန်လိုင်းသို့ ရောက်လာသော ထိုဓာတ်ပုံများသည် AA ၏ စစ်ရေးလှုပ်ရှားမှု မည်သည့် အခြေအနေသို့ ရောက်နေကြောင်း ပေါ်လွင်အောင် ဖော်ပြပေးနိုင်သောပုံများ ဖြစ်သည်။
သိမ်းဆည်းရမိသည့် လက်နက်များကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ထားသည့် နေရာသည် ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နှင့် ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ကြား၊ ရခိုင်ရိုးမပေါ်ရှိ ကားလမ်းမပေါ်မှ တောင်ကုတ်မြို့နယ်၊ မိုးထိတောင်စခန်း ဖြစ်သည်၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ရာ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့သည်ဟု AA က ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်းသည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ အများအပြား ရှိနေလင့်ကစား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသကာကွယ်ရေးအဖွဲ့ များနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) များလည်း အခြေစိုက်လှုပ်ရှားသည်။
ထိုဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။
AA ထိုးစစ်သည် ရခိုင်ရိုးမကို ကျော်ကာ ပဲခူးအနောက်ခြမ်းသို့ ရောက်လာမည်၊ AA တပ်ဖွဲ့ဝင်များ ရောက်နေပြီဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဇန်နဝါရီ တတိယပတ်က ဖော်ပြနေကြသည်။
ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းနယ်စပ်ရှိ မိုးထိတောင်စခန်းအနီး အင်အား ၅၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းစဉ် Type-81 ၁ လက်၊ ကျည် အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ ကျည်ကာဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် ချန်နယ်တချို့က ဖော်ပြကြသည်။

ထို့ပြင် ဧရာဝတီတိုင်းရှိ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၇ ရက်နေ့လယ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု AA က ဆိုသည်။
AA သည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပွိုင့် (၂၆၃) စခန်း၊ ဇန်နဝါရီ ၂၁ ရက် နေ့တွင် ပွိုင့် (၃၆၉) စခန်း တို့ကို သိမ်းပိုက်ခဲ့သည်။
AA နှင့်နီးစပ်သူ၏အဆိုအရ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာကို AA က သိမ်းပိုက်ထား သော်လည်း ယင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း ဆိုသည်။
“ကိုယ့်ဘက်က သူတို့ကို မောင်းထုတ်လိုက်၊သူတို့ကလည်း ပြန်ဝင်ဖို့ကြိုးစားလိုက် အဲဒီလိုမျိုးရှိတယ်။ ဟိုဘက်မှာဆိုလည်း ဘောမိကို သိမ်းထားပြီ။ ဘောမိကလည်း နေရာအကျဥ်းလေးမှ မဟုတ်တာ၊ အကျယ်ကြီး။ ဘောမိက ဆုတ်သွားပြီး ဘောမိချောင်းအစွန်တွေမှာ တိုက်ပွဲဖြစ်နေကြသေးတယ်”ဟု ထိုအမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောမိကျေးရွာရှိ နေအိမ်အများအပြားပျက်စီးသွား သည်ဟု ၎င်းက ဆက်ပြောသည်။
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိကျေးရွာကို ဇန်နဝါရီ ၁၈ ရက် နောက်ပိုင်း AA က ထိန်းချုပ်နိုင်ခဲ့သည်။
ထိုနေ့မှာပင် လေတပ်၏ အပြင်းအထန်ဗုံးကြဲမှုကြောင့် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသော ဘောမိကျေးရွာ မီးလောင်ကျွမ်းနေသည့် ရုပ်သံမှတ်တမ်းများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ကမ်းခြေအနီး နေအိမ်များ မီးကျွမ်းနေပြီး၊ အိမ်တိုင်ငုတ်သာ ကျန်တော့သည်ကို ရုပ်သံတွင် တွေ့ရသည်။
AA ထိန်းချုပ်ထားသော ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာတွင် ရှိပြီး နာမည်ကျော် ကမ်းခြေများ ဖြစ်သော ချောင်းသာကမ်းခြေနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော်ခန့်သာ ကွာဝေးသည်။
လက်ရှိတွင် စစ်တပ်က ရွှေသောင်ယံမြို့အနီးထိ တပ်စွဲ ရောက်ရှိနေပြီး ဒေသခံအများစုက ထွက်ပြေး တိမ်းရှောင်နေကြသည်။

အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ဂုတ်စီးရိုးကျေးရွာဘက်သို့ ပြန်ဆုတ်ခွာသွား ကြောင်း AA က ဆိုသည်။
ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ အလောင်းနှင့် လက်နက်ခဲယမ်းတချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဘက်တပ်များ လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတို့ကို အသုံးပြုပြီး နေ့စဉ် တိုက်ခိုက်နေသည်ဟု သိရသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ တို့ကို သိမ်းပိုက်ထားသည်။
ပြည်နယ်မြို့တော်စစ်တွေတွင်လည်း တိုက်ပွဲ ဖြစ်ပွားနေရာ ပြည်နယ်တွင်း တရုတ်ရင်းနှီးမြုပ်နှံမှုများ ရှိသည့် ကျောက်ဖြူနှင့်မာန်အောင်မြို့တို့သာ တိုက်ပွဲရှိမနေသည့် မြို့များ ဖြစ်သည်။
ထို ၃ မြို့နယ်ရှိ စစ်ကောင်စီတပ်များကိုလည်း AA က ပိတ်ဆို့ထားသည်။
ပြည်တွင်းရေးကိုစစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိသည်ဟု AA က ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက ရခိုင်ရှိမြို့ရွာများကို လေကြောင်း ဖြင့် တိုက်ခိုက်နေရာ တိုက်ပွဲဖြစ်ရန်အလွန်နီးစပ်သည်ဟု အထက်ပါ AA နှင့်နီးစပ်သူက ဆိုသည်။
“ကျောက်ဖြူမှာဆိုရင်လည်း ကျောက်တစ်လုံးဘုရားနားအထိ AA ဘက်က ဝိုင်းထားတယ်။ ထိုဘက်မှာ နည်းနည်းကျန်တာက ဓညဝတီရေတပ်စခန်းပေါ့။ အဲဒီလောက်ပဲကျန်တော့တယ်။ ကျန်တာက ရမ်းဗြဲ တစ်ကျွန်းလုံးကို AA က ထိန်းချုပ်ထားတာ။ စစ်တွေမှာလည်း ငါတို့အားလုံး ဝိုင်းထားတာ။ ရွာဘိုတို့ လည်း AA က သိမ်းထားပြီ။ ရွာဘိုကသွားရင် ကျန်တဲ့ ၂ ရွာလောက်လည်းသိမ်းထားပြီ “ဟု ၎င်းက ပြောသည်။စစ်ကောင်စီသည် မြို့တော်စစ်တွေကို AAက ထိုးစစ်ဆင်လာပါက ခံနိုင်ရည်ရှိရန်အတွက် မိုင်းများ အထပ်ထပ်ထောင်ထားပြီး မြို့ပတ်ပတ်လည်ကို ခြံစည်းရိုးကာရံထားသည်ဟု ဒေသခံများထံက သိရသည်။
စစ်တွေ(သို့မဟုတ်) ကျောက်ဖြူမြို့သာ AA လက်ထဲရောက်ပါက မာန်အောင်မြို့ရှိ စစ်ကောင်စီတပ် သားများသည် ထွက်ပြေးသွားနိုင်ခြေရှိသည်ဟု ရခိုင်စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။