အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကော့သောင်းမြို့ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်များက ယနေ့ (မတ် ၃၀) မနက်ပိုင်းတွင် လိုက်လံအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းကျည်သင့် သေဆုံးသွားပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အသက် ၃၀ အရွယ် ကိုမင်းကို ဆိုသူသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းရုပ်အလောင်းကို ကောက်မရသေးပေ။ 

ပြည်သူနှစ်ဦးမှာလည်း ရင်ဘတ်ပေါက် ကျည်ဆန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရကြောင်း၊ အခြားသူတစ်ဦးမှာ လက်မောင်းကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားကြောင်း၊ စနိုက်ပါခေါ် မှန်ပြောင်းတပ်သေနတ်သုံးပြီး ပစ်ခတ်မှုနှင့် ရင်ဆိုင်ရကြောင်း အဆိုပါမြို့ခံက ပြောသည်။

“ကျွန်တော်တို့က သဲအိပ်တွေကာထားနေရာကနေ ရှေ့ကိုပဲ ကြည့်နေတာ။ အဲဒီအချိန်မှာ ဘေးကနေ ဒိုင်းဆိုပြီး အသံကြားတော့ တစ်ယောက်ကျသွားတာ။ ငါတို့ကို ဘေးကပစ်နေ စနိုက်ပါနဲ့ပစ်နေတာပဲ ဆိုပြီး ပြေးကြတာ။ ကျသွားတဲ့သူ အလောင်းကို သွားယူတာ ယူလို့မရတော့ဘူး။ ယူတဲ့သူတွေကိုပါ ပစ်နေတာ”ဟု အဆိုပါ မြို့ခံက ပြောသည်။

ရွှေဇင်ယော်ရပ်ကွက်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မပြုလုပ်ရသေးသော်လည်း ရပ်ကွက်အတွင်း အရံအတားခံတပ်တွင် ရှိနေသူများအား စစ်ကား ၄ စီး၊ ရဲကား ၄ စီး ချက်ချင်းရောက်လာကာ အကြမ်းဖက်ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။

ရွှေဇင်ယော်ရပ်ကွက်အတွင်းသို့  ရွှေဟင်္သာရပ်ကွက် ပုလဲလမ်းနှင့် ရွှေပြည်သာရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက နှစ်ဖက်ညှပ်၍ ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ရွှေဇင်ယော်(ရပ်ကွက်)ကို ရှေ့ကနေရော၊ နောက်ကနေရော ပစ်နေတာ။ ပတ်ပတ်လည်ကနေ ပစ်နေတာ။ ဒဏ်ရာရတဲ့သူက တော်တော်များတယ်လို့ သိထားတယ်။ မျက်မြင်တွေ့ရတာကတော့ နှစ်ယောက်ပဲတွေ့ရသေးတယ်။ ထွက်တာနဲ့ပစ်နေတာ”ဟု အဆိုပါ မြို့ခံက Myanmar Now ကို ပြောသည်။ 

မြန်မာပြည် တောင်ဘက်ဆုံးမြို့ဖြစ်သည့် ကော့သောင်းတွင် ‌ရွှေဇင်ယော်ရပ်ကွက်နေပြည်သူများသာမက လမ်းသွား၊ လမ်းလာများကိုပါ စစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ 

မြို့အသီးသီးတွင် အကြမ်းဖက်ပစ်ခတ်ခံရသည့် မတ်လ ၂၇ ရက်နေ့ကလည်း ကော့သောင်းမြို့တွင် ငါးဦး ပစ်သတ်ခံရကြောင်း၊ နောက်တစ်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်း Dawei Watch သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button