
အင်အားပြင်းငလျင်၏ ဗဟိုချက်မဖြစ်သော စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဧပြီတတိယပတ်မှ စ၍ စစ်ကြောင်းထိုးနေသဖြင့် ငလျင်ဘေးသင့်သော ဒေသခံ ထောင်နှင့်ချီသည် ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကိုင်းမြို့အခြေစိုက် အမှတ် ( ၃၃) ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို မြောက် ဘက် မင်းဝံတောင်ခြေအနီးကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေသဖြင့် ရေမျက်ကြီးအင်းအနီးရှိ စာရေးရှေ့၊ စာရေးနောက်၊ ကျောက်ပနန်ရွာမ၊ ရွာသစ်၊ ကန်ကြီးကုန်း၊ တောင်ရင်း ( တောင်) နှင့် တောင်ရင်း (မြောက်) စသော ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ယမန်နေ့ (ဧပြီ ၂၉) ရက်တွင် ရေမျက်အင်းအရှေ့ဘက်မှ အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ကျောက်ပနန်ရွာကို အဆိုပါစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ပြီး အိမ်ခြေမည်မျှ မီးလောင်သွားသည်ကို မသိရသေးပေ။
မတ် ၂၈ ရက်နေ့က ဖြစ်ပွားသော ငလျင်ကြောင့် ရေမျက်ကြီးအင်းအနီးဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၆၀၀ ခန့် ပျက်စီးထားခဲ့ရာ အိုးအိမ်မဲ့သွားသောဒေသခံများကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းပါ ထိုးနေခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကိုင်းဒေသခံများမှာ ငလျင်ပြန်ထူထောင်ရေးမလုပ်နိုင်ဘဲ စစ်ကြောင်းရန်မှဝေးရာ တော တောင်များထဲသို့ ထပ်ဆင့်ထွက်ပြေးရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“ ငလျင်ဘေး ..စစ်ဘေး နှစ်ထပ်ကွမ်း ဒုက္ခရောက်နေတာ။ ငလျင်လှုပ်လို့ နေစရာမရှိ ၊ မရှိတဲ့ ကြားက အခု တောထဲ ပြေးရ ၊ ရာသီဥတုက မိုးရွာတော့ ကံဆိုးမ…သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပ” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) တစ်ဦးက ပြောသည်။
အမေရိကန်ငလျင်စောင့်ကြည့်ရေးအဖွဲ့ (USSG) က ထုတ်ပြန်သည့်အချက်အလက်အရ မတ် ၂၈ ရက်နေ့ မွန်းလွဲချိန်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားအဆင့်ရှိ ငလျင်မှာ စစ်ကိုင်းမြို့ မြောက်ဘက် ၅ မိုင်ကျော်ခန့်အကွာ ရေမျက်အင်းအနီး (ရွှေစာရေးရွာ) ဝန်းကျင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီတတိယပတ်က စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ငလျင်ဗဟိုချက်အနီး ကျေးရွာများသို့
စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့ပြီး အထိနာခဲ့ ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောထားသည်။
ထို့နောက် ရက်ပိုင်းအတွင်းမှာ တပ်မ (၃၃) မှ စစ်ကောင်စီစစ်ကြောင်း ထပ်မံဝင်ရောက်လာပြီးနောက် ကျောက်ပနန်ရွာကို မီးရှီု့ကာ ဒေသတဝိုက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ဒေသတွင်း စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် လုပ်နေသည်ဟုလည်း သိရသည်။
ငလျင်ဗဟိုချက်အနီးကျေးရွာများအနီး စစ်ရေးလှုပ်ရှားမှု အခြေနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပါ။
တပ်မ (၃၃) အခြေစိုက်ရာ မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းပြီး ငလျင်မတိုင်မီကလည်း စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလှုပ်ရှား လေ့ရှိသည်။
ငလျင်ကြောင့် မန္တလေးမြို့တစ်ဖက်ကမ်း ဧရာဝတီမြစ်သာခြားသော စစ်ကိုင်းမြို့နယ်အတွင်း ငလျင် ကြောင့် အထိအခိုက်အပျက်အစီးများခဲ့ပြီး စစ်ကိုင်းမြို့ပေါ်တွင် ၈၀ ရာခိုင်နှုန်းခနတ့်ပျက်စီးထားသည် ဟု ပရဟိတအဖွဲ့များက Myanmar Now ကို ပြောထားကြသည်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဧပြီလဆန်းက ထုတ်ပြန်သည့်အချက်အလက် အရ စစ်ကိုင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုစိုးမိုးနယ်မြေ ကျေးရွာ ၄၉ ရွာတွင် ငလျင်ဒဏ်ကြောင့် ၄၇ ဦးသေဆုံးပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၈၀၀ နီးပါး ပျက်စီးခဲ့သည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုး ထား သည့် နယ်မြေများသို့ ကူညီပေးမှုများကို စစ်တပ်က ကန့်သတ်ထားသည့်အပြင် လက်ရှိ တွင်လည်း စစ်ကြောင်း ဝင်နေသည့်အခြေအနေကြောင့် ငလျင်ဘေးအတွက် ကူညီထောက်ပံ့ရေး သွားရန်အခက်ကြုံ နေရသည်ဟု လူမှုကူညီရေးအဖွဲ့များထံက သိရသည်။
“တချို့ရွာတွေကလည်း ငလျင်ဒဏ်ရော စစ်ကြောင်းဒဏ်ရောကြောင့် ရှောင်နေရတယ်၊ ကူညီ ကယ်ဆယ် ရေးအဖွဲ့တွေကလည်း လောလောဆယ် စစ်ကြောင်းရှုပ်နေတာရယ်၊ လေကြောင်းက ဝဲပျံပြီး မထင်ရင် မထင်သလို ဗုံးကြဲတာတွေကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ငလျင်ဒဏ်သင့် ဒေသကို လောလောဆယ် မရောက်နိုင်ဖြစ်နေတာ”ဟု စစ်ကိုင်းတိုင်းတွင် ငလျင်ဘေးသင့်ထောက်ပံ့ကူညီမှုများ လုပ်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဧပြီ ၂ ရက်မှ လကုန်အထိ ယာယီအပစ်ရပ်ကြေညာထားသော်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။
စစ်ကိုင်းမြို့နယ်အတွင်း သာသနာ့နယ်မြေအများစုဖြစ်သော မင်းကွန်းဒေသတွင် မတ်လ တတိယပတ်မှ စတင်ကာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားခဲ့ပြီးနောက် ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှေးဟောင်းအဆောက်အဦ၊ ဘုရားပုထိုးများရှိရာ မင်းကွန်း ဒေသ တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ စစ်ကိုင်းချောင်မှ သာသနာ့ဝန်ထမ်း သီလရှင်၊ သံဃာများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုမင်းကွန်းဒေသနှင့် စစ်ကြောင်းဝင်နေသော ကျောက်ပနန်ရွာနှင့် ၇ မိုင်ကျော်သာကွာဝေးပြီး မြေငလျင် ဗဟိုချက် (စာရေးရွာအနီး)နှင့် ၁၂ မိုင်ခန့်သာ ဝေးသည်။
ငလျင်အကြောင်းပြုပြီးနောက် စစ်တပ်က မင်းကွန်းဒေသတွင် နေရာ ၅ ခုတွင် စစ်တပ်၊ ရဲ၊ ပျူစောထီး အင်အား ၂၀၀ နီးပါးဖြင့် ဖြန့်ကျက် တပ်စွဲနေရာယူထားသည်။
လက်ရှိတွင်လည်း စစ်ကိုင်း-မင်းကွန်းတစ်လျှောက် စစ်ရေးတင်းမာနေကြသဖြင့် စစ်ဘေးနှင့်ငလျင်ဘေး ကြောင့် မင်းကွန်းဒေသခံ ထောင်ချီသည်လည်း နေရပ်စွန့်ခွာနေကြသည်။
စစ်ကောင်စီမှ ဧပြီ ၂၉ ရက်ညနေပိုင်း နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကိုင်း ငလျင်ကြောင့် လူဦးရေ ၃၇၉၈ ဦးသေဆုံးပြီး၊ ၅၁၀၆ ဦး ထိခိုက်ဒဏ်ရာရကာ ၁၀၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
