သတင်း

စစ်ဘေးနှင့်ငလျင်ဘေးကြောင့် မင်းကွန်းဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်ရ

ငလျင်ဒဏ်သင့်ထားသော မင်းကွန်းတွင် ထိတွေ့တိုက်ပွဲတချို့ရှိနေသလို စစ်ကောင်စီကလည်း ငလျင် အကြောင်းပြုကာ အင်အား ၂၀၀ ခန့်ဖြင့် နေရာ ၅ နေရာတွင် တပ်စွဲထားသည်။

ငလျင်ဒဏ်သင့်ထားသော စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် စစ်တပ်နှင့်တော်လှန်ရေး တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဆက်ဖြစ်နေရာ စစ်ရေးတင်းမာနေကြသဖြင့် စစ်ဘေးနှင့်ငလျင်ဘေး ကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာသွားကြသည်ဟု စုံစမ်းသိရှိရသည်။

မကြာသေးခင် ဧပြီ ၂၀ ရက် ညနေက စစ်ကိုင်းမြို့ပေါ် အခမ်းအနားတစ်ခုမှ ပြန်လာသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကားတစ်စီးသည် စစ်ကိုင်း-မင်းကွန်းလမ်း လက်ပံကျေးရွာအနီး အလစ်အငိုက် တိုက်ခိုက်ခံရသည်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ပျူစောထီးအဖွဲ့ ဝင်၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

“အပြန်အလှန်ပစ်ကြတာ ၄၅ မိနစ်လောက်ကြာတယ်။ ကားပေါ်ပါလာတာ ၁၀ဦးလောက်ရှိတယ်ပြောတယ် ။ ၇ ဦး သေတယ်”ဟု စစ်ကိုင်းမြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

မင်းကွန်းဒေသတွင် နာမည်ကျော်သည့် ပျူခေါင်းဆောင်ဘုန်းကြီး ဦးဝေပုလ္လဦးဆောင်သည့် ပျူတပ်ဖွဲ့မှ ပျူခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၄၀ ဝန်းကျင် ကိုနေလင်း(ခ)ရဲဘော်ကြီး ဆိုသူနှင့် ၎င်း၏ အဖွဲ့ဝင် များဖြစ်သည်ဟု သိရသည်။

ထိုသူသည် ဇန်နဝါရီလဆန်းက တော်လှန်ရေးအဖွဲ့တို့၏လက်ချက်ကြောင့် စစ်ကိုင်း-မင်းကွန်းလမ်းပေါ် တွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့် ပျူခေါင်းဆောင် ရွှေကျား(ခေါ်)ကျော်မျိုးထွန်း၏ တပည့် ဖြစ်ပြီး ရွှေကျား ဆိုသူ မရှိသည့်နောက်ပိုင်း ပျူခေါင်းဆောင်ဖြစ်လာသည်ဟု စစ်ကိုင်းဒေသခံများက ဆိုသည်။

“ပျူခေါင်းဆောင်သေတာကတော့ အတည်ပြုတယ်။ ခေါင်းတွေလည်း ဖွာလန်ပြီး လက်တွေလည်း ပြတ် ထွက်ပြီး ကျည် ဆက်တိုက်မှန်ထားတဲ့ပုံစံနဲ့ သေနေတာ။ ကျန်တဲ့ ၆ ဦးကတော့ ခန့်မှန်းပေါ့”ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းကွန်းဒေသတွင် လှုပ်ရှားသည့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ Mingun PDF၊ တိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ် စစ်ကူများ တက်လာသောကြောင့် အလျင်အမြန် ပြန်ဆုတ်သွားကြသည်ဟု သိရသည်။

အဆိုပါ ပျူတပ်ဖွဲ့ကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်တွင် ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့သတင်းတာဝန်ခံက ပြောသည်။

“သူတို့ဘက်က စစ်ကူတွေက တက်လာတာနဲ့ ကျွန်တော်တို့ဘက်က သေနတ်တွေက Error တက်တာနဲ့ အကုန်လုံးကိုတော့ မချေမှုန်းနိုင်လိုက်ဘူး။ ဆုတ်ခဲ့ရတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတွေ ရှိတယ်။ ကားပေါ်ပါလာတာက ၁၀ ဦး။ ၇ ဦး ဆုံးတယ်လို့ ပြန်သိရတယ်”ဟု ၎င်းက ဆက်ပြောသည်။

“နောက်တစ်ရက်နေမှ  (ပစ်ခတ်မှုဖြစ်သည့်နေရာ) နယ်မြေရှင်းလင်းရေးသွားတော့ ကားတစ်စီးနဲ့ သေနတ်နဲ့ ခဲယမ်းတွေ ရတယ်။ ကားကိုတော့ မီးရှို့ပစ်ခဲ့တယ်”

သေဆုံးသွားသည့် ပျူခေါင်းဆောင် ကိုနေလင်းသည် မင်းကွန်းဒေသတွင် ပြည်သူ့နေအိမ်ကို မီးရှို့မှုများ ကျူးလွန်သူဟု ယူနီကွန်းအဖွဲ့က ဆိုသည်။

ငလျင်ဒဏ်သင့် မင်းကွန်းပုထိုးတော်ကြီး။ (ဓာတ်ပုံ- မိုးဦး

ငလျင်ဘေးအပြီး စစ်ကောင်စီက နယ်မြေစိုးမိုးမှုပြန်လည်ရယူ

ယခုနှစ် မတ်၂၀ ရက်နေ့တွင် မင်းကွန်းကျေးရွာ မြသိန်းတန်စေတီအနီး စစ်ကောင်စီတပ်က  အင်အား ၁၀၀ နီးပါးဖြင့် ဖြန့်ကျက်တပ်စွဲခဲ့ရာမှ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ သည်၊ စစ်တပ်ကူများက မင်းဝံတောင်ရိုးအတိုင်းစစ်ကြောင်းထိုး၍တဖုံ၊ ရေကြောင်းနှင့် လေကြောင်းပါ ပူးတွဲ တိုက်ခိုက်ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှေးဟောင်းအဆောက်အဦ၊ ဘုရားပုထိုးများရှိရာ မင်းကွန်းဒေသ တွင်  ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ စစ်ကိုင်းချောင်မှ သီလရှင်၊ သံဃာများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ 

မင်းကွန်းအနီးကျေးရွာများကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ် သည်၊ နေအိမ်များကို မီးရှို့သည်၊ အမျိုးသမီးများကို အဓမ္မကျင့်မှုများလည်းရှိခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

ထို့နောက် မတ်၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီးဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ မြေငလျင်ဒဏ်ကြောင့် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ထိခိုက်သေဆုံးမှုများပြားသည့် နည်းတူ စစ်ကိုင်းမြို့အနီး မန္တလေးမြို့၏အနောက်ဖက် မင်းကွန်းကျေးရွာတွင်လည်း လူအသေအဆုံး အထိအခိုက်များပြားခဲ့ကာ  မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ သည်။

လက်ရှိတွင် ငလျင်ကို အကြောင်းပြုကာ စစ်ကောင်စီတပ်က စစ်သား၊ ရဲ၊ပျူ စုစုပေါင်း အင်အား၂၀၀ ခန့် ကိုမင်းကွန်းရဲစခန်းအပါအဝင် ၅ နေရာဖြန့်ကျက်၍ တပ်စွဲထားသည်။

ထို့ကြောင့် ငလျင်ဘေးအပြင် စစ်ကြောင်းထိုးမှုများပါ ဖြစ်လာနိုင်၍ ဒေသခံများသည် ကြောက်ရွံ့စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု  မင်းကွန်းဒေသတွင် လှုပ်ရှားသည့် ယူနီကွန်းတပ်ဖွဲ့က ဆိုသည်။

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပ ခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီက မင်းကွန်းဒေသရှိ မြသိန်းတန်စေတီနှင့်အနီးတဝိုက်၊ မင်းကွန်းရဲစခန်း တို့တွင် စစ်ကောင်စီက အထိုင်ချတပ်စွဲကာ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်လေ့ရှိသည်။

အဆိုပါငလျင်ဒဏ်အပါအဝင် စစ်ရေးအခြေအနေများကြောင့် မင်းကွန်းဒေသမှ နေရပ်စွန့်ခွာ တိမ်းရှောင် သူ ထောင်နှင့်ချီ၍ရှိနေကြောင်း ဒေသခံများကို ကိုးကား၍သိရသည်။

“လက်ရှိ ငလျင်ဘေးသင့်သူ ဒေသခံ ၃၀၀ ကျော်လောက်ကို ကျွန်တော်တို့တွေ ကယ်တင်ထားတယ်။ ကျွန်တော်တို့ တော်လှန်ရေးနယ်မြေဘက်ထွက်ပြေးလာတဲ့ အရေအတွက်ပေါ့နော်”ဟု ယူနီကွန်းပြောက် ကျားအဖွဲ့ သတင်းတာဝန်ခံက ဆိုသည်။

-မင်းကွန်းဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့များက စားနပ်ရိက္ခာတချို့ ဝေပေးနေသည်ကို ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ယူနီကွန်းပြောက်ကျားတပ်ဖွဲ့) 

ထိုငလျင်ရှောင်ပြည်သူတို့အတွက် စားနပ်ရိက္ခာနှင့်ငွေကြေးထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု များ လုပ်ပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး၂၀၂၂ခုနှစ်နောက်ပိုင်းမှစကာ မင်းကွန်းဒေသ၏နာမည်ကျော် ပုထိုးတော်ကြီးနှင့် မြသိန်း တန်စေတီအနီး တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးနှိပ်စက်လေ့ရှိသည့် စစ်ကောင်စီနှင့်တော်လှန်ရေးအဖွဲ့တို့ အကြားထိတွေ့မှုများ ဖြစ်ပွားလာခဲ့သည်။

ထို့ကြောင့် မင်းကွန်းဒေသသည် ခရီးသွားဧည့်သည်များ မလာရောက်တော့သောကြောင့် ဧည့်သည်များကို မှီတင်း၍ စားဝတ်နေရေး ဖြေရှင်းရသောဒေသခံတို့သည် အလုံးအရင်းဖြင့်စစ်ဘေးတိမ်းရှောင်နေသည်။

မင်းကွန်းဒေသရှိ တိပိဋကနိကာယသာသနာပြုအဖွဲ့ (မိုးမိတ်ကုန်းမြေ)မှ တိပိဋကဖြေဆိုမည့် သံဃာ အပါး ၁၀၀ ကျော်နှင့် သီလရှင်ကျောင်းပေါင်း၄၀ကျော်မှ သီလရှင်အရေအတွက် ၆၀၀ ကျော်၊ ဘုန်းကြီးကျောင်း များမှ သံဃာ ၄၀၀ ကျော်နှင့်ထောင်နှင့်ချီသည့်ဒေသခံအများအပြားသည် ၂၀၂၄ နှစ်ကုန်ပိုင်းမှစကာ တိမ်းရှောင်နေကြရသည်ဟု မင်းကွန်းဒေသခံ အသက် ၅၀ ကျော် နာမည်ကျော်လက်မှုပညာရှင်တစ်ဦးက Myanmar Now ကို မတ်လနှောင်းပိုင်းက ပြောထားသည်။

စစ်ကောင်စီ၏ ဧပြီ ၂၃ ရက်အထိ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုတွင် သေဆုံးသူ ၃၇၅၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၇ ဦး နှင့် ပျောက်ဆုံးသူ ၁၁၄ ဦး ရှိပြီဖြစ်သည်။ 

စစ်ကောင်စီသည် မတ် ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်  ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ် ရပ်စဲခဲ့ သလို ၂၂ မှ လကုန်အထိ ထပ်မံတိုးမြှင့်ထားသည်။

သို့သော်လည်း ငလျင်ဖြစ်ချိန်မှ ယနေ့အချိန်အထိ စစ်ကောင်စီက လေကြောင်းမှ အရှိန်မြှင့်တိုက်ခိုက်နေ၍ သေဆုံးသူ ၅ ဒါဇင်ထက်မနည်း ရှိနေပြီ ဖြစ်သည်။ 

Related Articles

Back to top button