
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ယမန်နေ့ (မတ် ၂၉) က ပြည်သူ ၄ ဦး ကျဆုံးခဲ့သည်။
နံနက်ပိုင်း ပစ်ခတ်ဖြိုခွင်းချိန်တွင် ဆန္ဒပြပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားသည်။
လူနေရပ်ကွက်များအတွင်း လိုက်လံပစ်ခတ်စဉ် အသက် ၂၁ နှစ်အရွယ် ကိုဝေလွင်ဦးမှာလည်း ဝမ်းဗိုက် ကျည်ထိမှန်ခဲ့သည်။
ယနေ့ မတ် ၃၀ နံနက် ၆ နာရီခန့်တွင် ကိုဝေလွင်ဦး သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးနှင့် ကယ်ဆယ်ရေးသမားတစ်ဦးက အတည်ပြုသည်။
“အိမ်တွေထဲလည်း ပစ်တယ်။ လမ်းပေါ် အရိပ်မြင်တာနဲ့ ပစ်ပါတယ်။ လမ်းပေါ်က ခွေးလေးတွေကအစ မနေ့က ပစ်တာ”ဟု ကိုဝေလွင်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ပစ်ခတ်ဖြိုခွင်းနေစဉ် ခြေထောက်တွင် ကျည်ထိမှန်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် ကိုကျော်မင်းဇင်သည် ဖမ်းဆီးရိုက်နှက်ခံရပြီးနောက် သေနတ်ဖြင့် ၆ ချက်တိတိ ထပ်မံ ပစ်ခတ်ခံရကြောင်း၊ ၎င်း၏ ခြေသလုံး၊ ခြေဖဝါးတို့ကိုလည်း ဓားချက်ပေါင်းများစွာ မွှန်းထားသည့် ဒဏ်ရာများတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသည့် အခြားနှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ကိုသူထူးစံနှင့် ရင်ဘတ်တွင် ကျည်ထိမှန်ခဲ့သော ဇော်လင်းထွန်းတို့ ဖြစ်သည်။
လှည့်လှည်ပစ်ခတ်သူများထဲတွင် တချို့က အရပ်ဝတ် ဝတ်ထားကြသည်။
စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် ဒေသအသီးသီးတွင် လူတစ်ရာကျော်သေဆုံးခဲ့သည့် ဖက်ဆစ်တော်လှန်ရေးနေ့ မတ် ၂၇ က မြင်းခြံပြည်သူ ၅ ဦး ကျဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့သည်။
မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူထုကို စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် မတ် ၃ မှ မတ် ၂၉ အတွင်း ကျဆုံးသူ ၁၉ ဦး၏ အမည်များကို Myanmar Now က ရရှိထားသည်။
ယမန်နေ့က ညပိုင်းအထိ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မတ် ၃၀ နံနက်ပိုင်းတွင်မူ အခြေအနေတည်ငြိမ်နေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၂၉ အထိ စာရင်းများအရ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၅၁၀ ဦး ရှိခဲ့ပြီ ဖြစ်သည်။
မြင်းခြံမြို့ ပစ်ခတ်မှုနှင့် အခြားမြို့အသီးသီးရှိ လတ်တလော ပစ်ခတ်သတ်ဖြတ်နေမှုများကို စစ်ကောင်စီက ဖြေရှင်းခြင်း မပြုသေးပေ။
လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု အာဏာသိမ်းပြီး ၁၆ ရက်မြောက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။ ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။