ဆောင်းပါးသတင်း

စစ်ကိုင်းတောင်ရိုးက ခေတ်သစ် ပဋာစာရီ 

ငလျင်ကြောင့် သီလရှင်စာသင်တိုက်ပြိုကျမှုတစ်ခုတွင် အသက် ၇ နှစ်နှင့် ၁၇ နှစ်ကြား သီလရှင် ၁၄ ပါး အသက်ဆုံးရှုံးသွားရသဖြင့် ၎င်းတို့၏အကြီးအကဲ သီလရှင်တစ်ပါးမှာ ဖြေမဆည်နိုင် ဖြစ်နေရသည်။

စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ သီလရှင်   ၅၆ ပါး သီတင်းသုံးနေထိုင်ခဲ့သည့် သုတေသက သီလရှင်စာသင်တိုက် တည်ရှိသည့် နေရာသည် လူသူ အရိပ်အယောင် မမြင်ရဘဲ ရှင်းလင်းတိတ်ဆိတ်နေသည်။ 

ကြေမွပျက်စီးနေသည့် အုတ်ခဲကျိုးများကြား တစွန်းတစ ထွက်ပေါ်နေသည့်   ပန်းနုရောင် သင်္ကန်းအပိုင်းအစများ၊ တစ်ပိုင်းတစ်စ ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောင်းသုံး ဖတ်စာအုပ်များအကြား ခွေးလေခွေးလွင့်များက အစာရှာနေသည်။ 

အဆောက်အအုံပျက်ရှေ့ ယာယီ ရွက်ဖျင်တဲတွင်  ရွှေကိုင်းတပ် မျက်မှန် နှင့် ပန်းနုရောင်သင်္ကန်းကို ဝတ်ဆင်ထားသည့်  အသားဖြူဖြူ သီလရှင် တစ်ပါး အဆောက်အအုံပျက်ကို ငေးမောရင်း ပူဆွေးသောက ရောက်နေသည်မှာ ၁ လ နီးပါး ကြာမြင့် နေပြီဖြစ်သည်။ 

မတ် ၂၈ က လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒဿမ ၇ ပြင်းအားရှိသည့် မြေငလျင်ဒဏ်ကြောင့် ထိုစာသင်တိုက်၏ ၂ ထပ် စာသင်ကျောင်းဆောင် တစ်ခုလုံး ပြိုကျပျက်စီးပြီး သီလရှင် ဆရာလေး ၁၄ ပါး ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ 

ထိုအဆောက်အအုံပျက် ရှေ့တွင် သီတင်းသုံးနေသူမှာ ထိုစာသင်တိုက်၏ တိုက်အုပ်ဆရာလေးဖြစ်ပြီး  ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်ရှိ မဏိရတနာသီလရှင် စာသင်တိုက်တွင် သာသနဓဇ ဓမ္မာစရိယနှင့် ဝိနယဝိဒူ စာမေးပွဲ များ ဖြေဆိုအောင်မြင်ခဲ့သည့်  သက်တော် ၄၈နှစ်၊ ဝါတော် ၃၆ ဝါရှိ သီလရှင် ဒေါ်သဉ္ဇာရီ ဖြစ်သည်။ 

မြေငလျင်လှုပ်သည့်နေ့က နှစ်ထပ်ကျောင်းဆောင်ပြိုကျပြီးနောက် အဆောက်အအုံပျက်ကြား ပိတ်မိနေသည့် သီလရှင်ဆရာလေး ၁၄ ပါး သူ့ကို တိုင်တည်ရင်း အော်ဟစ် ငိုကြွေး နေကြသံကို  ညစဉ် ကြားနေမိသည်။ 

“ငလျင်လှုပ်တဲ့ အချိန်မှာ သူတို့တွေက ဆရာလေးရဲ့ ဘွဲ့ကိုခေါ်ပြီး ‘ဆရာကြီး ကယ်ပေးဦး၊ ကယ် ပေးဦး၊ တပည့်တော်တို့ ကြောက်တယ် ဘုရား’ တဲ့။ အဲဒီလိုမျိုး အော်ဟစ် အကူအညီ တောင်း နေကြတာ” ဟု  ဆရာလေးက ငိုကြွေးရင်း ပြောသည်။ 

အဆောက်အအုံ အပြို အပျက်ကြားမှ  သီလရှင် ၂ ပါးကိုသာ ကယ်ဆယ်နိုင်ခဲ့သည်။ 

“ကယ်ဆယ်ရေးတွေက စောစောလေး လာကယ်နိုင်မယ်ဆိုရင် သူတို့တွေရဲ့ အသက်က ရှင်ရင် ရှင်နိုင်မှာပေါ့။ ၁၄ ပါးလုံး မဟုတ်ဘူး ဆိုရင်တောင်မှ သုံး၊ လေး၊ ငါးပါးကတော့ အသက်ရှင်လျက် ပြန်ရနိုင်လိမ့်မယ်လို့ ထင်တယ်” ဟု ဆရာလေးက မျက်ရည်သုတ်ရင်း ဆက်ပြော သည်။

မြေငလျင်မတိုင်မီက သီလရှင် ဆရာလေးများကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

စစ်ကိုင်းတောင်ရိုး ကမ္ဘာပျက်သည့်နေ့ 

မြန်မာမင်းဆက်၏ နောက်ဆုံးထီးနန်းစိုက်ရာ မန္တလေးနေပြည်တော် တစ်ဖက်ကမ်းရှိ စစ်ကိုင်း တောင်ရိုးနှင့် မင်းဝံတောင်ရိုးတို့မှာ ဗုဒ္ဓဘာသာ စေတီ ပုထိုးနှင့် ကျောင်းသင်္ကန်းများ လက်ညိုးထိုး မလွဲ တည်ရှိနေသည့် သာသနာ့နယ်မြေ တစ်ခုဖြစ်သည်။ 

ဆိတ်ငြိမ်အေးချမ်းသည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ငေးကြည့်ပါက တောင်ရိုး တလျှောက် ရစ်ခွေစီးဆင်းနေသည့် ဧရာဝတီမြစ်နှင့် မန္တလေးမြို့တို့၏ အလှကို ရင်သပ်ရှုမော ဖွယ်ရာ မြင်တွေ့ရမည်ဖြစ်သည်။ 

ထိုသို့ စေတီပုထိုးများ၊ ကျောင်းသင်္ခန်းများ၊ သာသနိကအဆောက်အဦများ၊ သဘာဝအလှတရား များနှင့် ပြည့်နှက်နေသည့် စစ်ကိုင်းတောင်ရိုး၏အောက်တွင်  နိုင်ငံ၏ အကြီးမားဆုံး စစ်ကိုင်းပြတ်ရွေ့ကြောကြီး တည်ရှိနေသည်မှာ ထိုဒေသ၏ ကံကြမ္မာဆိုးတစ်ခုပင်ဖြစ်သည်။ 

မြေငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးနှင့်မင်းဝံတောင်ရိုးရှိ ဘုန်းကြီးကျောင်းနှင့်သီလရှင် ကျောင်းပေါင်း ၂၀၀၀ ကျော် ပြိုကျပျက်စီးသွားခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) က ဧပြီ လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။ 

ထို သာသနိက အဆောက်အအုံ ၂၀၀၀ ကျော်တွင် စစ်ကိုင်းတောင်ရိုးမှ ဘုန်းကြီးကျောင်း ၅၀၁ ကျောင်း၊ သီလရှင်ကျောင်း  ၂၅၄ ကျောင်းလည်း ပါဝင်သည်။ 

စစ်ကိုင်တောင်ရိုးတွင် ဘုန်းတော်ကြီး ၄၉ ပါး၊ သီလရှင် ဆရာလေး၄၉ ပါး၊ စစ်ရှောင် ၅၉ ဦး ငလျင်ကြောင့် အသက်ဆုံးရှုံးကြရသည်။ 

သုတေသကတိုက်မှ  ဆရာလေး ၁၄ ပါးမှာ ဗုဒ္ဓစာပေ လေ့လာဆည်းပူးနေကြသူများဖြစ်ပြီး အသက် အကြီးဆုံး မှာ ၁၇ နှစ်အရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ ၇ နှစ် အရွယ်သာရှိသေးသည်။  

မြေငလျင် လှုပ်ခတ်သည့် မတ် ၂၈ နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က သီလရှင် ၃ ပါးမှာ အသစ်ဆောက်လုပ်ထားသည့် လေးထပ်ကျောင်းဆောင်တွင် ရှိနေကြသည်။ 

ပျံလွန်တော်မူသွားသည့် သီလရှင် ဆရာလေး ၁၄ ပါးအပါအဝင် ကျန်ရှိသည့် သီလရှင် ဆရာလေးများမှာ နှစ်ထပ်ကျောင်းဆောင်တွင် ဗုဒ္ဓစာပေများ လေ့လာဆည်းပူး နေချိန်ဖြစ်သည်။ 

ပထမအကြိမ် မြေငလျင်လှုပ်ခတ်ပြီးနောက်  သီလရှင် ၃၆ ပါး လွတ်မြောက်လာခဲ့သည်။ 

ဒုတိယအကြိမ် မြေငလျင် လှုပ်ခတ်ပြီးနောက် နှစ်ထပ်ကျောင်းဆောင် ထပ်မံပြိုကျသည့် အချိန်တွင် ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းနေသည့် သီလရှင် ဆရာလေး ၁၆ ပါးမှာ ပြိုကျလာသည့် အဆောက်အအုံတွင် ပိတ်မိသွားခြင်းဖြစ်သည်။

မြေငလျင်ဒဏ်ကြောင့် ပြိုကျနေသည့် သုတေသက သီလရှင် စာသင်တိုက်။ (ဓာတ်ပုံ – ပေးပို့) 

ထိုနေ့ ညနေ ၅ နာရီခန့်တွင် ကယ်ဆယ်ရေး အဖွဲ့အဝင်များ ရောက်ရှိလာပြီး ကယ်ဆယ်ကြရာ သီလရှင်   ၂ ပါးကိုသာ ကယ်တင်နိုင်ခဲ့သည်။ 

ပျံလွန်သွားသူတို့မှာ မစန္ဒာ၊ မခေမာသီရိ၊ မသီလ၊ မဩသဓ၊ မယုသိင်္ဂီ၊ မယုဇန၊ မသုနန္ဒီ၊ မသုစန္ဒာ၊ မဧသုဝတီ၊ မသုတဝတီ၊ မဧစာရီ၊ မက္ကုန္ဒစာရီ၊ မယုနန္ဒာ၊ မဧနန္ဒာတို့ဖြစ်သည်။  

ကယ်ဆယ်နိုင်ခဲ့ကြသည်မှာ   ထိုစာသင်တိုက်၏ စာချဆရာကြီး အသက် ၅၃ နှစ်အရွယ် ဒေါ်က္ကန္ဒဉာဏီ၊  အသက် ၁၂ နှစ် အရွယ်  မဧသိင်္ဂီတို့ ဖြစ်သည်။ 

ပြိုကျလာသည့် ကွန်ကရစ်တိုင်များကြောင့် စာချဆရာကြီး ဒေါ်က္ကန္ဒဉာဏီ ခြေထောက်တွင်  ဒဏ်ရာရရှိခဲ့ပြီး   မဧသိင်္ဂီမှာ သံချွန်က  ခြေထောက်ကို ထုတ်ချင်းဖောက် ဝင်ရောက်သွားသဖြင့် ခြေတစ်ဘက် ဖြတ်တောက်ခံလိုက်ရသည်။ 

မြေငလျင်လှုပ်ပြီး ၁ နာရီခန့်အကြာတွင်သာ ကယ်ဆယ်ရေးသမားများရောက်ရှိလာပါက သီလရှင် ဆရာလေးများ အသက်ရှင်နေဦးမည်၊ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် ဝေဒနာခံစားရင်း ပဋ္ဌာန်းရွတ်ဖတ်နေသည့်  သီလရှင်ဆရာလေးတို့၏ ပဋ္ဌာန်းရွတ်ဆိုသံကို ကြားယောင်နေသည်ဟု ဒေါ်သဉ္ဇာရီက ပြောသည်။ 

“သူတို့ အော်နေတဲ့ အသံတွေလည်း ကြားနေတယ်။ အခု ခြေထောက် ဖြတ်လိုက်ရတဲ့ ဆရာလေး ကလည်း ပြောတယ်၊ အသက် ဆုံးရှုံးသွားတဲ့ ဆရာလေး တစ်ပါးက သူ့လက်လေးကို ကိုင်ပြီး သူ့ကို မထားခဲ့နဲ့ ခေါ်သွားဦးနော်လို့ ပြောတယ်တဲ့” ဟုသူက တုန်ရီနေသည့် အသံဖြင့် ပြောသည်။ 

မြေငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူသွားသည့် ရဟန်းတစ်ပါး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်နေချိန်။ (ဓာတ်ပုံ – ကံကောင်း)

ဖိနှိပ်ခွဲခြားမှုများကြားက သီလရှင်တို့ဘဝ 

၁၃ ရာစုနှောင်းပိုင်းတွင် မွန်ဂို-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်  ဗုဒ္ဓမြတ်စွာဘုရား လက်ထက် ကတည်း က တည်ရှိခဲ့သည့် ဘိက္ခုနီသာသနာသည် ပုဂံခေတ်နှင့်အတူ မြန်မာပြည်တွင် ပျက်သုဉ်း သွားခဲ့သည်။ 

ထို့ကြောင့် မြန်မာအမျိုးသမီးများသည် မြင့်မြတ်သည့် ရဟန်း ဘဝကို ခံယူခွင့်မရတော့ဘဲ ရှင်သာမဏေများ ကဲ့သို့ ဆယ်ပါးသီလကို ဆောက်တည်ရ သည့် သီလရှင်ဘဝကို ခံယူလာကြရသည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင် ဘိက္ခုနီသာသနာကို ထောက်ခံသည့် သံဃာတော် အများအပြား ပေါ်ပေါက်ခဲ့ပြီး ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်ရှိ အာဒိစ္စဝံသကျောင်းတိုက် ကျောင်းထိုင် ဆရာ​တော် အရှင်အာဒိစ္စဝံသမှာ ထင်ရှားသည်။ 

၁၉၃၅ တွင် အရှင်အာဒိစ္စဝံသက ဘိက္ခုနီသာသနောပဒေသကျမ်းကို ရေးသားခဲ့သည်။ 

“ဗုဒ္ဓ သာသနာတော်မြတ်ကြီး၏ အခြေတည် လေးမျိုးရှိသည့် အနက် သာသနာဝင် သာသနာဆက် ရှေးသူဟောင်းတို့၏ နှုတ်မြွက်ကို ကြည့်ရှုရခြင်းအားဖြင့် သာသနာတော် ၇-ရာခန့် အထိ ဘိက္ခုနီခေါ် ရဟန်းမများတည်နေခဲ့သည်”ဟု အရှင်အာဒိစ္စဝံသက ရေးသားခဲ့သည်။ 

ထိုကျမ်း ထွက်ပေါ်ပြီးနောက်တွင် ဘိက္ခုနီ သာသနာကို ဖော်ထုတ်သင့်၊ မသင့် အငြင်းပွားမှုများ သံဃာထုအကြား ဖြစ်ပွားခဲ့ပြီး အရှင် အာဒိစ္စဝံသမှာ ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံတို့ဖြင့် အရေးယူခံခဲ့ရသည်။  

ထို့နောက် ဘိက္ခုနီ သာသနာနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများ ဆိတ်သုဉ်းသွားခဲ့သည်။ 

၂၀၀၃ ခုနှစ်က သီရိလင်္ကာနိုင်ငံတွင် ဘိက္ခုနီပြုခဲ့ကြသည့် မြန်မာသီလရှင် နှစ်ပါး ဖြစ်သည့် အရှင်မ စကြဝတီ နှင့် အရှင်မ ဂုဏဝတီတို့မှာ ထင်ရှားသည်။ 

အရှင်မ စကြဝတီမှာ ၂၀၀၅ ခုနှစ်က ရန်ကုန်တွင် သူ၏ ဖခမည်းတော်ကို လာတွေ့စဉ် သံဃာ အယောင် ဆောင်မှုဖြင့် ဖမ်းဆီးခံ ခဲ့ရပြီးနောက် ၃ လနီးပါး အကျဉ်းကျခံခဲ့ရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။ 

အမေရိကန် နိုင်ငံတွင် သီတင်းသုံးနေထိုင်သည့် အရှင် ဂုဏဝတီမှာ ၂၀၁၉ ခုနှစ် သက်တော် ၉၅ နှစ်အရွယ်တွင်  ရန်ကုန်မြို့ နီပေါ-မြန်မာ ဝိဟာရ ကျောင်းတိုက်၌ ပျံလွန်တော်မူသွားသည်ဟု BBC မြန်မာပိုင်းက ရေးသားသည့် “ မြန်မာပြည်က မသိတဲ့ အမေရိကန်က မြန်မာဘိက္ခုနီ” ဆောင်းပါးတွင် ဖော်ပြထားသည်။

ဩစတြေးလျား နိုင်ငံတွင် သီတင်းသုံးနေထိုင်သည့် ဘိက္ခုနီ/ရဟန်းမများ။  (ဓာတ်ပုံ Sakyadhita Australia Association of Buddhist Women)

မြေငလျင်ဘေး  ကူညီကယ်ဆယ်ရေး ဆောင်ရွက် ရသည့်အခါတွင် မြင့်မြတ်သည့် ရဟန်းဘဝကို မရရှိသည့် သီလရှင် ဆရာလေးများသည်  ဒုတိယ ဦးစားပေးအဆင့်တွင်သာ ရှိနေသည်။ 

ပြိုကျနေသည့် သီလရှင် ကျောင်းတိုက်များပြုပြင်ရန်၊ ဒဏ်ရာရ သီလရှင်များကို ဆေးဝါးကုသရန် အကူအညီများစွာလိုအပ်နေသေးသည်၊ သက်ဆိုင်ရာ ဘုန်းတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက် နေရသည်ဟု သိရသည်။ 

အသက် ၁၂ နှစ် အရွယ်တွင် လူဝတ်ကြောင်ကို စွန့်လွှတ်ခဲ့သူ ဒေါ်သစ္စဝတီမှာ  သကျသဟ ဓမ္မစရိ ဘွဲ့ကို ရရှိခဲ့ပြီး  သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓစာပေ သွားရောက်သင်ယူကာ  MA (Buddhism)  ဘွဲ့ ရရှိထားသူဖြစ်သည်။ 

“ရိုးရာ ဓလေ့ကြောင့်မိုလို့  ပုံစံသွင်းခံထားရတာ။ အဲဒီ ပုံစံရယ်၊ ဘောင်ရယ်ကြားထဲကနေ ကျော်လို့ မရတာတွေ ရှိတယ်။ ဘောင်ထဲကနေ ထွက်လို့မရတဲ့ဟာတွေရှိတယ်။ အခု ဆရာလေးတို့လည်း ဘောင်ထဲမှာပဲ နေနေရတာပဲ” ဟု ဒေါ်သစ္စဝတီက ပြောသည်။ 

“ဘောင်ကိုတော့ ကျော်ချင်တယ်၊ ဘောင်ကိုကျော်သင့်တယ် ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဘောင်ကို ကျော်လို့ မရသေးဘူး”

စစ်ဘေးနှင့်ငလျင်ဘေးကြားက ပရဟိတ သီလရှင်

စစ်ကိုင်းတောင်ရိုးရှိ သီလရှင်ကျောင်းတိုက်များကို အုပ်စု ၁၁ စု ခွဲခြားထားပြီး ဗုဒ္ဓစာပေ ဆည်းပူးနေသူများ၊ တရား ဘာဝနာ အားထုတ်နေသူများ၊ အစိုးရ ပညာရေး စာမေးပွဲများ ဖြေဆိုနိုင်ရန် သီလရှင်ဝတ်ဖြင့် ကြိုးစားနေသူများ နေထိုင်ကြသည်။ 

ထိုအုပ်စု ၁၁ စုတွင် နေထိုင်သည့် သီလရှင်ကျောင်းများကို အုပ်စုခေါင်းဆောင် သီလရှင်ဆရာကြီး များက လှူရေး၊ တန်းရေး၊ နေထိုင်ရေးမှစကာ သံဃာတော်များ၏ ဩဝါဒနှင့် အညီ ကွပ်ကဲ အုပ်ချုပ်ရသည်။ 

မင်းဝံတောင်ရိုးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန် လာ၍ စစ်ကိုင်းတောင်ရိုးသို့ တိမ်းရှောင်လာသူများထဲတွင် ဆရာလေး ဒေါ်ဧစာရီ (အမည်လွှဲ) သည်လည်း တစ်ပါး အပါအဝင်ဖြစ်သည်။ 

မတ် ၂၈ မြေငလျင်လှုပ်ခတ်ပြီးနောက် ဒေါ်ဧစာရီ ခေတ္တသီတင်းသုံးနေထိုင်သည့် ကျောင်းမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်၊ သူကိုယ်တိုင်လည်း မန္တလေးသို့ ခေတ္တသွားပြီး ငလျင်ဒဏ်သင့် သီလရှင်များကို ပြန်လည်ကူညီပေးနေသည်။ 

မြေငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် သုတေသက သီလရှင်ကျောင်း။ (ဓာတ်ပုံ – ပေးပို့) 

စစ်ကိုင်းနှင့်မင်းဝံတောင်ရိုးတို့တွင် ပြိုကျပျက်စီးသွားသည့် သီလရှင်ကျောင်းများကို စာရင်း ကောက်ယူနေပြီး သီလရှင် ဆရာလေးများ ခေတ္တသီတင်းသုံးနေထိုင်နိုင်မည့် ယာယီတဲများ ဆောက်လုပ်နိုင်ရန် အကူအညီပေးနေသည်ဟု သက်တော် ၃၈ နှစ်အရွယ် ဒေါ်ဧစာရီက ပြောသည်။ 

“အဓိကလိုအပ်ချက်ကတော့ အရေးပေါ် တဲတွေ လုပ်ပေးနေရတာ အဲဒါက ပထမအဆင့်။ နေစရာ လုံးဝမရှိတဲ့သူတွေအတွက် အရေးပေါ် တဲဆောက်ပြီးနေရတယ်။ ဒုတိယ တစ်ဆင့်အနေနဲ့ သူတို့ရဲ့ တိုက်တွေ ဖြိုဖို့အတွက် ဖြိုစရိတ်၊ ရှင်းစရိတ်လိုတယ်။ တတိယ အဆင့်ကတော့ ပြန်ပြီးတော့ တည်ဆောက်ဖို့အတွက် လိုအပ်တယ်။ အဲဒီ အဆင့် သုံးဆင့်နဲ့ သွားနေရတာပါပဲ” ဟု သူက ပြောသည်။ 

သူတို့၏ လေးထပ်​ကျောင်းဆောင် ယိုင်နဲ့သွားပြီး နှစ်ထပ်ကျောင်းဆောင်က လုံးဝ ပြိုကျပျက်စီးသွားရာ ပြုပြင်ရမည့် စရိတ်နှင့် တည်ဆောက်ရမည့် ကုန်ကျစရိတ်များမှာ  ဆရာလေး ဒေါ်သဉ္ဇာရီအတွက် တစ်ပူပေါ် နှစ်ပူဆင့်ခံစားနေရသည့် ပူပင်မှုများဖြစ်သည်။ 

သီလရှင်များမှာလည်း နီးစပ်ရာ ဒကာ၊ ဒကာမများ၏ အိမ်တွင် ခေတ္တသီတင်းသုံးနေထိုင်ကြရသည်၊ ထို့ကြောင့် မြေငလျင်မှာ ဆရာလေး ဒေါ်သဉ္ဇာရီ အတွက် သေကွဲရော၊ ရှင်ကွဲပါ ကြုံတွေ့နေရသည့် သဘာဝဘေးကြီး ဖြစ်နေသည်။ 

လေးထပ်ကျောင်းဆောင်ကို ပြင်ဆင်နိုင်ရန်နှင့် ပြိုကျနေသည့် နှစ်ထပ် ကျောင်းဆောင်ကို ရှင်းလင်း ရန်မှာ သိန်းရာချီကုန်ကျမည်။ ထိုနေရာတွင်လည်း မနေထိုင်ချင်တော့သလို ပြန်လည် နေထိုင်ရမည် ကိုလည်း ကြောက်ရွံ့နေမိသည်ဟု ပြိုကျပျက်စီးနေသည့် သီလရှင် စာသင်တိုက်ကို ငေးမောရင်း ဒေါ်သဉ္ဇာရီက ပြောသည်။ 

“ဒီ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးတာကို ဆရာလေးဘာမှ မဖြစ်ဘူး။ မျက်ရည်တစ်ပေါက်မကျဘူး။ ဒါက ဆုံးရှုံးသွားပါပြီလား ဆိုပြီး မျက်ရည် တစ်ပေါက်မကျဘူး။ ဆရာလေး ကလေးတွေ အကြောင်း ပြောရင် ဆရာလေးက မခံနိုင်ဘူး။ ခံနိုင်ရည် မရှိဘူး” ဟု ပြောရင်း ထပ်မံ ငိုကြွေးပြန်သည်။ 

ထို့ပြင် လက်ရှိကြုံတွေ့နေရသည့် သူ့ဘဝကို ကျမ်းဂန်များတွင် ပါဝင်သည့် လင်သေ၊ သားဆုံးကာ ရူးနှမ်းသွားချိန် ဗုဒ္ဓနှင့် တွေ့ပြီးနောက် ဘိက္ခုနီဖြစ်ကာ တရားရှာဖွေတွေ့ခဲ့သူ ပဋာစာရီ ထေရ်ရီမ၏ ဘဝနှင့်ခိုင်းနှိုင်းရင်း ဒေါ်သဉ္ဇာရီက ဆက်ပြောသည်။ 
“ပဋာစာရီ အကြောင်းက ဆရာလေးတို့က ကျက်လည်းကျက်ရတယ်။ ဖတ်လည်းဖတ်ရတယ်။ ဖြေလည်း ဖြေရတယ်။ ဆရာလေးလည်းအခု  သူ့လိုမျိုးပဲ” ဟု ကျလာသည့် မျက်ရည်များကို ယောဂီရောင် ပခုံးတင်ဖြင့် သုတ်ရင်း ဆရာလေး ဒေါ်သဉ္ဇာရီက ပြောလိုက်သည်။

Related Articles

Back to top button